Monday, April 8, 2019

ပါဠိစာ​ပေသမိုင်းထဲက တိမ်​မြှပ်​​နေ​သော

ပါဠိစာပေသမိုင်းထဲက တိမ်မြှပ်နေသော
*************************
ကမ္ဘာကျော် ကျမ်းတစ်စောင်...
*******************

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က စိတ်ပညာအဓိကနဲ့ စာရေးသူ တက္ကသိုလ်ကျောင်းတက်တော့.ဘကြီးတော်စပ်သူ ဘုန်းကြီးကျောင်းကနေ တက်ခဲ့ရတယ်။ကျောင်း ဝေယျာဝစ္စလုပ်ရင်း ဆွမ်းကျန် ကွမ်းကျန်ကပ်စားတဲ့ ဘုန်းကြီး ကျောင်းသား/သူလို့ ပြောရမှာပေါ့။

ဘုန်းကြီးကျောင်းသားဆိုတော့ သိတဲ့အတိုင်းပဲ၊အလုပ်လည်းလုပ်ရတယ်၊အားရင် ဘုန်းတော်ကြီးက အလကားမနေခိုင်းဘူး၊ စာပဲဖတ်ခိုင်း၊ကျက်ခိုင်းနေတာက ရိုးရာတစ်ခု
စာမေးလို့မရရင် ..ကြိမ်လုံး....ဒါက...ထုံးစံ။

ဘကြီးဘုန်းကြီးဆိုတာကလည်း ကျမ်းတတ်အကျော် ဆရာတော်ကြီးတစ်ပါး...
မိမိကလည်း စာဘက်သမား...
ဆိုတော့ ဓာတ်တူ နာမ်တူ ဆေးဖက်ယူလို့ပြောရမလား? အခါအားလျော်စွာ ဘကြီးဘုန်းကြီးနဲ့ မြေးဖြစ်သူ စာရေးသူတို့ ဘာသာရေး စာပေသမိုင်းကြောင်းတွေ ဆွေးနွေးလေ့ရှိကြတယ်။
တစ်နေ့.... စာရေးသူက ပါဠိစာပေသမိုင်းနဲ့ဘာသာဗေဒစာအုပ်ကိုဖတ်နေတာ ဘကြီးဘုန်းကြီး မြင်သွားတယ်။
ဒါနဲ့ ထုံးစံအတိုင်း မေးပါတော့တယ်။
(ညည်း ဖတ်ထားတဲ့.ခေတ်အဆက်ဆက်.ပါဠိစာပေသမိုင်းထဲက ထင်ရှားတဲ့ကျမ်းတွေဘဘုန်းကို ရွတ်ပြစမ်း)ပေါ့။

ဘယ်ရမလဲ?ပူပူနွေးနွေးဖတ်ထားတာရယ်၊ကြေညက်အောင်ဖတ်မှတ်ထားတာရယ်ကြောင့်၊ဘကြီးဘုန်းကြီးရှေ့ ကျုံ့ကျုံ့လေးထိုင်ပြီး၊လက်အုပ်လေးချီရင်း ပါးစပ်ကနေ အထစ်အငေါ့မရှိ ခရားရေလွှတ်သလို ဒီလို ရွတ်ပြလိုက်တော့တာပေါ့၊....

၁။(ပုဂံခေတ် )
အရှင်အဂ္ဂဝံသမထေရ်မြတ် ရေးသော သဒ္ဒါနီတိကျမ်း နှင့် AD.၁၂၀၉ကရေးသားခဲ့သော သာသနာ့လင်္ကာရစာတမ်း

ယင်းကျမ်းနောက်...သဒ္ဒတ္ထဘေဒစိန္တာ၊ ယစ္စာယနသာရ၊ကာရိကာ စသော သဒ္ဒါငယ်ကျမ်းများ
ကျစွာမင်း၏ ပရမတ္ထဗိန္ဓု၊သဒ္ဒဗိန္ဓုကျမ်း၊
သံပျင်အမတ်ရေးသော သံပျင်ဋီကာနှင့် နျာသကျမ်းအဖွင့်၊နျာသပ္ပဒီပိကာ ခေါ် သံပျင်ဋီကာ

