#ဉာသ်ကောက်သင်ယူခြင်း၏ #အကျိုးကျေးဇူး
တစ်နေ့က ပါဠိသဒ္ဒါဂရုမှာ ဉာသ်ကောက်ဟူသည် အဘယ်နည်း။
ဉာသ်ကောက်သင်ယူခြင်းဖြင့် အဘယ်သို့သော ဝိသေသအကျိုးကျေးဇူးရှိသနည်း
အလကားသက်သက် နိရတ္ထကဖြစ်စေသော သင်ယူအားထုတ်ခြင်းလော? ဤသို့သဘောဆောင်သော မေးခွန်းမျိုးဖတ်ရပါသည်။
ထိုအခါမှ မိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်မိပါသည်
သုံးသပ်ကြည့် ပါသည်။ သင်ယူသူနှင့် မသင်ယူသူဘာထူးသနည်း။ အဖြေသည် တန်းမထွက်။ ထို့ကြောင့် မိမိ၏ သိသလောက်သော အချက်အလက် သုံးသပ်နိုင်စွမ်းရှိသလောက်ဖြင့် ဆက်လက်ကြံစည်မိ၏။ မေးခွန်းရှင်အားလည်း ကျေးဇူးတင်၏။ လိုအပ်ချက် များလည်း ကရုဏာရှေးထား၍ ထောက်ပြက သုဝစဂုဏ်ပြည့်ဝစေရန် အာမခံ၏
ဉာသ်ကောက်ဟူသည် အဘယ်နည်း။
ဉာသ်ကောက်ဟူသည် ဓမ္မာစရိယကျမ်းရင်းသုံးကျမ်းအနက် ပါရာဇိကဏ် နံပါတ် ၄အတွက်သင်ယူရသော စည်းမျည်းတစ်ခုတည်း။
ပါဠိတော်ပုဒ်တို့ကို #သဒ္ဒါနည်းကျ_ခွဲခြမ်းစိတ်ဖြာ၍ #အရကောက်ပညာတည်း။
သဒ္ဒါနည်းကျ ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်၍ ပါဠိသဒ္ဒါရေးကို အခြေခံအားဖြင့်တီးမိခေါက်မိပြီးသားဖြစ်ရပါမည်။ သဒ္ဒအမြင် မရှိသူ သင်ယူက အက္ခရာမသိသူကို ဝါကျဖွဲ့နည်း သင်သကဲ့သို့ဖြစ်မည်။ အချည်းအနှီးဖြစ်မည် ကြန့်ကြာ မည်သာဖြစ်သည်။
အရကောက်ရာ၌လည်း ပရမတ်ဆိုက်အောင်ကောက်ရသည်လည်းရှိ၏။ ပညတ်၌သာ ကောက်ရသည်လည်းရှိ၏။ ထိုနှစ်ခု ရောပြွမ်း၍ ကောက်ရသည်လည်းရှိ၏
ထို့ကြောင့် အဘိဓမ္မာ အခြေခံလည်း ရှိပြီးသားဖြစ်ရပါမည်။
လိုအပ်သော အခြေခံအချက်တို့ကို ဆိုပြီးပါပြီ။
#ဉာသ်ကောက်အမျိုးအစား
ပုဒ်အမျိုးအစား word classပေါ်မူတည်၍ သမာသ်ဉာသ်ကောက်, တဒ္ဓိတ်ဉာသ်ကောက်, ကိတ်ဉာသ်ကောက်, အာချာတ်ဉာသ်ကောက်ဆိုပြီး ၄မျိုးပိုင်းခြားနိုင်ပါတယ်။(ဥပသာရပုဒ်ဉာသ်ကောက်,နိပါတ်ပုဒ်ဉာသ်ကောက်တွေက သမာသ် ကိတ် အာချာတ်တွေမှာပေါင်းပြီးလေ့လာနိုင်ပါတယ်။ သဗ္ဗနာမ်နဲ့ ဝိဘတ်ဉာသ်ကောက်ကိုတော့ ခုနကမှသိတယ် 😃😃😃😅)
