Thursday, August 29, 2019

သာသနာတော်ကြီး၏ အသက်သွေးကြော ဖြစ်တော်မူကုန်သော စာချဆရာတော်မြတ်အပေါင်းအား ပူဇော်ပါ၏ဘုရား။

                         *(၁)*
မေး။ "စာတတ်ငါးခုန် စာကုန်မန်ကျည်းတော စာပြောသဲအင်း"ဟူသည် အဘယ်နည်း။

ဖြေ။ (၁) ခုဒ္ဒပါဌ်. ကာရိကာနိဿယ အစရှိသော ကျမ်းပေါင်များစွာကို ပြုစုတော်မူသော "အာဒိစ္စဝံသာဘိဓဇ မဟာဓမ္မရာဇဂုရု"ဘွဲ့တံဆိပ်တော်ရ ပထမငါးခုန် ဆရာတော်ကြီးသည် စာပေကျမ်းဂန် တတ်မြောက်လှသူဟူ၍ မြန်မာနိုင်ငံ ပရိယတိ္တသာသနလောကတွင် လွန်စွာမှ ကျော်စောထင်ရှားသည်ကို ရည်၍ "စာတတ်ငါးခုန်"ဟု ဆိုကြကုန်၏။

(၂) သီရိဘိဂုဏာလင်္ကာရ မဟာဓမ္မရာဇဂုရု"ဘွဲ့တံဆိပ်တော်ရ မန်ကျည်းတောဆရာတော် အရှင်သာသနဇောတမှာ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို တစ်ကျမ်းပြီးတစ်ကျမ်း လှည့်လည်၍ အထပ်ထပ်အခေါက်ခေါက် ချပို့ကြည့်ရှုမပြတ် ပရိစယပြုသဖြင့် မကြည့်ဖူးသည့် စာပေမရှိလောက်အောင် ကျမ်းဂန်အရာ၌ နှံ့စပ်လှသည်ကို ရည်၍ "စာကုန်မန်ကျည်းတော"ဟု ဆိုကြကုန်၏။

(၃) "သူရိယဝံသာဘိသိရီပဝရာလင်္ကာရ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု"ဘွဲ့တံဆိပ်တော်ရ သဲအင်းသာသနာပိုင် ဆရာတော်ကြီး အရှင်သူရိယကား ပုဒ်စစ်၊ ပါဌ်စစ်၊ စုဒ်စောဒနာ၊ ဝါကျခွဲ၊ ဉာသ်ကောက်၊ အာဘော်သံဝဏ္ဏနာမှစ၍ အင်မတန်မှ စာချကောင်း၊ စာပြောကောင်းလှသည်ကို ရည်၍ "စာပြောသဲအင်း"ဟု ဆိုကြကုန်၏။ ဤသဲအင်းဆတော်ကြီးသည်ကား ပခုက္ကူ အလယ်တိုက်တည် ရေစကြိုဆတော်ကြီး၏ အဘိုးဆရာပင်ဖြစ်၏။ ယနေ့ခေတ် စာချတန်းဝင် အရှင်တို့ကျက်မှတ်နေရသော ဉာသ်ကောက်ကျမ်းလာ နည်းစနစ်များသည်လည်း သဲအင်းဆတော်ကြီး၏နည်းပင် ဖြစ်ပါ၏။

