မန်းတက္ကသိုလ် ဆရာကြီး ဦးဆန်းထွန်း ကိုယ်ရေးအကျဉ်း
....................................................................
ဆန်းထွန်း (မန်း-တက္ကသိုလ်) အမည်ဖြင့် စာအုပ်စာပေများစွာကို ရေးသားခဲ့သော မြန်မာစာဖွဲ့ဝင် စာရေးဆရာကြီးဦးဆန်းထွန်းကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ သနွံသနော့ရွာ တစ်ဘက်ကမ်း၊ အိမ်ခြေတစ်အိမ်တည်းသာရှိသော ကျုံးကဒူးရွာ၌ ၁၉၁၅-ခုနှစ်၊ ဧပြီလ-၆ရက်၊ အင်္ဂါနေ့တွင်၊ အဖ ဦးဘိုးထွန်းနှင့် အမိဒေါ်မြခင်တို့က မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်တွင် အကြီးဆုံးဖြစ်ပြီး ငယ်မည်မှာ မောင်ပုလေး ဖြစ်သည်။
ကျောင်းပညာကို သနွံသနော့ရွာ၊ မူလတန်းကျောင်း၌ စတင်သင်ကြားခဲ့သည်။ သတ္တမတန်း အရောက်တွင် ဘုန်းတော်ကြီးသို့ ပြောင်း၍ သဒ္ဒါသင်္ဂြိုဟ် စသော လောကုတ္တရာစာပေများကို သင်ကြားခဲ့သည်။ ၁၉၂၈-ခုနှစ်တွင် ရှင်ဇနိန္ဒဟူသော ဘွဲ့အမည်ဖြင့် သာမဏေပြုခဲ့သည်။ ၁၉၃၅-ခုနှစ်တွင် အင်္ဂပူမြို့ ရွှေဘုံသာကျောင်း၌ အရှင်ဉာဏိဿ ဘွဲ့အမည်ဖြင့် ပဉ္စင်းခံခဲ့သည်။
ထို့နောက် ပထမပြန်ဆရာတော် ရှင်တေဇောသာရ (ဆရာကြီး ဒဂုန်ဦးထွန်းမြင့်) ထံတွင် လောကုတ္တရာ စာပေများကို ဆက်လက်သင်ကြား၍ ပထမပြန် စာမေးပွဲများကို ဖြေဆိုခဲ့သည်။ ၁၉၃၆-ခုနှစ်တွင် ပထမကြီးတန်းကိုအောင်ခဲ့သည်။ ထိုအချိန်မှာပင် ကြီးပွားရေး မဂ္ဂဇင်း၌ ကဗျာများ. စာများ စတင်ရေးသားခဲ့သည်။ စတင်ရေးသားခဲ့သော စာမှာ "သေချိန်တန်သေ" ဖြစ်သည်။
၁၉၃၇-ခုနှစ်တွင် မန္တလေးသို့ ရောက်ရှိခဲ့ပြီး အကျော်အမော် ဆရာတော်ကြီးများ ဖြစ်ကြသော အဘိဓဇမဟာရဋ္ဌရု ညောင်ရမ်းဆရာတော်၊ ဟံသာဝတီဆရာတော်၊ ခင်မကန်တိုက် သူဌေးဆရာတော်၊ ဘုရားကြီးတိုက်ဆရာတော်၊ မိုးကောင်းတိုက် စာချဆရာတော် ဦးပညာတို့ထံ၌ တပည့်ခံ၍ ပါဠိဘာသာနှင့် ဗုဒ္ဓစာပေများကို ဆက်လက်သင်ကြား ဆည်းပူးခဲ့သည်။ တဖက်မှလည်း မြန်မာစာပေ ပျို့ကဗျာများကို လေ့လာလိုက်စားခဲ့သည်။
ဦးဆန်းထွန်းသည် သန်လျင် ဘီအိုစီ ဓာတုဗေဒဆရာကြီး ဦးမောင်မောင်ထံတွင်လည်း အင်္ဂလိပ်စာ သင်ခဲ့ပါသည်။ ထို့အပြင် ဂျပန်ခေတ်တွင် ဦးသောမဒတ္တ (မြန်မာစာအဖွဲ့ဝင် စာရေးဆရာကြီး ဦးသော်ဇင်) အထံ၌ လည်း ဟိန္ဒီ. ဘင်္ဂါလီနှင့် သက္ကတဘာသာတို့ကို လေ့လာဆည်းပူးခဲ့သည်။
၁၉၄၀-ပြည့်တွင် ရွှေပြည်တော်သတင်းစာ၌ အရှင်ဉာဏိဿရ (ကာဝီယဝါစီ) အမည်ဖြင့် ကဗျာများကို အပတ်စဉ် ရေးသားခဲ့သည်။ ထိုအချိန်တွင် အရှင်ဉာဏိဿရသည် ရန်ကုန်မြို့၊ မင်္ဂလာရာမတိုက်၌ စာချဘုန်းကြီးအဖြစ် ဆောင်ရွက်လျက်ရှိပြီး စာချရင်း တဖက်မှ အရှင်အာဒိစ္စဝံသ (ဦးအောင်မြတ်ထွတ်) အထံတွင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို လေ့လာသင်ယူခဲ့ပြန်သည်။
၁၉၄၉-ခုနှစ်တွင် အိန္ဒိယနိုင်ငံ သျှန္တိနိကေတန် တက္ကသိုလ်၌ ဟိန္ဒီဘာသာ.အင်္ဂလိပ်ဘာသာ. တိဗက်ဘာသာ. ပြာကရစ်ဘာသာများကို ၂-နှစ်ကြာ ဆက်လက်လေ့လာသည်။ ဟိန္ဒူစာရေးဆရာကြီး ရာဟုလာသံကိစ္စည်းထံတွင် အယူအဆ နည်းနာနိဿယများကို့လာမှတ်သားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ၁၉၅၁-ခုနှစ်တွင် လူဝတ်လဲခဲ့သည်။ လူထုဂျာနယ်၌ အယ်ဒီတာအဖြစ် ၂-နှစ်ခန့် လုပ်ကိုင်၍ ထိုဂျာနယ်တွင် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့သည်။
၁၉၅၃-ခုနှစ်တွင် ဒေါ်မမကြီးနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် မန္တလေးတက္ကသိုလ် မြန်မာစာဌာန၌ နည်းပြဆရာအဖြစ် စတင်အမှုထမ်းခဲ့သည်။ ထိုအချိန်တွင် ဆန်းထွန်း (မန်း-တက္ကသိုလ်) ကလောင်အမည်နှင့် မဂ္ဂဇင်း ဂျာနယ်များတွင် ကဗျာဆောင်းပါးများကို ရေးသားခဲ့သည်။
၁၉၅၇-ခုနှစ်တွင် မြန်မာစာလက်ထောက်ကထိက ဖြစ်လာခဲ့ပြီး ၁၉၇၅-ခုနှစ်တွင် မန္တလေးတက္ကသိုလ် မြန်မာစာဌာန လက်ထောက်ကထိက အဖြစ်မှ အငြိမ်းစားယူခဲ့သည်။ ၁၉၈၃-ခုနှစ်တွင် မြန်မာစာအဖွဲ့၌ အချိန်ပြည့် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ထိုတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဆရာဦးဆန်းထွန်း၏ ပထမဆုံးလုံးချင်း စာအုပ်မှာ "နွားနှင့်စပါး" ဖြစ်ပြီး ၁၉၄၇-ခုနှစ်တွင် ရဟန်းဘွဲ့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဆရာသည် အင်္ဂလိပ်. ပါဠိ. သက္ကတ. ဟိန္ဒီ. ဘင်္ဂါလီဘာသာများကို တတ်ကျွမ်းသူ ဖြစ်သည်။ ဆရာဦးဆန်းထွန်းသည် မဂ္ဂဇင်း ဂျာနယ် စာစောင် ၃၀-ခန့်တွင် ဆောင်းပါးအပုဒ်ပေါင်း များစွာကို လစဉ်ရေးသားခဲ့သည်။ ထို့ပြင် လုံမလေးမဂ္ဂဇင်းတွင် သူ့ဘဝအကြောင်း ကဏ္ဍဖွင့်၍ ပင်ကိုယ်ရေး အတ္ထုပ္ပတ္တိကို လစဉ်အခန်းဆက် ရေးသားခဲ့ရာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာတွင်လည်း တနင်္ဂနွေနေ့တိုင်း ပါရှိသော ယဉ်ကျေးမှုအနုပညာကဏ္ဍ၌ မြန်မာစာပေဆိုင်ရာ ဆောင်းပါးများကို ကွယ်လွန်ချိန်အထိ ရေးသားခဲ့သည်။
မြန်မာစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကို အများဆုံးရေးသားခဲ့သော စာရေးဆရာကြီး ဦးဆန်းထွန်းသည် ၁၉၈၉-ခုနှစ် ဇွန်လ၂၀-ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မမကြီးနှင့် သား သမီး ၉-ယောက်၊ မြေး ၁၈-ယောက်၊ မြစ် ၃-ယောက် ကျန်ရစ်သည်။
ဦးဝီရသေနရေ.......ကျေးဇူးပါဘုရား။
.....................................................................