၂။(ပင်းယခေတ် )

စတုရင်္ဂဗလအမတ်ကြီးရေးသော လက္ခဏာတော်ရှစ်ဆယ်ဂါထာများ၊ဟိတောပဒေသ အင်္ဂါနှစ်ဆယ်ကျော်၊အဘိဓာနပ္ပဒီပိကာဋီကာနှင့် လောကနီတိကျမ်း
ဆူးတွင်းပစ်ဆရာတော်၏ သဒ္ဒဇာလိနီ သဒ္ဒါငယ်ကျမ်း
တိလောကဂုရုဆရာတော်၏ ဓာတုကထာ ဋီကာဝဏ္ဏနာကျမ်း၊တော်ဖီလာဆရာတော်၏ ဝိနယာလင်္ကာရဋီကာ ကျမ်း

၃။(အင်းဝခေတ်)

အရှင်မဟာသီလဝံသ၏ နေတ္ထိပါဠိတော်နိဿယ၊မဟာရဟနီတိကျမ်း
ရှင်ဥတ္တမကျော်၏ ပဋိသမ္ဘိဒါမဂ် ပါဠိတော်နိဿယ၊ မဟာနိဒ္ဒေသ ပါဠိတော်နိဿယ၊
ရွှေဥမင်ဆရာတော်၏ ဝိနည်းပါဠိတော်နိဿယ
အဋ္ဌကထာနိဿယများ၊
နန်းကျောင်းဆရာတော် နှင့် ဒက္ခိဏာဝန်ဆရာတော်တို့၏ သဒ္ဒါကြီးနိဿယများ
ရှင်အုန်းညို၏ ပါရာဇိကဏ် အဌကထာနိဿယ၊ပါစိတျာဒိ အဋ္ဌကထာနိဿယ၊အဋ္ဌသာလိနီ အဋ္ဌကထာနိဿယကျမ်း

၄။(ကုန်းဘောင်ခေတ်)
ဝက်ခုတ်ဆရာတော်၏ ဇာတ်ကြီးဆယ်ဘွဲ့ အဋ္ဌကထာနိဿယ၊ဆရာတော်ဦးဗုဒ်၏သဒ္ဒနီတိကျမ်း၊ရူပသိဒ္ဓိနိဿယနှင့် အခြားကျမ်းများ

ဒုတိယမောင်းထောင်ဆရာတော် အရှင်ပညာသာမိ၏ နာဂရာဇုပ္ပတ္တိကထာကျမ်း
ယောအတွင်းဝန်ဦးဖိုးလှိုင်၏ သဒ္ဒသင်္ဂဟကျမ်း
မောင်းထောင်သာသနာပိုင်ဆရာတော်၏ သီလက္ခန်ကာသစ်ကျမ်းနှင့်  နေတ္တိမဟာဋီကာသစ်ကျမ်း
ပထမငါးခုန်ဆရာတော်၏ ဥဒ္ဒကပါဌဋီကာ၊သမ္ဗန္ဓစိန္တာ ဋီကာသစ်များ၊
ဘုရားကြီးဆရာတော်၏ ပါစိတျာဒိယောဇနာ၊သစ်ဆိမ့်ဆရာတော်၏ ကင်္ခါယောဇနာဋီကာ
တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ ပဌာန်းအရကောက်များ
အမတ်ကြီးမဟာဓမ္မရာဇသကြံ၏ သာသနာ့လင်္ကာရစာတမ်း(ရတနာပုံခေတ်)
သီဟိုဠ်ရဟန်းတော်များ၏တောင်းပန်လျောက်ထားမှုကြောင့် မောင်းထောင်ဆရာတော်ရေးသားခဲ့သော သာသနာ့လင်္ကာရစာတမ်း(ရတနာပုံခေတ်)