     ထိုသုံးပါးတို့တွင် ငါးခုန်ဆတော်ကြီး၏ အကြောင်းကို အနည်းငယ်မျှ ဆက်ခွင့်ပြုစေချင်ပါ၏။ ငါးခုန်ဆတော်လောင်းလျာ လူပျိုသဘာဝ ရှင်လိင်ပြန်တော့ မိအေးကို တစ်ဘက်သတ်ကြိုက်လွန်းလို့ ချစ်ရေးဆိုမိသတဲ့။ မိအေးက''သင်လို မျက်ခမ်းတာတေလန် ငါမမှန်းနိုင်။ သင်သာ ဒီတိုင်ဖြစ်မယ်ဆိုရင် ငါ့နှပ်(ချေး)တောင်မှ မသုတ်ဘူး''လို့ ဆိုကတည်းက ရှက်ရှက်နဲ့ စိတ်နာကာ သင်္ကန်းပြန်ဝတ်ပြီး စာကြိုးစား၏။ ရာဇဂုရုအထိ ဖြစ်တော်မူခဲ့၏။။
          ထို့နောက် ငါးခုန်ဆတော်ကြီးသည် ဇာတိရွာသို့ ပြန်တိုင်း အပျိုကြီးမိအေးကို ပိတ်အုပ်လက်ဆောင်များ ပေး၏။ ''ဒင်းကြောင့် ငါစာတတ်တာ။ ကျေးဇူးရှိသကွဲ့''ဟုလည်း မိန့်တော်မူ၏။ ငါးခုန်ဆတော်ကြီးသည် ဗုဒ္ဓဝင်ကို မြန်မာဘာသာဖြင့် ပထမဦးဆုံး ရေးသားတော်မူသော ဆရာတော်လည်း ဖြစ်၏။

       ငါးခုန်ဆရာတော်ကြီးသည် ဘုရားဆုပန်သော ဆတော်ကြီးလည်း ဖြစ်၏။ ငါးခုန်ဆတော်ကြီးသည် ပုထုဇဉ်ဖြစ်သည့်အလျောက် ရင်ထဲ၌ ဒေါသ..စသော အကုသိုလ်များ ဖြစ်ပေါ်ခဲ့သော် ဘုရားရှေ့သို့သွားပြီး “မြတ်စွာဘုရား... တပည့်တော်ငါးခုန်ရဲ့ သန္တာန်၌ ယုတ်မာဆိုးဝါးသော ဒေါသသည် ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးနေပါသည်ဘုရား။ ဒေါသကင်းဝေးတော်မူသော မြတ်စွာဘုရားအား အကြိမ်ကြိမ် ရှိခိုးကန်တော့ပါ၏ဘုရား။ ဘုရားတပည့်တော်၏ သန္တာန်၌ စွဲလမ်းကပ်ငြိနေသော ဆိုးဝါးလှသော ဒီဒေါသကိလေသာကို ကယ်မ.ပယ်ချွတ်တော်မူပါဘုရား” လို့လျှောက်ပြီး ဒေါသကို တဒင်္ဂအနေနဲ့ မငြိမ်းမချင်း ဘုရားရှင်ရှေ့မှာ ဝတ်ပြုနေလေ့ရှိပါသည်။

(ခရက်ဒစ် - နန္ဒာမိုးကြယ်၏ သမိုင်းဝင်ဖြစ်ရပ်များ၊ အရှင်ဝီရသေနနှင့် ဆရာစာတိုငညိုတို့၏ မန့်များ)
အမှာ။ နောင်နောင်ဆရာတော်များ၌ကား အကျဉ်းချုံး၍သာ ဖော်ပြခွင့်ပေးတော်မူကြပါဘုရား။