"မန်းတက္ကသိုလ် ဆရာကြီး ဦးဆန်းထွန်း"
ဆရာကြီးဦးဆန်းထွန်းဟာ ဆဋ္ဌသင်္ဂါယနာပွဲတော်ကြီးမှာ ပါဠိစကားပြန် ပညာရှင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ပညာအယူအဆကို ကမ္ဘောဒီးယား သာသနာပိုင် (ဘွဲ့တော်က ဖရဘိမူလလို့ ထင်ရဲ့)နဲ့ ဝန်ကြီးချုပ်တို့က အင်မတန် သဘောကျနှစ်ခြိုက်လို့ မင်းသားကြီးသီဟာနုထံမှာ တင်ပြပြီး ကမ္ဘောဒီးယားနိုင်ငံကို ပညာရှင်အဖြစ် ပင့်ဆောင်ကာ အလုပ်ခန့်ဖို့ ကြိုးစားကြသေးတယ်။ မိမိနိုင်ငံနဲ့ လူမျိုးကို ချစ်မြတ်နိုးတဲ့ ဆရာကြီးဟာ မလိုက်ခဲ့ပါဘူး။ ဆဋ္ဌသင်္ဂါယနာပွဲကြီး ပြီးဆုံးတဲ့ နောက်ပိုင်းမှာတော့ ဆရာကြီးကို မန်းတက္ကသိုလ်မှာ မြန်မာစာကထိကအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကျတော့ ဆရာကြီးဟာ ရန်ကုန် တက္ကသိုလ်မှာလည်း တစ်ဘဝတာ ခန္ဓာချုပ်ငြိမ်းသည်အထိ ကထိကအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တပည့်အမှတ်မမှားဘူးဆိုရင် သတ္တမတန်းမအောင်ဘဲနဲ့ မန်း+ရန်ကုန် တက္ကသိုလ်နှစ်ခုလုံးမှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဟာ သူတစ်ယောက်ပဲ ရှိမယ်ထင်ပါတယ်။ ဆရာကြီး ဗန်းမော်တင်အောင် အင်မတန်လေးစားရတဲ့ သူရဲကောင်းသုံးယောက်မှာ ဆရာဆန်းဟာ နံပါတ်တစ်ပါ။ ဆရာဆန်းဟာ ကိုယ်ပိုင်အိမ်မရှိရှာဘူး။ အငှါးဘဝ၊ ဝန်ထမ်းအိမ်ဘဝနဲ့ပဲ ဟိုမှသည်. သည်မှဟို ပြောင်းရွှေ့နေထိုင်ရပါတယ်။ မန်း တက္ကသိုလ်၌ ဆရာမဖြစ်ခင် ဘဝမှာဆရာဟာ ကိုယ်ပိုင်အိမ် မရှိရှာပါဘူး။ အိမ်ပိုင်မရှိတဲ့ဘဝမှာ စာအုပ်စာတမ်းတွေ ဘယ်လိုလုပ်ပြီးတော့ ပြည့်စုံရှာမှာလဲ။ ဒါကြောင့်လည်း ဆရာဆန်းဟာ မန္တလေးမှာ နေစဉ်အချိန်တုန်းက အသောကာရာမတိုက်ကို သွားပြီးတော့ စာဖတ်ပါတယ်။ ဒါပေမယ့်လည်း လျှော့တော့ မတွက်လေနဲ့။ စာတစ်ခုကို သိချင်လို့ မေးလိုက်ရင် ဘယ်ပိဋကတ်တော်၊ စာမျက်နှာ ဘယ်လောက်လောက်မှာ ပါနိုင်တယ်လို့ တန်းခနဲနေအောင် ပြောနိုင်တယ်။ ဂန္ထသညာ အင်မတန် ကောင်းတယ်။ စာရေးရင်လည်း ကြုံတဲ့နေရာမှာ တွေ့တဲ့ စာရွက်နဲ့ပဲ ရေးရှာတယ်။ ဘာစာအုပ်မျှ မကြည့်ဘဲနဲ့ လက်တန်းရေးတာ များပါတယ်။ ရေးပြီးရင်လည်း ပျောက်ကရော။ ဆရာကြီးဦးမင်းကြည် ပြောဖူးတာလေးတစ်ခုကို အကြောင်းဆိုက်လို့ ဒီနေရာမှာ တင်ပြပါဦးမယ်။ ၁၃၄၄.ခုနှစ် ကာလတုန်းက ဆရာဆန်း ရန်ကုန်ကို အလည်လာစဉ် ကမ္ဘာအေးမှာ တည်းခိုက်...ဗဟန်းညောင်တုန်း ဦနာရဒရဲ့ (၁၃၄၃.ခုနှစ်)အဂ္ဂမဟာအကျော် ပူဇော်ပွဲနေ့နဲ့ ကြုံကြိုက်တယ်။ ဆရာကြီး ဦးရွှေအောင်က ဆရာဆန်း ရောက်နေမှန်းသိလို့ ဦးမင်းကြည်ကို သွားပင့်ခိုင်းတယ်။ ပူဇော်ပွဲရောက်တော့ မိတ်ဆွေတွေနဲ့ အားရပါးရ စကားလက်ဆုံ ကျနေတုန်းမှာပဲ အခမ်းအနားမှူးက ဆရာဆန်းကို ရတုပိုဒ်စုံ ရွတ်ပေးဖို့ ပင့်တယ်။ ဆရာဆန်းဟာ နေရာမှ ထလာပြီးတော့ ပိုဒ်စုံရတုကို ချက်ချင်းလက်တန်းရွတ်ဆို ပူဇော်ရှာတယ်။ အခမ်းအနားပြီးလို့ ဆရာကြီးဦးရွှေအောင်က ဆရာဆန်းရဲ့ ရတုပိုဒ်စုံကို ပြန်ရွတ်ပြခိုင်းတော့ မရတော့ဘူး။ ရီပြီးတော့ပဲ နောက်တစ်မျိုး ထပ်ရွတ်ပြပါတယ်။ ဒါလည်း ထူးရှယ်ပဲ။ ဆရာဆန်းဟာ ဘာကိုရေးရေး လက်တန်းရေး။ ဘာကိုရွတ်ရွတ် လက်တန်းရွတ်ပြီးတော့ ဘာကိုမျှ မှတ်မှတ်သားသား မထားဘဲနဲ့ ပစ္စလတ်ခတ် လုပ်လွန်းလို့ ဆရာဆန်းရဲ့ တူတော်မောင် စာရေးဆရာကြီးက ဆရာဆန်းကို ကင်ပွန်းတပ်လေရဲ့။ ဗရုတ်သုက္ခပညာရှိတဲ့။
အသက်အရွယ်ငယ်စဉ်အချိန်မှာ ဆရာကြီးရဲ့ ခန္ဓာကိုယ်ဟာ ပူတာနဲ့ ပတ်သက်ပြီး သုတ္တနိပါတ အဋ္ဌကထာမှာလာတဲ့ ပါဠိကို ကိုးကားပြီး နိဝါတမင်္ဂလာအားဖြင့် သုံးနှုန်းထားတဲ့ ပါဠိနဲ့ အနက်ပါဖျား...