နောက်ပိုင်းခေတ်ကာလ
လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထဒီပနီ၊အနုဒီပနီ၊၊ယမိုက်ဝိသဇ္ဇနာ၊ပဋ္ဌာနိဒ္ဒေသဒီပနီ....အစရှိသောကျမ်းများ၊မစိုးရိမ်ဆရာတော်ကြီးများရေးသားခဲ့သော
သဒ္ဒတ္ထရတနာဝလိနာမကံ မဟာပါဠိအဘိဓာန်
...တို့ပါဘုရား....
ရွတ်ပြရတာမောလိုက်တာ..ပြည့်စုံပါရဲ့လား ဘဘုန်းဘုရား...

(ဘဘုန်း)...ညံ့ချက်ကွာ.ပရိယတ္တိပါဌ်စာပေသမိုင်းမှာ.အဓိကသဒ္ဒါကျမ်းတစ်အုပ် ကျန်ခဲ့တယ်။
နင်..ရွတ်ပြတဲ့ အထဲမှာ ဗြိတိသျှခေတ်က လယ်တီဆရာတော်တို့နဲ့ခေတ်ပြိုင် အရှင်အာဒိစ္စဝံသ မထေရ်ရေးခဲ့တဲ့ "ပဒသင်္ဂဟပါဌ်"ဆိုတာ မပါပါလားဟ?

(စာရေးသူ) တပည့်တော်လက်လှမ်းမီတဲ့ ပါဠိစာပေသမိုင်းက အဲ့ဒိကျမ်းတွေပဲသိတယ်ဘုရား..ကျန်တာတော့မသိတော့ဘူးဘုရား။

ပြောစရာရှိရင် တစ်တစ်ခွခွပြောတတ်တဲ့ ဘကြီးဘုန်းကြီးက ယခုလို ဆက်မိန့်ပါတယ်။

(ဘဘုန်း)...(အိမ်း...ခက်တာက နင်မပြောနဲ့ မျက်မှောက်ခေတ်ပညာရှင်တချို့တောင်
အဲဒီကျမ်းကို မသိကြဘူး။ငါဖတ်ဖူးတဲ့ ပါဠိစာပေသမိုင်းတွေထဲမှာလည်း အဲ့ဒိကျမ်းထည့်ရေးတာ မတွေ့ဖူးသေးဘူး၊

သဒ္ဒါ၊ပညာ၊ဝီရိယ၊ဆုတ်ယုတ်လာတဲ့ ခေတ်ကာလကြီးမှာ သမိုင်းဝင်စာပေတွေကို တော်ရုံဘယ်သူကမှ ရှာမဖတ်ချင်ကြဘူး။ သမိုင်းထဲက ကွယ်ပျောက်လုနီးပါး ဖြစ်နေတဲ့ ကျမ်းတွေဆို ဝေးစွ။

အေး..ဒီလိုနဲ့ တန်ဖိုးကြီးတဲ့ စာပေတွေပျောက်ကွယ်ကုန်ရော...ဒါဟာမဖြစ်သင့်ဘူး။

ပညာရှင်တွေဆိုတာကလည်း သိပေမယ့် အမှန်းကိုထောက်ပြရဲသူက ရှားတယ်။...

ခက်တာက ဒီကျမ်းစာအုပ်တိမ်မြှပ်သွားရတာဟာ....
ဘိက္ခုနီ သာသနော ပဒေသကျမ်းကို ရေးခဲ့မိလို့ ပကာသနိယ ကံဆောင်ခြင်းခံခဲ့ရတဲ့ ရဟန်းတစ်ပါးရဲ့ ကျမ်းစာအုပ်ဖြစ်နေလို့လား?ဘဘုန်းတော့မပြောတတ်ဘူး။)