                        *(၂)*
မေး။ လုံပဏ်.လင်းပဏ်၊ ထိုနှစ်ပဏ်၊ ဘယ်ပဏ်သာ၍၊ တတ်သနည်း။

ဖြေ။ မြန်မာနိုင်ငံ သာသနာ့သမိုင်း၌ အထူးထင်ရှားသော လယ်တီဆရာတော်ကြီး၏ ဆရာတော်မှာ အထက်မြန်မာနိုင်ငံမန္တလေးမြို့မှ "သုဒဿန ဓမ္မသာမိ မဟာဓမ္မ ရာဇာဓိရာဇဂုရု"ဘွဲ့ရ စံကျောင်းဆရာတော် ဦးသုဒဿန-ဖြစ်သည်။ ထိုအချိန်က စံကျောင်းဆကြီးသည် မန္တလေး ရွှေမြို့တော်၌ စာချနာမည်အကျော်ကြားဆုံးဖြစ်၏။ စာလိုက်သံဃာ(၁၀၀၀)ကျော်အထိပင် ရှိ၏။
ထိုစံကျောင်းဆတော်ကြီး၏ တပည့်တို့တွင် "လုံပဏ်.လင်းပဏ်"ဟူသော တပည့်ကြီး နှစ်ပါးတို့သည် စာချရာ၌ အကျော်အစော ရှိလှသောကြောင့် "လုံပဏ်.လင်းပဏ်၊ ထိုနှစ်ပဏ်၊ ဘယ်ပဏ်သာ၍ တတ်သနည်း"ဟူသော ဥဒါန်းစကားသည် ထွက်ပေါ်လာခဲ့ပါ၏။ ထိုတွင် `လုံပဏ်´ဟူသည်ကား...

၁။ အလုံမြို့၊ ကျေးသာစည်ရွာဇာတိ ဖြစ်တော်မူသော "ပဏ္ဍိတဓဇ သိရီပဝရ မဟာဓမ္မ ရာဇာဓိရာဇဂုရု"ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးပဏ္ဍိတပါတည်း။ အလုံမြို့ ဇာတိဖြစ်၍ ဆရာတော်သည် "လုံပဏ်"ဟု တွင်တော်မူ၏။ ဆရာတော်အား မိုင်းခိုင်းမြို့စား ဆင်ဖြူမရှင် မိဖုရားကြီးက ကိုးကွယ်၏။ ထို့ကြောင့် `မိုင်းခိုင်းဆရာတော်´ဟုလည်း တွင်တော်မူ၏။
      ဆရာတော်သည် ကျမ်းပေါင်းများစွာကို စီရင်တော်မူခဲ့၏။ အထူးအားဖြင့် ဆရာတော်ပြုစုတော်မူခဲ့သော `မိုင်းခိုင်းဝိနိစ ္ဆယ ပကိဏ္ဏက´ကျမ်းကြီးမှာ အလွန်ထင်ရှား၏။ ဂါထာရေးရာ၌လည်း အဆန်းတကြယ် ရေးတော်မူလေ့ရှိ၏။ ဆရာတော်၏ `ဆန်းပုံ´ဂါထာစာအုပ်၌ အထူးအဆန်း ဂါထာများကို အံ့ဘနန်းဖူးတွေ့ရ၏။ `ကြာဂါထာအစ လုံပဏ်´ကဟုလည်း ဆိုကြသေး၏။

၂။ ရာဇဂုရု-ဘွဲ့တံဆိပ်တော်မရသော စလင်းဇာတိဆရာတော် ဦးပဏ္ဍိစ္စသည်ကား လယ်တီဆရာတော်လောင်းလျာ အရှင်ဉာဏဓဇ၏ စာချဆရာတော် ဖြစ်တော်မူ၏။ စလင်းဇာတိ ဖြစ်တော်မူ၍ "လင်းပဏ်"ဟု တွင်တော်မူ၏။ ဆရာတော်သည် "ဝိနည်းငါးကျမ်း စလင်းဂဏိ္ဌ၊ ဓာတုကထာ မူလဋီကာ ဂဏ္ဌိသစ်"အစရှိသော ကျမ်းပေါင်းများစွာကို ပြုစုတော်မူခဲ့၏။
    စလင်းဆရာတော်ကြီး ရးတော်မူခဲ့သော စလင်းဂဏိ္ဌကျမ်းကို မဆိုထားဘိ။ ယင်းကျမ်း၏ အညွှန်းနိဒါန်းမျှဖြင့်ပင် ငသုန်တစ်ယောက် ဒူးတုန်ကာ ပြားပြားမှောက်ခဲ့ရပါ၏။ တပည့်ဖတ်ခဲ့ဖူးသော မြန်မာစာဖြင့် ရေးသော နိဒါန်းတို့တွင် အဆင့်မြင့်ဆုံးသော နိဒါန်းပင်ဖြစ်ပါသည်ဘုရား။ တပည့်၏ ဘဝတစ်သက် ဤသု့ိသော နိဒါန်းမျိုးကို မရေးနိုင်တော့ပါ။ ရေးလည်း မရေးတတ်ပါဘုရား။ ယင်းကျမ်းကြီး၏ နိဒါန်းကို ရေးတော်မူသော အရှင်ကား...နာမည်ကျော် ပိဋကတ်အိုးဗြန်းဗြန်းကွဲ ဘုန်းကြီးဦးထွန်းတင်(ကန်တော့ပါဖျား)ပါတည်း။