နရကာ အာဂတာနံ ဂတ္တာနိ တတ္တာနိ ဟောန္တိ။
နရကာါ ငရဲပြည်မှ။ အာဂတာနံ၊ လာကြကုန်သော သတ္တဝါတို့၏။ ဂတ္တာနိ၊ ကိုယ်တို့သည်။ တတ္တာနိ၊ ပူကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဒါလေးကတော့ ဆရာဆန်း သျှ န္တိနိကေတန်မှာ စာသင်စဉ် သူ့ကိုယ်သူ အားပေးတဲ့စာပါဖျား..
န တာဝ သုပိတုံ ဟောတိ ရတ္တိ နက္ခတ္တမာလိနီ။
နက္ခတ္တမာလိနီ၊ `ကြယ်စဉ်´လွှမ်းသော။ ရတ္တိ၊ ညဥ့်အပိုင်းအခြားသည်။ တာဝ၊ ပန်းတိုင်မရောက်မချင်း။ သုပိတုံ၊ အိပ်စက်နားနေရန်။ န ဟောတိ၊ မဟုတ်သေး။
န တာဝ သုပိတုံ ဟောတိ။
မောင်မင်း၊ အိပ်ချိန်မကျသေး။
ရတ္တိ နက္ခတ္တမာလိနီ။
ည၏အလှ ကြယ်ပေါင်းခ။
ပဋိဇဂ္ဂိတုမေဝေသာ ရတ္တိ ဟောတိ ဝိဇာနတာ။
မသိသူကျော်သွား၊ သိသူဖော်စား။
ဒါလည်း ဆရာဆန်းရဲ့ ဒဿနတစ်ခုပါ .....
တဟားဟားရယ်ပြလျှင် တစ်ပြားမျှ မတန်။
ပြုံးပြလျှင် နှစ်ပြားတန်သည်။
မျက်နှာငယ်ပြလျှင် တစ်ရာတန်သည်။
တိတ်တိတ်နေလျှင် တစ်ထောင်တန်သည်။
အ.လျှင် တစ်သိန်းတန်သည်။
မဲ့ပြလျှင် တစ်သန်းတန်သည်။
ငိုပြလျှင် ဆယ်သန်းတန်သည်။
ရှိုက်ပြလျှင် ပြည်တန်သည်။
ဒါကြီးကတော့ လယ်တီဂန္ထဝင်ကျော်ရဲ့ နိဒါန်းမှာ တွေ့ရတဲ့ ဆရာဆန်းဖော်ကျူးထားတဲ့ ဂါထာကြီးပါဖျား..
ပါဒါ ဃာတာ အသောကော တိလကကုရဝကာ
ဝိက္ခဏာလိင်္ဂနေဟိ၊
ထီနံ ဖဿာ ပိယဂုင်္ ဝိကသတိ ဝကုလော
သီဓုဂဏ္ဍူသသေကာ။
မန္ဒာရော နမ္မဝါကျာ ပဋုမုဒု ဟသနာ
စမ္ပကော ဝတ္တဝါတာ၊
စူတော ဂီတာ နမေရု ဝိကသတိ စ
ပုရော နတ္တနာ ကဏ္ဏိကာရော။
(မ၊ ရ၊ ဘ၊ န၊ ယ၊ ယ၊ ယ.ဂိုဏ်းတို့ဖြင့် ဖွဲ့စီထားသော သဒ္ဓရာဂါထာ)
ဆရာကြီးဦးဆန်းထွန်းကိုယ်တိုင် မြန်မာပြန်ထားသော ယင်းဂါထာ၏ အဓိပ္ပါယ်ကား .....
သော်ကပင် ပွင့်နေကျ မပွင့်လျှင် ခြေကျင်းဝတ်ထားသော အပျိုချောချောလေးက သူ့ခြေဖြင့် အပင်ရင်းကို နာနာဖိ၍ နင်းပေးရသည်။ သို့မှ သော်ကပင် ဖြိုင်ဖြိုင်ပွင့်သောဟူ၏။
ပြည့်စင်ပင်(တိလက) မပွင့်လျှင် အပျိုချောချော(သုန္ဒရီ)ကလေးက အပင်ကို ရွှန်းရွှန်းစားစား ကြည့်ကြည့်ပေးရသည်။
လိပ်ဆူးနီပင်(ကုရဝက) မပွင့်လျှင် ပင်တံကို ပွေ့ဖက်ဆုပ်ကိုင်ပေးရသည်။
ဥပါသကာပင်(ပိယဂုင်္) မပွင့်လျှင် အပင်ကို ထိတို့ထိတို့ပေးရသည်။
ချရားပင်(ဝကုလ) မပွင့်လျှင် (ရမ်)ကဲ့သို့သော အရက်ပြင်းပြင်းကိုငုံ၍ အပင်းရင်းမှ ထွေးထွေးပေးရသည်။
အင်းကသစ်ပင်(မန္ဒာရ) မပွင့်လျှင် အပင်နားမှာ စကားချိုချိုဆိုသည်။
စကားပင်(စမ္ပက) မပွင့်လျှင် ပီပီပြင်ပြင်(ပဋ) သိမ်သိမ်မွေ့မွေ့(မုဒု) စကားကို အပင်နားမှာ ဆိုရသည်။
သရက်ပင်(စူတ) မပွင့်လျှင် အပင်ရင်းကိုဖြစ်စေ၊ အကိုင်းအခက်ကိုဖြစ်စေ အာငွေ့ပေးရသည်။
နတ်ပုန်းညက်ပင်(နမေရု) မပွင့်လျှင် အပင်ရင်းမှာ သီချင်းဆိုပေးရသည်။
မဟာလှေကား သို့မဟုတ် တောင်ဖက်ဝန်းပင်(ကဏ္ဏိကာရ)မပွင့်လျှင် အပျိုချောချောလေးက အပင်နားမှာ ကပေးရသည်။
သို့ပြုသဖြင့် သော်ကစသော အပင်များ ပွင့်လာသောဟူ၏။
ဒါကတော့ နာမည်ကျော်နီတိကြီး နှစ်စောင်အပေါ်ကို ဆရာဆန်းရဲ့ သုံးသပ်ချက်ပါဖျား...