ဘကြီးဘုန်းကြီးရဲ့မိန့်ကြားချက်အရ စာရေးသူအတွက်တော့ ပဒသင်္ဂဟပါဌ်ရယ်၊ပကာသနိယကံဆောင်သပိတ်မှောက်ခြင်းခံခဲ့ရတဲ့ ဘိက္ခုနီ သာသနော ပဒေသကျမ်းရယ်၊ အရှင်အာဒိစ္စမထေရ်ရယ် အားလုံးဟာ နားထောင်ချင်စရာ စိတ်ဝင်စားစရာတွေချည်းဖြစ်လာခဲ့ပါတယ်။

ဒါနဲ့...ဘဘုန်းက ဆက်မိန့်ပါတယ်။

(တစ်ခေတ်၊တစ်ခါက ပါဠိသဒ္ဒါဆိုရင် မြန်မာကကျမ်းပြုရင် အထင်မကြီးတတ်ကြတဲ့၊ပါဠိသဒ္ဒါမှာ ဆရာကျပါတယ်ဆိုတဲ့ သီဟိုဠ်ရဟန်းတော်တွေကတောင် အဲ့ဒိ "ပဒသင်္ဂဟပါဌ်" ကိုဖတ်ပြီး လက်ဖျားခါလောက်အောင် ချီးကျူးကုန်ကြတယ်။မြန်မာကို အထင်ကြီး၊လေးစားလာကြတယ်။

အဲ့ဒိကျမ်းက သဒ္ဒနီတိနဲ့ ပဒရူပသိဒ္ဓိ ဆိုတဲ့ပါဠိသဒ္ဒါကျမ်းကြီး နှစ်ကျမ်းထဲက အဆီအနှစ်တွေကို ထုတ်ယူပြီးရေးထားတာ...
ကျမ်းစာကငယ်ပေမယ့် ခေတ်မီတယ်၊ပြည့်စုံတယ်။ဘဘုန်းတို့ ရဟန်းပျိုဘဝက သင်ခဲ့ရဖူးတယ်။

လယ်တီဆရာတော်ဘုရားကြီးကဆိုရင် အရှင်အာဒိစ္စဝံသတင်ပို့လိုက်တဲ့ ပဒသင်္ဂဟပါဌ်ကျမ်းစာအုပ်ကို စေ့ငှအောင် ဖတ်ပြီးတော့ 
(ဘုန်းကြီးတို့ လယ်တီဂိုဏ်းမှာ သင်ကြားပြသခဲ့တဲ့ နည်းနာနိဿယနဲ့ တစ်ထပ်တည်းဖြစ်နေတယ်၊ဒီကျမ်းဟာ လယ်တီဂိုဏ်းအတွက် ဖြစ်ပေါ်လာတဲ့ ကျမ်းတစ်ဆူဖြစ်တယ်)လို့ သူ့တပည့်တွေကို သမိုင်းဝင်သြဝါဒစကားတစ်ခွန်း မိန့်ကြားခဲ့ဖူးတယ်။
အဲ့ဒိလောက်ထိ ကောင်းတဲ့ကျမ်း....

အရှင်အာဒိစ္စတို့သာ ပကာသနိယကံဆောင်ခြင်း မခံခဲ့ရဘူး၊သာသနာမှာသက်တော်ရှည်ခဲ့မယ်ဆိုရင် ဒုတိယ ဦးဗုဓ်ပဲ။သူပြုစုခဲ့တဲ့ ကျမ်းပေါင်း(၄၀၀)လောက်ရှိမယ်ထင်တယ်။

ဒါပေသိ....
ဒို့မြန်မာဆိုတာကလည်း တော်ရင် ဝိုင်းဆော်ကြတဲ့ အကျင့်လေးတွေကရှိတယ်မဟုတ်လား?
နှမ်းစေ့လောက်အပြစ်ရှိရင် ဆင်ကောင်လောက်သာဓကပြပြီး ကန်ထုတ်ကြတော့တာတွေက အများသားကွယ့်။