                            (၃)
မေး။ မိုးရေ.ကန်ရေ၊ ဤနှစ်ထွေ၊ ဘယ်ရေ သာ၍ချိုသနည်း။

ဖြေ။ မန္တလေး. အနောက်ပြင်. မိုးကောင်းတိုက်မှ ဆရာတော်ဦးရေဝတကို "မိုးရေ"ဟု ဆိုလိုပါ၏။ မန္တလေး. အနောက်ပြင်. ခင်မကန်တိုက်မှ ဆရာတော်ဦးရေဝတကို "ကန်ရေ"ဟု ဆိုလိုပါ၏။ ဆတော်နှစ်ပါးလုံးသည်ပင် စာချအရာ၌ အကျော်အစော ကြီးတော်မူကြကုန်၏။

                          *(၄)*
မေး။ တောင်ပြင်မှာ ကြယ်တစ်လုံး၊ မိုးပေါ်မှာ စိန်တစ်လုံး.ဟူသည် အဘယ်နည်း။

ဖြေ။ တောင်ပြင်ကြယ်တစ်လုံးဟူသည် = အရှင်အာဒိစ္စရံသီဘွဲ့ခံ ဆရာတော်ဦးကြည်ကို ဆိုလိုပါ၏။ ရွှေရေးဆောင်နိယံကို စီရင်တော်မူ၏။
အနောက်ပြင် စိန်တစ်လုံးဟူသည် = မိုးကောင်းတိုက် စာချအကျော် ဆရာတော် ဦးစိန္တာကို ဆိုလိုပါ၏။ ဤဆရာတော်ဦးစိန္တာသည်ကား ဝါကျခွဲရာ၌ အကျော်အစော ရှိတော်မူလှ၏။ တောင်သမန်တိုက် ဆရာတော်ဦးကေသဝ၏ ဆရာဟုလည်း ဆိုကြ၏။

                               (၅)
မေး။ "တောင်ပြင် ဥက်သုံးချပ်"ဟူသည် အဘယ်နည်း။

ဖြေ။ ဘုရားကြီးတိုက်မှ ရွှေဘုန်းရှိန်ဆရာတော်ဦးဥက္ကံသ (ခေါ်) ဆရာတော်ဦးကြယ် (ဥက်ကြီး)၊ မြင်းဝန်တိုက် ပတ္တမြားကျောင်း ရူပသိဒိ္ဓဂဏ္ဌိ ကျမ်းပြုဆရာတော် ဦးဥက္ကံသာဘိဝံသ (ဥက်လတ်)၊ ဘုရားကြီးတိုက် နယားဆရာတော်၏ နောင်တော်ဖြစ်သော အမရပူရဆရာတော် ဦးဥက္ကံသာဘိဝံသ (ဥက်ကလေး) တို့ပါတည်း။

