Tuesday, December 18, 2018

ကစ္စည်းသဒ္ဒါကြီးကျမ်းပြုမထေရ်အကြောင်း လေ့လာချက်

ကစ္စည်းသဒ္ဒါကြီးကျမ်းပြုမထေရ်အကြောင်း လေ့လာချက်
✿◦◦✿◦ ◦✿◦ ◦✿◦ ◦✿◦◦✿◦ ◦✿◦◦✿◦◦✿◦◦✿

ကစ္စည်းသဒ္ဒါကြီးကို အရှင်ကစ္စာယနမထေရ် (အရှင်ကစ္စည်းမထေရ်)က ပိဋကတ်စာပေကို လေ့လာရာတွင် လွယ်ကူစေရန် ရေးသားစီရင်ခဲ့ခြင်းဖြစ်သည်။ သုတ်ပေါင်း(၆၇၃)သုတ်ရှိသည်။ ၎င်းကစ္စည်းသဒ္ဒါကျမ်းပြုစုသူမှာ ဘုရားရှင်လက်ထက် ဧတဒဂ်ဘွဲ့ရ အရှင်ကစ္စည်းမထေရ်ဟု အချို့က ယူဆကြသည်။ အချို့ကား မဟုတ်​ဟုယူဆကြသည်​။

နျာသကျမ်းပြု အရှင်ဝဇိရဗုဒ္ဓိမထေရ်၊ ရူပသိဒ္ဓိဋီကာကျမ်းပြု အရှင်ဗုဒ္ဓပိယမထေရ်၊ သဒ္ဒနီတိကျမ်းပြု အရှင်အဂ္ဂ၀ံသမထေရ် စသည်တို့က ဘုရားရှင်လက်ထက် အရှင်ကစ္စည်းမထေရ်ဟု ယူဆကြသည်။ သီဟိုဠ်ဘာသာဖြင့်ရေးသားသော ပါဠိသမိုင်း၌မူ ၎င်းသဒ္ဒါကျမ်းပြုစုသူမှာ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်(၃၀)ကျော်တွင်ပေါ်ထွန်းသော သဗ္ဗတ္ထိဝါဒီဂိုဏ်းသား ဥာဏပဋ္ဌာန်းကျမ်းပြု အရှင်ကစ္စည်းမထေရ်ဖြစ်သင့်ကြောင်း ဖေါ်ပြထားသည်​။

သီဟိုဠ်ပညာရှင် "မာလာလာဆေကရ"ကမူ ၎င်းမ​ထေရ်​သည် အိန္ဒိယတောင်ပိုင်းသားဖြစ်ကြောင်း၊ အေဒီ(၅)ရာစုခန့်တွင် ပေါ်ထွန်းသောမထေရ်ဖြစ်ကြောင်း ဆိုထားသည်။

ဘုရားရှင်​လက်​ထက်​​တော်​က အရှင်​ကစ္စည်းမ​ထေရ်​မဟုတ်​​ကြောင်း ဆရာများ​ထောက်​ပြ​သောအချက်​တို့မှာ-

ကိံသမာဝေါသုတ်၌ "ကွ ဂတောသိ တွံ ဒေ၀ါနံပိယတိဿ" ဟူသောပုံစံဝယ် ဒေ၀ါနံပိယတိဿမင်းသည် ဘီစီ(၃၀၂-၂၆၇) တွင် သီဟိုဠ်၌နန်းတက်သော မုဋသီဝမင်း၏သားတော်(၁၀)ပါး အနက် ဒုတိယမြောက်သားတော်ဖြစ်သည်။ ၄င်းပြယုဂ်ကိုထောက်၍ အရှင်ကစ္စည်းမထေရ်သည် ဒေ၀ါနံပိယတိဿမင်းမပေါ်ပေါက်ခင်က မဖြစ်နိုင်​တော့၊ ဒေ၀ါနံပိယတိဿမင်းပေါ်ပေါက်ပြီးမှသာ အရှင်ကစ္စည်းမထေရ် ပေါ်ထွန်းခဲ့ကြောင်း ယူဆရသည်​။

တဖန် ယော ကရောတိ သကတ္တာသုတ်လာ "ဥပဂုတ္တေန မာရော ဗန္ဓော"ဟူသောပြယုဂ်အရ ၎င်းအကြောင်းအရာဖြစ်ရပ်သည် ဘီစီ(၂၇၃-၂၃၂) သီရိဓမ္မာသောကမင်းးလက်ထက်၌ ဖြစ်ပေါ်ခဲ့သောအကြောင်းအရာဖြစ်သည်။

ထို့ပြင် သက္ကမန္ဓာတာဒီနဉ္စသုတ်၌ 'သကမင်း"ဟူသည် ဒေ၀မိတ္တဘွဲ့ရ မြောက်ပိုင်းအသောကဟုထင်ရှားသော သာလိဝါဟနသောကမင်း အေဒီ(၇၈-သို့မဟုတ်-၁၂၀) ဖြစ်သည်။ ယင်းပြယုဂ်တို့ကိုထောက်၍ ဘုရားရှင်လက်ထက်တော်က အရှင်ကစ္စည်းမထေရ် မဟုတ်ကြောင်း ပညာရှင်​များဆိုကြသည်။

အခြားအ​ကြောင်းတစ်​ရပ်​မှာ-
ဘုရားရှင်လက်ထက်တော်က ဧတဒဂ်ဘွဲ့ရ အရှင်ကစ္စည်းမထေရ်သည် ကစ္စည်းကျမ်း၊ မဟာနိရုတ္တိကျမ်း၊ နေတ္တိကျမ်းတို့ကို ဟောတော်မူခဲ့ကြောင်း အပဒါနအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ(၂၁၃)၌ ပါရှိသည်။

ပညာရှင်များကမူ ကစ္စည်းသဒ္ဒါကျမ်းကို ဘုရားရှင်လက်ထက် အရှင်ကစ္စည်းမထေရ်ဟောခဲ့သည်မှန်လျှင် သင်္ဂါယနာတင်ကျမ်းတွင် ပါဝင်မည်ဖြစ်ကြောင်း၊ ၄င်းမထေရ်ဟောသုတ္တန်အချို့ သင်္ဂါယနာကျမ်းတွင်ပါဝင်သဖြင့် ကစ္စည်းသဒ္ဒါကျမ်းသည်လည်း သင်္ဂါယနာတင်ကျမ်းတွင် ပါဝင်သင့်ကြောင်း၊ ထိုသို့မပါဝင်သဖြင့် ဘုရားရှင်လက်ထက် အရှင်ကစ္စည်းမထေရ် မဖြစ်နိုင်ကြောင်း၊ သီဟိုဠ်ကျွန်း အနုရာဓခေတ်ကပေါ်ထွန်းခဲ့သောမထေရ်ဖြစ်ကြောင်း ဆိုကြသည်။

(​ဖေါ်ပြပါ အ​ကြောင်းအရာများသည်​ မိမိကိုယ်​ပိုင်​အ​တွေးအ​ခေါ်မဟုတ်​ပါ။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ဘီအေ စတုတ္ထနှစ်၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးဘာသာရပ်တွင် သင်ယူခဲ့ရသောမှတ်စုကို ပြန်လည်မျှဝေခြင်းသာဖြစ်သည်။)

No comments:

Post a Comment