ဒီထဲကမှ သမာသ်ပုဒ်တွေကနေ စတင်ချည်းကပ်ကြည့်ပါမယ်။ သမာသ်သည် အကျဉ်းအားဖြင့် ခြောက်မျိုးရှိပါသည်။ မြန်မာလိုဆို ပေါင်းစပ်နာမ်ဟုခေါ်က သင့်မည်ထင်၏။ နာမ်ပုဒ် နှစ်ခု သုံးခုကို တစ်ပုဒ်ထဲပေါင်းထားတာပါပဲ။
သမာသ်ခြောက်မျိုး
ဗျ,ကမ် ဒိ တပ်, ဗ ဒွန် ထပ် ခြောက်ရပ် သမာသာ။
၁။ အဗျယီဘော ( နိမ္မသကံ)
၂။ ကမ္မဓာရယ် ( မဟာပုရိသော)
၃။ ဒိဂု (တိလောကံ)
၄။ တပ္ပုရိသ်( ဘူမိဂတော)
၅။ ဗဟုဗ္ဗီဟိ (ဆိန္နဟတ္ထော)
၆။ဒွန် (သာရိပုတ္တမောဂ္ဂလ္လာာနာ)
အမြွက်မျှသာပြလိုက်ပါသည်(အများကြီးလည်း မသိပါဘူး😂😂)
အဗျယီဘောဟူသည် ဥပသာရပုဒ် နိပါတ်ပုဒ်သည် ရှေ့ကရှိရပါမယ်။ သူ့ရဲ့အနက်က ပဓာနကျရပါမယ်။
နိမ္မသကံ(နိ+မသက)
နိ =မရှိခြင်း
မသက (ခြင် or ယင်)
နိမ္မသက=ခြင်မရှိခြင်း
ဒီပုဒ်မှာ မရှိတာက ပဓာနကျပါတယ် ပြဋ္ဌာန်းတယ်ပေါ့။
ကမ္မဓာရယ်ဟူသည် ပေါင်းစပ်ထားတဲ့နာမ်ပုဒ်တွေဟာ အရတူတယ် တစ်ခုတည်းပဲ။
မဟာပုရိသ
မဟာ=မြင့်မြတ်
ပုရိသ=ယောက်ျား
မဟာပုရိသ=ယောက်ျားမြတ်
ဒီပုဒ်မှာ ယောက်ျားက အဓိကကျပါတယ် ဝိသေသျပုဒ်က အဓိကကျပါတယ်။
ဒိဂုဟူသည် ကမ္မဓာရယ်လိုပါပဲ။ သို့သော် ရှေ့ပုဒ်က သချၤာရှိတယ်။
တိလောကံ
တိ= ၃
လောက=လူအပေါင်း
တိလောက=လူသုံးပါးအပေါင်း
ကမ္မာဓာရယ်လိုပါပဲ ဝိသေသျဖြစ်တဲ့ လူကအဓိကကျပါတယ်
တပ္ပုရိသ်ဟူသည် နောက်ပုဒ်အနက်က အဓိကကျပါတယ်။(အမာဒိတပ္ပုရိသ်သာပြပါမယ်)
ဘူမိဂတ
ဘူမိ=မြေ
ဂတ=သွားသူ
ဘူမိဂတ=မြေသို့သွားသူ
နောက်ပုဒ် ဂတက အဓိကကျပါတယ်
ဗဟုဗ္ဗီဟိဟူသည် ပေါင်းစပ်ထားသောနာမ်ပုဒ်တွင်မပါသော အနက်သည် အဓိကကျသော ပုဒ်မျိုးတည်း။
ဆိန္နဟတ္ထ
ဆိန္န=ပြတ်
ဟတ္ထ=လက်
ဆိန္နဟတ္ထ=လက်ပြတ်
ပေါင်းစပ်နာမ်ပုဒ်မှ အပဖြစ်တဲ့ လက်ပြတ်တဲ့လူကိုယူရပါတယ်(ပြတ်သွားတဲ့လက်ကိုမယူရပါဘူး)
ဒွန်ဟူသည် အရမတူတဲ့ပုဒ်တွေကို ပေါင်းစပ်ထားတာပါ။
သာရိပုတ္တ =သာရိပုတ္တရာ
မောဂ္ဂလ္လာန=မောဂ္ဂလာန်
သာရိပုတ္တမောဂ္ဂလ္လာန=သာရိပုတ္တရာမောဂ္ဂလာန်တို့။