ဆရာတော်အရှင်အာဒိစ္စဝံသတို့လည်း အဲ့ဒိထဲပါကုန်လေရောသလားပဲ။

ကမ္ဘာ့ကလေးစားရတဲ့ကမ္ဘာ့ သာသနာပြုပုဂ္ဂိုလ်တွေဖြစ်တဲ့
သပြေကန် အရှင်သေဋ္ဌာလာဘိဝံသတို့၊အရှင်
သဲကုန်းဉာဏိဿရတို့ဆိုတာ သူ့တပည့်တွေပဲ။ဆရာကောင်းတပည့် ပန်းကောင်းပန်လို့ ပြောရမှာပဲ။

ဘဘုန်းမြေးမ.. မှတ်ထား....
မြန်မာ့ပါဠိစာပေသမိုင်းကို လေ့လာမယ်ဆိုရင် ပုဂံခေတ်ကနေ ယနေ့အထိ  သီဟိုဠ်နိုင်ငံသားတွေ လက်မြှောက်အရှုံးပေး ချီးကျူးရတဲ့ ပါဠိဘာသာကျမ်းကြီး (၄)ကျမ်းရှိတယ်။

၁။(ပုဂံခေတ်) အရှင်အဂ္ဂဝံသရေးတဲ့ သဒ္ဒနီတိကျမ်း
၂။(ပင်းယခေတ်) အမတ်ကြီး စတုရင်္ဂဗလရေးတဲ့ အဘိဓာန်ဋီကာ
၃။(ဗြိတိသျှခေတ်) လယ်တီဆရာတော်ကြီးရဲ့ ပရမစ္ဆဒီပနီဋီကာ
၄။(ဗြိတိသျှခေတ်)အရှင်အာဒိစ္စဝံသ ရေးသားခဲ့တဲ့ ခုနပြောတဲ့ ပဒသင်္ဂဟပါဌ် ပဲ။

(စာရေးသူ)မှန်ပါဘုရား...ဘဘုန်းပြောတဲ့ အဲ့ဒိ ဆရာတော်ပုံနဲ့ ပဒသင်္ဂဟပါဌ်ကျမ်းစာအုပ် မြင်ဖူးချင်တယ်၊ရှိရင်ပြပါလားဘုရား

(ဘဘုန်း)...(အဲ့ကျမ်းစာအုပ်က ယခင်ငါးပိဆိပ်မှာ ကျောင်းထိုင်ခဲ့တုန်းက လှူပစ်တဲ့အထဲပါသွားတယ်။အဲ့ဒိကျမ်းစာအုပ်က စာအုပ်ဆိုင်တွေမှာ မေးဝယ်ဖို့ မလွယ်ဘူး။
ဆရာတော်ကြီးပုံတော့ ရှိသေးတယ်)ဆိုပြီး စာအုပ်ဗီဒိုထဲက ဟိုမင်းဟောင်းနွမ်းနေတဲ့ ကျမ်းစာအုပ်တစ်အုပ်ကို ယူလာပါတယ်။ပြီးတော့ စာအုပ်အလယ်မှာ ညှပ်ထားတဲ့ ဆရာတော်တစ်ပါးရဲ့ဓာတ်ပုံတစ်ခုကို ပြပါတယ်၊ဓာတ်ပုံအောက်နားမှာ သရဏဂုံသုံးပါးကို ပါဠိ၊မြန်မာ၊အင်္ဂလိပ်သုံးဘာသာနဲ့ ရေးထားတယ်။

(ဘဘုန်း)...(ဒီပုံက ဆရာတော်အရှင်အာဒိစ္စဝံသပုံတော်ပဲ...ကြည့်ပြီး မြေးမ စာသွားဖတ်တော့။)