လောကနီတိသည် = ရေးစာထက် စုစာများ၏။
စာဏကျနီတိသည် = စုစာထက် တွေးစာ. ရေးစာက
ပိုများ၏။
တွင်းသင်းမင်းကြီးက "လေအံ့၊ ချေအံ့၊ ပေအံ့"တို့ကို “လိမ့်၊ ချိမ့်၊ ပိမ့်“ဟူ၍ မြန်မာနည်းဖြင့် ပုဒ်စပ်၍ သုံးစွဲသကဲ့သို့ ဆရာဆန်းသည်လည်း "ရအံ့၊ လအံ့၊ စအံ့"တို့ကို "ရံ့၊ လံ့၊ စံ့"ဟူ၍ ပုဒ်စပ်ပြီး အဘယာရာမ ဆတော်ကြီး၏ ဂုဏဝန္ဒနာ လျှောက်ထားလွှာ၌ သုံးနှုန်းပုံကား ဤသို့ပါတည်း။
၁။ ခြီးကျူးမရာ၊ ငါ့ခမျာ၊ ဘာကိုလုပ်ပါရံ့။
၂။ ဝပ်ဆင်းရှိခိုး၊ ထိရှစ်မျိုး၊ အကျိုးရပါလံ့။
၃။ ဤသို့သိလောင်း၊ တရှိလောင်း၊ မိကျောင်းပုံတစံ့။
စီးပွားရေး မပြည့်စုံရှာတဲ့ ဆရာကြီးဦးဆန်းထွန်း ရွတ်ဆိုနှလုံးသွင်းလေ့ရှိတဲ့ ပါဠိကတော့ "အသမိဒ္ဓိ ဒမေတိ နော"တဲ့။ အနက်အဓိပ္ပါယ်ကတော့....မပြည့်စုံမှုသည် တပည့်တော်တို့အား ယဉ်ကျေးစေပါ၏။
အခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ဆန်းထွန်း (မန်းတက္ကသိုလ်)ရဲ့ သူ့ဘဝအကြောင်း တစေ့တစောင်းစာအုပ်၊ လယ်တီဦးလှပိုင်ရဲ့ လယ်တီ ဂန္ထ၀င်ကျော် သမိုင်း စာအုပ်၊ အဘယာရာမဆတော်ကြီးရဲ့ ရာပြည့်စာအုပ်၊ ဆရာဦးအောင်သင်းနဲ့ ဆရာပါရဂူတို့ရဲ့ အင်တာဗျူး၊ google မှ ဆရာဆန်းရဲ့ အကြောင်းအရာများနဲ့ ထေတပစ္စယိက ဆရာတော်များထံမှ ရလာခဲ့သော အခက်အလက်များ ဖြစ်ပါသည်ဖျား...
..............................................................
အခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ဆရာဆန်းနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်ပေါ်မှာ တွေ့မြင်ကြည်ညိုခဲ့ရတဲ့ ပို့စ်အချို့ပါဖျား...
ဆရာကြီးဆန်းထွန်း (မန်းတက္ကသိုလ်) ၏....
နှစ်တစ်ရာပြည့် ဂုဏ်ပြုပွဲ
®®®®®®®®®®®®®®®®
စိုင်းသာလှိုင်(လိမ္မော်မြေ)
စာပေပညာရှင်ကြီးများ၊ စာရေးဆရာကြီးများ၏နှောင်းခေတ်လူငယ်များ အားကျအတုယူဖွယ်ရာများကို သတင်းစာများ၊ မဂ္ဂဇင်းများတွင် ဖတ်ရှုမြင်တွေ့ရာမှ မြန်မာစာပေပညာရှိ/ ဦးဆန်းထွန်း (မန်းတက္ကသိုလ်၏) နှစ် တစ်ရာပြည့် ဂုဏ်ပြုပွဲကျင်းပရန် ဆရာကြီး၏ တပည့်သားမြေးများက စီစဉ်ဆောင်ရွက်နေကြကြောင်း ကြားသိရသဖြင့် ဆရာကြီးအကြောင်း ဆောင်းပါးရေးသား ရန် ဆန္ဒဖြစ်ပေါ်လာခဲ့သည်။
ဆရာကြီး ဦးဆန်းထွန်းကို ၁၉၁၅ ခုနှစ် ဧပြီ ၆ ရက်တွင် အဖ ဦးဖိုးထွန်း၊ အမိ ဒေါ်မြခင်တို့က ဟင်္သာတ ခရိုင် တောင်ပိုင်း သနွံသနောရွာနှင့် သာစည်ရွာနှစ်ရွာ အနီး ကျုံကဒူးကျေးရွာ၌ ဖွားမြင်ခဲ့သည်။ သနွံသနော ရွာဦး ကျောင်းဆရာတော်ကြီးနှင့် ဆရာတော် ဦးကုသလ စာရတို့က သုတ်ပြီး၊ ရုပ်ပြီး အောင်သဒ္ဓါသင်ကြားပေးသည်။
သရုပ်သကန်ကွဲအောင်သင်္ဂြိုဟ်သရုပ်ခွဲပေးသည်။ နေရင်း မူဋီကာကျော်နိသာယ၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ပါဠိစကားသင်နှင့် စာရေး သင်၊ မန်လည်ဆရာတော်ကြီး ၏ ပဏိဏ္ဏကနိယံနှင့် ဋီကာကျော်နိယံ တို့ကို သင်ယူပြီး မြောက် အခြေခံခိုင်ခိုင် ဆောက်နိုင်ခဲ့သည်။ ဆရာတော် ကြီး၊ ဆရာတော်လေးတို့ကပင် တရားဟောခိုင်း၍ ကိုရင် ဘဝနှင့် ဓမ္မကထိကဖြစ်ခဲ့ သည်။ ၁၉၂၈ ခုနှစ်တွင် ရှင်သာမဏေပြုပြီး ရှင်ဇနိန္ဒဘွဲ့အမည်ဖြင့် လည်းကောင်း၊ ၁၉၃၅ ခုနှစ်တွင် အင်္ဂပူမြို့ရွှေဘုံသာ ကျောင်းတိုက်၌ ရှင်ဥာဏိ သာရဘွဲ့ဖြင့် ပဉ္စင်းခံရဟန်းပြုခဲ့သည်။
ဆရာကြီး၏ဘဝကို ထုဆစ်ကြည့်လျှင် ပညာငတ် သော နို့ဖုန်းစား ပညာသင်ငယ်ဘဝ၊ ထို့နောက် ရဟန်း တော်၊ စာချဘုန်းကြီး၊ ဓမ္မကထိက၊ အိန္ဒိယပညာတော် သင်၊ သတင်းစာအယ်ဒီတာ၊ နိုင်ငံရေးစိတ်ဝင်စားသူ၊ တက္ကသိုလ် မြန်မာစာဆရာ၊ နိုင်ငံတော်မြန်မာစာအဖွဲ့ ဝင် စသည်တို့ဖြင့် ဘဝမျိုးစုံကျင်လည်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မန္တလေး တက္ကသိုလ် မြန်မာစာဌာန၌ နည်းပြ ဆရာအဖြစ် စတင်အမှုထမ်းခဲ့ပြီး ထိုနှစ်မှာပင် ဒေါ်မမ ကြီးနှင့် အကြောင်းပါ လက်ထပ်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မြန်မာစာဌာနလက်ထောက်ကထိကအဖြစ်မှ အငြိမ်းစား ယူခဲ့သည်။