မှတ်ချက်။ ဆတော်ကြယ်သီတင်းသုံးရာ ရှေးမူရင်း ကျောင်းအမည်သည် ရွှေဘုန်းရှိန်ကျောင်းတည်း။ ဆရာတော်ဦးကြယ် အသက်ကြီး၍ ပျံတော်မူသည်အထိ သီတင်းသုံးသွားသောကြောင့် ဤကျောင်းကိုပင် ဆရာတော်ဦးကြယ်ကျောင်းဟုလည်း ခေါ်ကြ၏။ ကျောင်းအမည်ရင်း တိမ်မြုပ်၍ ဘုန်းတော်ကြီး၏ ဘွဲ့အမည်နှင့်သာလျှင် ကျောင်းအမည်သည် တွင်ကျယ်သွားခဲ့ပါ၏။ ဆရာတော်ကြီးကတော့ ရှေးမန္တလေးထုံးစံအတိုင်း ဘွဲ့တော်"ဦးဥက္ကံသ"ဟူသော အမည်မထင်ရှားဘဲ ဆရာတော်ဦးကြယ်ဟူ၍ လူနာမည်နှင့်ပင် ထင်ရှားပါ၏။

    မြင်းဝန်တိုက် ရူပသိဒ္ဓိဂဏ္ဌိကျမ်းပြု ပတ္တမြားဆရာတော် "ဦးဥက္ကံသာဘိဝံသ"သည် အမရပူရဆရာတော် ဦးဥက္ကံသာဘိဝံသထက် ကြီးလို့ အမရပူရကို ဆရာတော်ဦးဥက္ကံလေး (ဝါ) ဥက်လေးဟု အခေါ်တွင်သတဲ့။ ပတ္တမြားရော အမရပူရပါ ဆရာတော်ကြယ်အောက် ငယ်ကြပါ၏။ ပတ္တမြားဆရာတော်သည် နှစ်စဉ် ဝါဆိုတစ်ကြိမ်. သီတင်းကျွတ်တစ်ကြိမ် ဆတော်ကြယ်ကို သွားရောက်ကန်တော့တော်မူ၏။
အမှာ။ ဦးအဘိဓဇာဘိဝံသ၊ ဦးဈာနဗုဒိ္ဓနှင့် ဦးဝိစိတ္တသာရတို့၏ အထံမှ ရခဲ့ပါ၏။

                           (၆)
မေး။ "မစိုရိမ်.အာ၊ ဝိသံဝါ"ဟူသည် အဘယ်နည်း။

ဖြေ။ မန်း မစိုးရိမ်ကျောင်းတိုက်. အာဂမနယူပဒေသကျောင်းမှ ဘုန်းကြီးဦးဝိစိတ္တာဘိဝံသကို "မစိုးရိမ်.အာ"ဟု ဆိုကြ၏။ ထိုဆရာတော်သည် အာဘော်ပို့ချရာ၌ အလွန်ကောင်းသည်ဟု ဆိုကြ၏။ ဆရာတော်၏ တပည့်တို့တွင် ဝေယန်ဘုံသာ ဆရာတော်ဦးကလျာဏ.မစိုးရိမ် သီလက္ခန် မစိုးရိမ် ပါရာဇိကဏ် ကျမ်းတို့ကို ပြုစုတော်မူခဲ့သော ဘုန်းကြီးကော အစရှိသော မထေရ်တို့သည်ကား အကျော်ဒေယျ ဖြစ်တော်မူကြကုန်၏။

   မန်း ဝိသုဒ္ဓါရုံတိုက်သစ် သံတော်ဆင့်ကျောင်းတိုက်မှ ဘုန်းကြီးဦးဝါသဝါဘိဝံသကို "ဝိသံဝါ"ဟု ဆိုကြ၏။ နောင်အခါ၌ ဆရာတော်သည် ရန်ကုန်. ဗဟန်းမြို့. ဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်ကို တည်ထောင်တော်မူ၏။ ဆရာတော်ပြုစုတော်မူသော သဗ္ဗဇယမင်္ဂလာကျမ်းသည်ကား အကြိမ်ကြိမ်အခါခါ ပြန်ရိုက်ရသော စာအုပ်ပင် ဖြစ်ပါ၏။ ဆရာတော်၏ တပည့်များတွင် လေးဘွဲ့ရဓမ္မာစရိယ ဦးသီလာစာရ. တိပိဦးသုမင်္ဂလ. တိပိယောဆရာတော် အစရှိသော တပည့်တိုသည်ကား အင်မတန်မှ ထင်ရှားတော်မူကုန်၏။