ဒီလိုနဲ့ ဘဘုန်းကို ဦးချဝတ်ဖြည့်ပြီး ဖတ်လက်စ ဘာသာဗေဒ စာတွေဆက်ဖတ်ခဲ့တယ်။
ဒါပေသိ စာရေးသူစိတ်ထဲမှာတော့ ပဒသင်္ဂဟပါဌ်ဆိုတဲ့ ကျမ်းအကြောင်း ခေါင်းထဲစွဲသွားခဲ့တယ်။

အဲ့ဒိကျမ်းစာအုပ်ရှာပုံတော်ဖွင့်ခဲ့တာ နှစ်အတော်ကြာသွားခဲ့တယ်။

တစ်နေ့...ရန်ကုန်တစ်မြို့လုံးရှိ စာအုပ်ဆိုင်ကြီးတွေနဲ့ စာအုပ်အဟောင်းဆိုင်တွေကို လှည့်ပတ်ရှာခဲ့တယ်။ဆိုင်အများစုက ကျမ်းစာအုပ်အမည်တောင် ကြားဘူမည့်ပုံ မပေါ်ဘူး။

နောက်ဆုံး ကံကောင်းချင်တော့ ကမ္ဘာအေးဘုရားစောင်းတန်းက စာပေသမားတစ်ဦးရဲ့ စာအုပ်အဟောင်းဆိုင်မှာ ရှာလို့တွေ့ခဲ့တယ်။

စာအုပ်အတွင်း လှန်ဖတ်ကြည့်တော့ စာရေးသူအနေဖြင့် ၁၀စက္ကန့်လောက် မင်သက်သွားခဲ့မိတယ်။ ပါဠိတော်ချည်း သက်သက်ပြုစုထားတာကြောင့်ပါ။

ဒါနဲ့.. ဘဘုန်းဆီ စိတ်က ရောက်သွားခဲ့တယ်။
ဘဘုန်းသာအနားရှိရင် (ငါပြောတာလည်း..ပါဠိဘာသာကျမ်းပဲလေ ညံ့ချက်ကွာ) ဆိုပြီး ကြိမ်လုံးနဲ့ ကျောပြင်ကို ဗြောတင်လိုက်လေမလား?

မည်သို့ပင်ဆိုစေကာမူ အဲ့ဒိနေ့က မိမိလိုချင်နေပါသော...မြန်မာ့ပါဠိစာပေသမိုင်းထဲက ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကမ္ဘာကျော်ခဲ့ဘူးသော ပဒသင်္ဂပါဌ်ပါဠိတော်ကျမ်းစာအုပ်ကို ရှာဖွေတွေ့ရှိခဲ့လိ့ု ဝမ်းသာမိတာအမှန်ပါ။

ဒါ့အပြင် ကျမ်းစာအုပ်ကို ရင်ခွင်ထဲပွေ့ပိုက်ရင်း...ခံစားချက်မျိုးစုံကြောင့် မျက်ရည်တစ်ပေါက်က အလိုလို ကျလာပြန်ပါတယ်။

(ကျေးဇူးတွေ...ကျေးဇူးတွေ....

ပါဠိတော်ကို နိဿယပြန်ပေးခဲ့သော.ဆရာအပေါင်းတို့၏ ..အနန္တကျေးဇူးတွေ...

လွမ်းလိုက်တာ...ဆရာတော်ဦးဗုဓ်တု့ိလို နိဿယဆရာတွေ....😭😭😭

စာပေနှင့် ဆရာ့တန်ဖိုး မြတ်နိုးနိုင်ကြပါစေရှင်။

ကျမ်းကိုး...

၁။ပဒသင်္ဂဟပါဌ်(အရှင်အာဒိစ္စဝံသ)

၂။ဝါဒတစ္ဆေ
သန်းထွန်း(လှည်းကူး)

၃။ပါဠိသဒ္ဒါ၊ဘာသာဗေဒနှင့် ကျောက်စာ
ဒုတိယနှစ်(ပို့ချချက်)

ပျူချစ်မင်းသမီး
14.5.2018(01:42)P.M

No comments:

Post a Comment