ဆရာကြီးသည် ကျင်လည်ရာဘဝ တိုင်းမှာ လည်း မည်ကာမတ္တမဟုတ်၊ နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ် ပြန့်ပြန့် ထဲထဲဝင်ဝင် ရှိလှသည်။
မန္တလေးတက္ကသိုလ်တစ်ခုလုံးက ဆရာကြီးကိုသိကြ သည်။ ခင်မင်ချစ်ခင် ရိုသေလေးစားကြသည်။ ဝိဇ္ဇာ /သိပ္ပံ အထူး ပြုဘာသာရပ်များမှ အချို့သော ကျောင်းသား ကျောင်းသူများသည် မိမိတို့စာသင်ခန်းကိုပစ်၍ ဆရာကြီး ၏ စာသင်ချိန်အခန်းများကို တက်ရောက် သင်ယူ မှတ်သား လေ့ရှိကြသည်။ ဆရာကြီး၏ သင်ကြားပို့ချချက်များမှာ လည်း အမြဲဝေဆာစည်ကားနေတတ်သည်။ ထို့ကြောင့် ဆရာကြီးကိုအမှီပြု၍ မန်းတက္ကသိုလ်နှင့် မြန်မာစာဌာန သည် အမြဲပင်ဂုဏ်တက် လူသိများခဲ့ရသည်။
ဆန်းထွန်း (မန်းတက္ကသိုလ်) သည် ကာဝိယဝါစီ (ကဗျာစာဆို) အရှင်ဥာဏိသာရတစ်ဖြစ်လဲ သိရသည်မှာ မန္တလေး မြို့၏ ထင်ရှားကျော်ကြားသော ဘုန်းကြီးပျံပွဲများမှ စတင်ခဲ့သည်။ မန္တလေးမြို့မှ ဆရာတော်ကြီးများ ပျံလွန် တော်မူလျှင် ဈာပနပွဲများ အကြီးအကျယ် ကျင်းပလေ့ရှိ သည်။ ဈာပနပွဲကြီးများတွင် ပျံလွန်တော်မူပြီးသော ဆရာတော်ကြီး များ၏ ထေရုပ္ပတ္တိ၊ ပရိယတ္တိ၊ ပဋိပတ္တိ ဂုဏ်ရည်များကို ရတု၊ တေးထပ်၊ လူးတား၊ လွမ်းချင်း၊ တမ်းချင်းတို့ဖြင့် ဆရာကြီး ကိုယ်တိုင်ရေးသားကာ ကိုယ်တိုင်ရွတ်ဖတ်ပူဇော်လေ့ရှိသည်။
ထိုသို့သော ပူဇော် ပွဲများတွင် ထိုစဉ်က လျှမ်းလျှမ်းတောက်အောင်မြင် ကျော်ကြားနေကြသော အနုပညာ ရှင်များဖြစ်ကြသည့် ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်၊ ရုပ်သေးမင်းသားကြီး ရွှေဘိုတင်မောင်တို့နှင့် အပြိုင်ပင် ဆရာကြီးမှာ ပွဲတောင်းခံ ရလေ့ရှိသည်။ ထိုအနုပညာသည်ကြီးများထက်ပင် ဆရာ ကြီးသည် ပို၍ထိန်းနိုင်လေ့ရှိသည်။ ဆရာကြီး၏အသံမှာ လည်း အလွန် သြဇာပြည့်ဝဝေစည်၍ ချိုမြိန်လှသည်။ အချို့ဘုန်းကြီးပျံပွဲများဆိုလျှင် ဆရာကြီးအားလပ်ရက်ကို စောင့်ဆိုင်းပြီးမှ ကျင်းပကြကြောင်း သိရသည်။
ဆရာကြီး၏ အသံမှာ တစ်မူထူးခြားသည်။ စကား ပြောရာတွင် ပါဠိဂါထာများကို ရွတ်ဖတ်ရာ၌ပင် ဂီတသံ ပေါက်နေတတ်သည်။ သို့သော်လည်း ဆရာကြီး၏ ရုပ်ရည် မှာ ဆရာကြီး၏ စံပြုလောက်သော အသံနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။ တစ်ခါတွေ့လိုက်လျှင် တစ်သက် မမေ့နိုင် လောက်အောင်ပင် စွဲထင်နေစေသော ကဗျာမဆန်လှသော အလှပိုင်ရှင်ဖြစ်သည်။ ဦးခေါင်းမှာ သာမန်ထက် ဖွံ့သည်။ အသားအရေမှာ ညိုပြီး အရပ်မမြင့်လှပါ။ သို့သော် ခန့်ညားသော ရုပ်သွင်မှာ ပေါ်ပေါ်လွင်လွင်ရှိလှသည်။
ဆရာကြီးသည် မြန်မာစာပေသင်ကြားပို့ချရာတွင် ဝန်ကြီးပဒေသရာဇာ၏ မဏိကက်ပြဇာတ်ကိုသင်ကြားပေး သောအခါ ဇာတ်ဝင်သီချင်းများ၊ ငိုချင်းများ၊ ဇာတ်ချင်း များကို ဦးစွာဆိုပြပြီးမှ ဇာတ်ကောင်စရိုက်များကို မျက်စိ တွင် ပိုပေါ်လာအောင် သရုပ်ဖော်သင်ပြပေးလေ့ရှိသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ လေးချိုးကြီးများကို သင်ယူရာတွင်လည်း သံနေသံထားနှင့် ဦးစွာဆိုပြပြီးမှ ခေတ်နှင့်သမိုင်း နောက်ခံကိုရှင်းပြသည်။
ထို့နောက် လေးချိုးကြီးများ၏ သဘောအနက်ကို ဖွင့်ဆိုခဲ့သည်။
စာပေဂုဏ်မြောက်ပုံကို သာဓကဆောင်သည်။ ကိုးခန်း ပျို့ဘွဲ့လွန်တန်း များ တွင် အင်းဝခေတ်ပျို့များနှင့် မဏိ ကုဏ္ဍလဝတ္ထုတို့ကို လက်ဖျား ခါလောက်အောင် လက် ကုန်နှိုက် သင်ကြားပေးခဲ့သည်။
ဆရာကြီး၏ ကိုယ်တိုင်လေ့လာသင် ယူသော စနစ် ဖြင့် မြန်မာပြည်တွင် ပေါ်ထွန်းပြီးသမျှ ကဗျာအမျိုးအစား အားလုံးကို စံမြောက်အောင် ရေးတတ်သူဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီကပင် ပညာရှင်များချီးကျူး လေးစားခဲ့ရသော ကာဝိယဝါစီ(ကဗျာစာဆို) အရှင်ဥာဏိ သာရ ဖြစ်ခဲ့သည်။ ဆရာကြီး၏ ငယ်ဘဝပညာသင်ခဲ့ ရပုံမှာ နို့ဖုန်းစားပမာပြတ်တစ်လှည့် ဝတစ်လှည့်ဖြင့်သာ သင် ကြားခဲ့ရသည်။