ဤမျှဖြင့် သမာသ်ပုဒ်တို့၏ သဘောနှင့် အဘယ်ကို အဓိကယူအပ်သည်ကိုပြပြီးပါပြီ။ဘာကြောင့် ဒါတွေကို ရှည်လျားစွာ ပြနေရလဲ? သဒ္ဒါအခြေခံရှိပြီးသူသည် အရကောက်၌ အထူးအားစိုက်ဖွယ်မလို သိပြီးသားဖြစ်တာကို ပြောလိုတာပါ။ ဉာသ်ကောက်ဟူသည် သဒ္ဒါနည်းကျခွဲခြမ်းစိတ်ဖြာ အရကောက်ပညာဟူ ကျွနုပ်ဆိုခဲ့ပါတယ်။ ယခုသဒ္ဒါရေးသည်ပင် ဉာသ်ကောက်ဟူဆိုက ဆိုနိုင်ပါတယ်။
ဆိုရိုးကျခြင်း မကျခြင်းသာကွဲ၏။ informalဆန်၏။ ကျွနုပ်တို့သင်ယူနေသော ဉာသ်ကောက်ကား formalကျ၏ ဆိုရိုးကျသင်ယူပို့ချ၏။ထို့ကြောင့် ဉာသ်ကောက်သည်ဟူသည် form ပုံစံတစ်ခုတည်းကို သွပ်သွင်းလိုက်တာပါပဲ။ အထွေအထူး အားစိုက်နေရသည် မဟုတ်။ အချိန်တို့ကို အချည်းအနှီးဖြုန်းတီးပစ်ရသည်မဟုတ်။ သိပြီးသော သဒ္ဒအမြင်တို့ကို ပုံစံတစ်ခုတွင်းသို့ သွပ်သွင်းခြင်းမျှသာ ရက်ပိုင်းဖြင့် နားလည် ကိစ္စပြီးနိုင်သည်သာ။
ဥပမာ မဟာပုရိသောကို ဉာသ်ကောက်မည်ဆိုပါစို့။
ပုဒ်ကို ဝိဂြိုဟ်ဆို (definationဖွင့်တာပါပဲ)
အနက်ပေး (translateလုပ်)
အမည်ပေး(namingလုပ်)
ပုဒ်ခွဲ(analyseလုပ်)
ပြီးရင် မုချကောက် ဥပစာကောက် ပုဒ်လုံးကောက်ဆိုပြီး အဆင့်ဆင့်လုပ်ဆောင်။
နောက်ဆုံးရတာကတော့ မြင့်မြတ်သောယောက်ျားပါပဲ။
ဆိုရိုးကျခြင်း မကျခြင်းသာထူးပါတယ်။
ဒါကြောင့် ဉာသ်ကောက်တာက ဘာကိုအကျိုးကျေးဇူးပြုလဲ မေးရင် တိုက်ရိုက်အကျိုးက ဘယ်ပုဒ် ဘယ်ပါဋ္ဌ်က ဘာကိုယူရမယ် ဘာကိုမယူရဘူးဆိုတဲ့ အရကောက်ကို ကျနစွာသိခြင်း အကျိုးဟုဆိုရပါမယ်။
အရကောက်ကို ကျနစွာသိတော့ ဘာအကျိုးကျေးဇူးရလဲဆိုတော့ အသိဉာဏ်ရှင်းပါတယ်။ အသိရှင်းတော့ အကျင့်တရား လမ်းဖြောင့်ပါမယ်။ နောက် ဝိဝါဒါဒိကရုဏ်း အငြင်းပွားမူတွေနည်းလာမယ်။ ဖြေရှင်းနိုင်မယ်။
အဲ့လို အကျိုးဆက်အထူးတွေရပါလိမ့်မယ်။ မှန်၏။ သေးသေးမွားမွားပုဒ်တို့၌ ၎င်းသည် အရေးမပါသကဲ့သို့ ထင်ရ၏။ အယူအဆရေးရာ အကျင့်အကြံရေးရာတို့၌ စနစ်တကျခွဲခြမ်း စိတ်ဖြာတတ်ခြင်းသည် အရေးပါ၏
ဆက်ရန်
အညတရ သမဏ(တောင်ကြီး)
No comments:
Post a Comment