                             (၇)
မေး။ "တောင်ပြင်နဂါး၊ အနောက်ပြင်ကျား"ဟူသည် အဘယ်ပါနည်း။

ဖြေ။ တောင်ပြင်နဂါးဟူသည် = ဘုရားကြီးတိုက်မှ စာချအကျော် ဆရာတော် ဦးနာရဒ (လယ်တီဦးကောဝိဒ.ဟုလည်း ဝါဒကွဲ၏။)၊ ဘုရားကြီးတိုက်မှ ဆရာတော် ဦးတေဇနိယ (နောင်ပြည်ဇောတိကာရုံ ဆရာတော်)၊ မြင်းဝန်တိုက် ပတ္တမြားကျောင်း ဆရာတော်ဦးနန္ဒဝံသ (ဘုန်းကြီးဦးထွန်းတင်)တို့ကို ဆိုလိုပါ၏။ ပ.ဆတော်ကို ပထမနဂါး၊ ဒု.ဆတော်ကို ဒုတိယနဂါး၊ တ.ဆတော်ကို တတိယနဂါးဟု ဆိုသင့်၏။

    အနောက်ပြင် ကျားဟူသည် တောင်သမန်တိုက်မှ ဆရာတော် ဦးကေသဝ၊ ဝေယန်ဘုံသာတိုက် ဆရာတော် ဦးကလျာဏ၊ မစိုးရိမ်တိုက်မှ ဘုန်းကြီးဦးကောဝိဒတို့ကို ဆိုလိုပါ၏။ ပ.ဆတော်ကို ပထမကျား၊ ဒု.ဆတော်ကို ဒုတိယကျား၊ တ.ဆတော်ကို တတိယကျားဟု ဆိုသင့်၏။
      "ပေါင်းပြီးစိတ်ပြ၊ နောက်ဝါကျ၊ ယူကြပက္ခန်ပင်"နိယံသည် ဆတော်ဦးကေသဝ၏ နိယံတည်း။ "တူစပ်နွယ်"ဝါကျခွဲနည်းကို ပြန့်ပွားစေသော ဆတော်ကား ဆရာတော် ဦးကလျာဏတည်း။ ယင်းဆတော်အထံ၌ မျက်ရှုဆရာတော်လောင်းလျာနှင့် ဟင်္သာတမိုးကောင်း ဆရာတော်လောင်းလျာတို့ သာမဏေဘဝဖြင့် စာချတန်းစာဝါများ လိုက်ခဲ့ဖူးသည်။

                            (၈)
မေး။ "အထက်မှာ.ကော၊ အောက်မှာ.သြ၊ ဘယ်သောအခါ၊ မမေ့ရာ"ဟူသည် အဘယ်နည်း။

ဖြေ။ "အထက်မှာ.ကော"ဟူသည် = မန်း.မစိုးရိမ်တိုက်မှ မစိုးရိမ် ပါရာဇိကဏ်၊ မစိုးရိမ် သီလက္ခန်၊ မစိုးရိမ် အဋ္ဌသာလိနီကျမ်းပြု ဆရာတော် ဦးကောဝိဒကို ဆိုလိုပါ၏။
       "အောက်မှာ.ဩ"ဟူသည် ရန်ကုန် ဗဟန်းညောင်တုန်းကျောင်းတိုက် ပါရာဇိကဏ် စာချအကျော် ဦးဩဘာသကို ဆိုလိုပါ၏။