ဆရာကြီး၏ဇာတိမှာ ဟင်္သာတခရိုင် အတွင်းမှ အိမ်ခြေတစ်အိမ် တည်းသာရှိသော ကျုံကဒူးရွာ ဖြစ်ပြီး လယ်တဲကြီး တစ်တဲပင်ဖြစ် သည်။ နောင်တစ်ခါ ချောင်း တစ်ဖက်ကမ်းရှိ သနွံသနောသို့ပြောင်းရွှေ့မှသာ စာ စတင် သင်ကြားခွင့်ရသည်။ ယင်းရွာမူလတန်း ကျောင်း တွင် စတုတ္ထတန်းအောင်မြင်ခဲ့ သည်။ ကိုလိုနီခေတ် ကျေးလက်ဒေသတွင် မည်သည့်ပညာရေးစနစ်မှန်း မသိ သောကာလ၌် သတ္တမတန်းအထိ သင်လိုက်ရသေးသည်။
မူလတန်းကျောင်းမှ ဝေဝါးဝါးပညာရေးဖြင့်ဘုန်းကြီး ကျောင်းသို့ ပြောင်းကာပါဠိဘာသာ၊ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဘုန်းကြီးစာများကို အားပါးတရသင်ယူတော့သည်။ ပါဠိ စာပေကို အခြေခံခိုင်ခိုင်သင်ယူပြီး ဆရာကြီး၏ ဆရာ တစ်ဦးဖြစ်သော ရှင်တေဇောသာ (ဒဂုန်ဦးထွန်းမြင့်) နှင့် ဆုံစည်းရခြင်းသည် ကြီးစွာသော ကံကောင်းမှုတစ်ရပ် ဖြစ်သည်။ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်သည် ထိုစဉ်က အောင်မြင်သော စာရေးဆရာဖြစ်နေပြီး လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး ကပင် အားထားရသူတစ်ဦးဖြစ် နေရသည်။ ဒဂုန်ဦးထွန်းမြင့်ကို အားကျပြီး ဆရာကြီး စာရေးချင်လာတော့သည်။ မြန်မာစာပေကို ပိုမိုစိတ်ဝင် စားလာပြီး အားစိုက်လေ့လာတော့သည်။ စင်စစ်ဆရာကြီး ဒဂုန်ဦးထွန်းမြင့်သည် ကျေးလက်ဇနပုဒ်မှ နွံနစ်နေသော ပတ္တမြားပွင့်ကို ဆယ်ယူပေးခဲ့သူဖြစ်သည်။
===================
ဆရာကြီးဦးဆန်းထွန်း၏ စာပေ လေ့လာလိုက်စားမှုမှာ အများက တောင်းပန်ယူရသည်အထိဖြစ်သည်။ အသက်နှင့် ရင်းသည်အထိ ဇွဲကောင်း လွန်းသည်။ ရန်ကုန်-ဗဟန်း ရွှေကျင် ကျောင်းတိုက်တွင် အရှင်ဏိသာရ ဘဝနှင့် သီတင်းသုံးနေစဉ် ၁၅ နှစ် ခန့် မြန်မာစာ မြန်မာမှုကို ဇောက်ချ လေ့လာအထူးအာရုံစိုက်လွန်းသဖြင့် သေကောင်ပေါင်းလဲ ကျန်းမာရေး ချို့တဲ့ခဲ့ရသည်။ ဆရာကြီးသည် အသက်ကိုပင် ပဓာနမထားဘဲပညာ သင်ခွင့်ရစဉ် အားပါးတရ သင်ကြား မည်ဟု ဆုံးဖြတ်၍ အိန္ဒိယသို့ ရဟန်း ဝတ်ဖြင့် ပညာတော်သင်ခရီးထွက်ခဲ့ သည်။ ရာဘင်ဒြာ နတ်တဂိုးတည် ထောင်သော ရှန်တိနိကေတန် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် MA သမားများနှင့်ယှဉ်၍ဖြေဆိုခဲ့ သည်။ ကောင်းစွာ အောင်မြင်၍ ရှန်တိနိကေတန်တွင် စကော်လာဘဝ ဖြင့် နှစ်နှစ် ပညာသင်ယူခဲ့သည်။ အိန္ဒိယတွင် ရာဟုလာ သံကစ္စည်းနှင့် ဆုံခဲ့ရသည်။ ဆရာလည်းဖြစ်၊ ကျေးဇူးရှင်လည်းဖြစ်သော ရာဟု လာသံကစ္စည်းသည် ကမ္ဘာ့ဘာသာ စကားပေါင်း ၃ဝ ကျော်တတ်မြောက် သည်။ ဆရာကြီးသည် သူ့ဆရာကို အားကျပြီး ဘာသာမျိုးခြား၊ စာစကား များစွာကို လေ့လာသင်ယူခဲ့သည်။ ပါဠိ၊ ဟင်ဒီ၊ ဘင်္ဂါလီ၊ အူရဒူ၊ အင်္ဂလိပ် စာစသည်ဖြင့် ဘာသာဆယ်မျိုး လောက်ကို နိုင်နင်းစွာ တတ်မြောက် ခဲ့သည်။ ဆရာကြီးသည် ပညာရှာဖွေ ရာတွင် နေ့စဉ်နေ့တိုင်း သန်းခေါင် သန်းလွဲမိုးလင်းထိတိုင် လောဘတကြီး ဖြင့် ပင်ပန်းစွာ ကြိုးစားခဲ့သည်။ ကထိ လက္ခဏဝိသောဓနိကျမ်းကို ဆရာကြီး ပြုစုရေးသားသောအခါ ပညာရှင် များက လက်ဖျားခါ ချီးကျူးကြရင်း ဆရာကြီး၏ ပညာအတိမ်အနက်ကို ထိုကျမ်းတည်းဖြင့် ချင့်တွက်မိကြသည်။
တော်ရုံတန်ရုံဖြင့် ချီးကျူးခဲလှသော ဆရာကြီး ရွှေဥဒေါင်းက မိမိ၏ တစ် သက်တာမှတ်တမ်းနှင့် အတွေးအခေါ် များ စာအုပ်ထဲတွင် ကိုဆန်းထွန်းကား စာစုံအောင်ဖတ်သူ၊ ဖတ်သမျှကို မှတ်မိ သူ၊ ကျေညက်ကျွမ်းကျင်သူဟူ၍ ချီးမွမ်း မှတ်တမ်းတင်ခဲ့သည်။