                          (၉)
မေး။ "သဒ္ဒါကဝိန်၊ သုံးသီရိန်"ဟူသည် အဘယ်နည်း။
ဖြေ။ မန်း မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ ပဲခူး ကြခတ်ဝိုင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ ရန်ကုန် ဗဟန်းဝိသုဒ္ဓါရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသတို့ကို ဆိုလိုပါ၏။
       မြန်မာနိုင်ငံ အထက်ပိုင်းဒေသ တစ်ပါး၊ အလယ်ပိုင်းဒေသ တစ်ပါး၊ အောက်ပိုင်းဒေသ တစ်ပါးတည်း။ ဤအဆိုသည် ၁၉၈၆.ခုနှစ်ဝန်းကျင်၌ ထွက်ပေါ်ခဲ့သော အဆိုဖြစ်၏။

                          (၁၀)
မေး။ "သပြေတစ်ပင်၊ ညောင်နှစ်ပင်"ဟူသည် အဘယ်နည်း။

ဖြေ။ သပြေတစ်ပင်ဟူသည် = သပြေကန်ကျောင်းတိုက်ပါတည်း။ ညောင်နှစ်ပင်ဟူသည် = ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရကျောင်းတိုက်နှင့် ညောင်လေးပင်မြို့ ညောင်လေးပင်တောရကျောင်းတိုက်ပါတည်း။

        ယခုခေတ်၌ စာချ.စာသင်တော်မူကြသော အရှင်မြတ်တို့သည်လည်း လူသာသေသော်လည်း နာမည်မသေသော၊ သာသနာတော်၏ အဓိကဥယျာဉ်မှူးကြီးများဖြစ်သော စာချအကျော် ဆရာတော်များ ဖြစ်ပါစေဟု အကြိမ်ကြိမ်အခါခါ ပတ္ထနာပြုရင်း.ခေတ်အဆက်ဆက်မှ စာချဆရာတော်တို့၏ ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တကို ဦးတင်အပ်ပါသည်ဘုရား။

.
                       "ဆရာ"
            *   သူ့ရင်ထဲမှ ပုံဒြဗ်...
                 တပည့်မျက်ဝန်းထဲ
            *   ထင်ဟပ်စေတယ်။
                 သူ့နှလုံးသားထဲမှ အသံ...
                 တပည့်နားထဲ
                 ပဲ့တင်ထပ်စေတယ်။
            *   သူ့ဘဝထဲမှ နှလုံးအိမ်...
                 တပည့်တွေကို
                 ခိုလှုံစေတယ်။
            *   ရင်ကိုရင်ချင်း
                 ဂျပ်ပင်ထိုးသလို
                 ထပ်တူထပ်မျှ
                 ခံစားစေတယ်။
             *   ဒါ...အံ့ဩစရာမဟုတ်၊
                 သိတယ် မဟုတ်လား?
             *  ဆရာဆိုတာ ...
                 ထူးခြားတဲ့ ပါရမီရှင်။
            *   ဆရာဆိုတာ.. .
                 မှော်ဝင်နေတဲ့ အနုပညာရှင်။
            *   ဆရာဆိုတာ.. .
                 ကမ္ဘာကြီးကို
                 လိုရာပုံသွင်း ဖန်ဆင်းနိုင်တဲ့
                 ဖန်ဆင်းရှင်ပဲလေ။             ။

              မြတ်ဆရာအပေါင်းအား ပူဇော်ပါ၏။
                                            တပည့် ... သုန်

        ဤပို့စ်ဖြင့် တပည့်၏ ဝိနယနှင့် အဘိဓမ္မပါဒက စာချဆရာ ဖြစ်တော်မူသော ပန်းတနော် မြတောင်စာသင်တိုက်မှ စာချဆရာတော် ဘုန်းကြီးဦးအာစာရ(အောက်မှပုံတော်)အား ဂုဏ်ပြုပူဇော်အပ်ပါသည်ဘုရား။

Unicode

No comments:

Post a Comment