တက္ကသိုလ်တွင် ဆရာကြီး ကျင် လည်ခဲ့စဉ်က မြန်မာစာပေအတွက် သုတေသနပြု၍ ကျေးဇူးများအောင် ဆောင်ရွက်ခဲ့မှုများစွာ ရှိခဲ့သည်။ သာဓကအားဖြင့် ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားဘွဲ့ ''နွေဦးကာလမြူထ သောအခါ'' တျာချင်းအချပိုဒ်တွင် ''ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့ သည်'' စာသားသည် ''ပြီးလျှင်ရေမရှာ ခွေကာ ကွေးတော့သည်'' သာ ဖြစ်သင့် ကြောင်း၊ မြန်မာ့လူနေမှုဓလေ့မှာ လူနှင့် ခွေးကို အဆင့်တူတစ်သားတည်း မထား သင့်ကြောင်း ထောက်ပြခဲ့သည်။
သံဝေဂခန်းပျို့မှာ မြန်မာစာပေ သမိုင်းတစ်လျှောက်လုံး ''ရှင်မဟာသီလ ဝံသ'' ဟု မှတ်သားလာခဲ့ရာမှ သံဝေဂ ခန်းပျို့သည် ရှင်မဟာသီလဝံသ လက်ရာမဟုတ်ကြောင်း၊ ဟံသာဝတီပါ မင်းရေးခဲ့ခြင်းသာ ဖြစ်ကြောင်း သုတေသနပြုပြင်ဆင်ပေးခဲ့သည်။
ဆုတောင်းခန်းပျို့ပိုဒ်ရေ ၁ဝ၆ တွင် ''ဝေတာလံက၊ သီတာစသား၊ မရ အကျွမ်း၊ ဗိုင်းဝါဂွမ်းသို့၊ အသွမ်းထွေငေါ်၊ စကားဖော်ဟု ပါရှိရာ'' ''ဝေတာလံ''ကို အနက်မထင်ခဲ့ကြသဖြင့် ''ဝေးတာ လံ'' ဟု ''အလွန်ဝေးကွာ ရှေးကျသော ရှေးရှေးတုန်းက''အနက်ဖြင့် ပြင်ခဲ့ကြ ခြင်းမှာ မှားယွင်းနေကြောင်း၊ အမှန်မှာ ''ပေတာလံ'' (ပေတဝတ္ထုတစ္ဆေပုံပြင် များသာ) ဖြစ်ကြောင်းကို သုဝဏ္ဏသျှံ သူဌေးခန်းပျို့ပိုဒ်ရေ ၁ဝဝ ပါ ''သီတာ မယ်ထွေး၊ ရယ်ရေးစမ်းရာ၊ စကားထာ နှုတ်ပျံ၊ ပေတာလံနှင့်'' ဟူသော စာသား နှင့်ညှိ၍ ပြင်ဆင်ပေးခဲ့သည်။
ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့ပိုဒ်ရေ (၁)တွင် ''သူငယ်ကပင်၊ ဘဏ္ဍုအင်နှင့်၊ စာသင်မွေ့လျော်၊ တရားပျော်၏ '' ဟုပါရှိရာ ''ဘဏ္ဍုအင်''ကို အနက်မထင် ခဲ့ကြသဖြင့် ''ပဏ္ဍုအင်'' ဟု ''ပညာရှိသုခ မိန်ပဏ္ဍိတ်'' အနက်ဖြင့် ပြင်ခဲ့ကြခြင်းမှာ မှားယွင်းနေကြောင်း၊ အမှန်မှာ ''ဘဏ္ဍု အင်'' သည် ကိုရင်ဝတ်တော့မည့် ရှင်လောင်းသူယော်'' ကို ရည်ညွှန်း ကြောင်း၊ ''ဘဏ္ဍုအင်'' သည်သာ ''သူယော်''(ဖိုးသူတော်မဟုတ်) မုချ အနက်ဖြစ်ကြောင်း ထောက်ပြပြင်ဆင် ပေးခဲ့သည်။
ပုဂံစောလှဝန်းဘုရား ကျောက်စာ ခေါ် အသဝတ်ဓမ္မာသင်္ချိုင်းဘုရား ကျောက်စာပါ ''ကံတုတ်'' ဟူသော ဝေါဟာရကို ''ခဲနက်''ဟု အဓိပ္ပာယ် ကောက်လာခဲ့ကြပုံမှာ မသင့်ကြောင်း၊ အမှန်အားဖြင့် နံရံဆေးရေးပန်းချီများ တွင် သုံးသော ''တောင်ထွတ်မြေဝါ'' သို့မဟုတ် ''ဆေးဒန်းရွှေဝါ'' သာဖြစ် ကြောင်း အမှန်ပြင်ဆင်ပေးခဲ့ခြင်း များဖြစ်သည်။
ရေးသူအမည်မသိဟု မှတ်သား လာခဲ့ကြသော ''အိုင်ချင်းစု'' များကို ရေးသူအမည်မှန် ရှာဖွေစိစစ်ပေးခဲ့ပြီး အကိုးအထောက် သာဓကခိုင်လုံစွာ၊ သဘာဝယုတ္တိ၊ အာဂမယုတ္တိများနှင့် ညှိ၍ ဆန်းစစ်ဝေဖန် အမှန်ကိုဖော် ထုတ်ပေးခဲ့ခြင်းတို့မှာ ဆရာကြီး၏ မြန်မာစာပေအတွက် ကျေးဇူးပြုချက် များအနက်မှ အနည်းငယ်သာ ရှိသေး ကြောင်း သိရသည်။
ဆရာကြီး ဦးဆန်းထွန်းသည် ၁၉၁၅ ခုနှစ် ဧပြီ ၆ရက်တွင် ဖွားဖြစ်၍ လာမည့် ၂ဝ၁၅ ခုနှစ် ဧပြီ ၆ ရက်တွင် အသက်တစ်ရာပြည့်အမှတ်တရပွဲ ဆင် ယင်ကျင်းပရန် မန္တလေးမှ ဆရာကြီး၏ တပည့်များက စီစဉ်ဆောင်ရွက်ထား ကြောင်းနှင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဆရာတော် အရှင်မြတ်ကလည်း ဆရာကြီးပုံတူ ကြေးသွန်းရုပ်ပြုလုပ်ပြီး အထိမ်းအမှတ်စာအုပ်များ ထုတ်မည် ဖြစ်ကြောင်း သိရသည်။
နောင်လာနောက်သား နှောင်း ခေတ် လူငယ်များအတွက် အထောက် အထားဖြစ်စေရန် အားကိုးအားထားပြု ရမည့် ဘာသာ၊ စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ စာများ ရေးသားပြုစုခဲ့ သော မြန်မာစာပေပညာရှိဆရာကြီး ဦးဆန်းထွန်းအား ဤဆောင်းပါးဖြင့် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
ဒါကတော့ ဆရာစိုင်းသာလှိုင် (လိမ္မော်မြေ)ရဲ့ ပို့စ်ပါ။
..................................................................
...................................................................
ဆရာချစ်ဦးညို ပြောပြတဲ့ ဆရာတို့ကိုသာ လွမ်းမှာ
............... .....................
ချစ်ဦးညိုဆိုတဲ့ ကလောင်အငယ်စားလေးဟာ သူမမွေးခင်ကတည်းက ကာဝိယဝါစီ အရှင်ဥာဏိဿရ အမည်၊ ကျုံကဒူးသား အမည်တွေနဲ့ရွှေပြည်တော်သတင်းစာ၊ ဂျာနယ်ကျော်၊ ကြီးပွားရေးမဂ္ဂဇင်းတွေမှာ ကဗျာအဖွဲ့တွေ ဆောင်းပါးတွေ ရေးလာခဲ့တဲ့ ဧရာမကလောင်ကြီးနဲ့အတူ ခရီးသွားရမယ်ဆိုတော့ သိမ်ငယ်စိတ် အငုံ့စိတ် အလျှိုးစိတ်ဝင်တာဟာ သဘာဝကျပါတယ်။
ဆရာကြီးဟာ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက အကြိုက်ကြီးကြိုက်ခဲ့ရတဲ့ ရှေ့သို့နှင့် အခြားဝတ္ထုတိုများကို ရေးသားသူလေ။ ဒါတင်ကရိုးလား။ ကျွန်တော်တို့ နှလုံးသားကို ဆုပ်ညှစ်ကိုင်လှုပ်ခဲ့တဲ့ `ဗော်လဂါမှ ဂင်္ဂါသို့´ ဝတ္ထုကြီးကို ရေးခဲ့သူ ဘာသာပြန်ခဲ့သူ စာပေပညာရှင်ကြီး ကဝိကြီး ပဏ္ဍိတ်ကြီး သုခမိန်ကြီး၊ ဟိန္ဒီ သက္ကတ ပါဠိနဲ့ မြန်မာစာပေ ကျမ်းဂန်တို့ကိုမွှေနှောက် ခြောက်ခြားနိုင်ခဲ့တဲ့ ဘာသန္တရ ဝိဇ္ဇာဓိုရ်ကြီးတစ်ဦး၊ မဂ္ဂဇင်းစာစောင်တွေမှာ သူ့ရဲ့ ကဝိဆန်သော ဂန္ထဝင် အရေးအသားတွေကို ဖတ်ပြီး ပါးစပ်ဟရသူ၊ လေးရာမှာ ဆားခပ်ဆိုသလို ဆရာကြီးဟာ မှန်နန်းရာဇဝင်တော်ကြီးမှာ မဟာနိဒါန်းကို ရေးထားသည်မှာ ကဝိဥာဏ် ကဝိလေသံကို အထင်အရှား တွေ့ရပါတယ်။
ဆရာကြီးရဲ့ မျက်နှာကျ သွင်ပြင်သဏ္ဌန်ကတော့ နှာရောင်ကျယ်ကျယ်၊န ဖူးပြန့်ပြန့်၊ မျက်လုံးတွေက မျက်ခွံရဲ့ ဟိုးအတွင်းဘက်နက်နက်၊ စေ့စပ်တဲ့ နှုတ်ခမ်း၊ အနေတော်မေးစေ့၊ ပြည့်ဖြိုးတဲ့ ပါးပြင်၊ မျက်နက်သားတွေနဲ့ အတိပြီးတယ်လို့ ထင်ရတဲ့ မျက်ဝန်း၊ အတွင်းစွန်းနှစ်ဖက် မနီးတဲ့ မျက်ခုံးတွေနဲ့ တကယ့်ကို ခြင်္သေ့မျက်နှာ။
ဥာဏ်လင်းရဲ့ ရတနာမွန်မှာ ကျွန်တော်
အခန်းဆက်ဝတ္ထုရှည်ကြီး ရေးနေချိန်မှာ အယ်ဒီတာလုပ်တဲ့ ကိုအောင်မွန်က
ခင်ဗျားကို ဆရာကြီးဦးဆန်းထွန်းက ပြောနေတယ်။ `မြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိနေသေးရင် လူကြီးထဲမှ ဦးသုခ၊ လူငယ်ထဲမှ ချစ်ဦးညို။ အဲဒီနှစ်ယောက်ကို ဘုရားက ဧတဒဂ်တစ်ခု ပူးတွဲချီးမြှင့်နိုင်တယ်တဲ့။ ဘယ်လို ဧတဒဂ်ဆိုတော့ အနည်းကို အများဖြစ်အောင် ချဲ့ရေးတတ်တဲ့ ဧတဒဂ်´တဲ့။
ဆရာကြီးလို လူကတောင် ဦးသုခနဲ့တွဲပြီး မှတ်ချက်ချရတယ်ဆိုတော့ ဘဝင်ကလေး လေဟပ်မိတယ်။
ဘာတဲ့ နည်းနည်းလေးသိရုံနဲ့များများကြီး ဆပွားရေးနိုင်တယ်တဲ့။ နောက်တော့ ကျွန်တော်ဆရာကြီးနဲ့ တွေ့
တဲ့အခါမှာ ကိုအောင်မွန်ပြောလို့ သိရ
ကြောင်း ပြန်ပြောမိပါတယ်။
အဲဒီခါ ဆရာကြီးက `မောင်အောင်မွန်က ဒါကို ပြန်ပြောသလား´တဲ့။
`ဟုတ်ကဲ့ခင်ဗျာ´ဆိုတော့
`အဲစကားက မဆုံးသေးဘူးကွ´။
`ခင်ဗျာ´။ `ဪ.... မင်းတို့များဖြင့် နည်းနည်းသိရုံနဲ့ပဲ များများကြီး ဆပွားရေးတတ်ပေတယ်။ ငါတို့များဖြင့်ကွယ်များများကြီး သိထားတာကိုတောင် နည်းနည်းလေးရေးဖို့ တွန့်တယ်ကွာ။ ဘာဖြစ်လို့လဲဆိုတော့ မှားမှာ
စိုးလို့၊ ဂိုဏ်းမလွတ်မှာစိုးလို့´တဲ့။
`မှတ်ကွ´လို့ ကျွန်တော်မြည်တမ်းလိုက်ပါတယ်။
တစ်ခါလည်း ဆရာကြီး ဟောပြောနေတုန်းမှာ မလှမ်းမကမ်းမှ ကက်ဆက်သီချင်းသံ လွင့်လာတယ်။ အသံက တဖြည်းဖြည်းနီးလာလေ၊ ပိုကျယ်လာလေပဲ။ အဲဒီမှာ ဆရာကြီးက ဟောပြောတာကိုရပ်ပြီး ထိပ်ဆုံးမှာ ထိုင်နေတဲ့ ကျွန်တော့်ကို `ချစ်ဦးညို၊ မင်းကြားလား။ အဲဒါမြို့တွန်သံလို့ ခေါ်တယ်။ မင်းသွားပြော။ ဒီမြို့တွန်သံရှိနေရင် ငါဆက်မဟောဘူး´တဲ။ အဲဒါနဲ့ ထီရောင်းတဲ့ ဆရာကို သွားပြောတော့ သူ့အမှားသူသိပြီး ရပ်ပေးပါတယ်။ ဒီတော့မှ ဆရာကြီးက ဆက်ဟောတယ်။ ဆရာကြီးလည်း ပထမဟောပြောနေတဲ့ အကြောင်းကနေ အသ?
No comments:
Post a Comment