အခြေခံပါဠိဘာသာဖြင့်ဖြေဆိုနည်း(၄)
နာမ်ဝိဘတ်၊အာချာတ်ဝိဘတ်၊
ကြိယာတို့အကြောင်းပြခဲ့ပြီ။ယခု ဝတ္တမာန်ဝိဘတ်ဖြင့်
ပါဠိဝါကျဖွဲ့ပုံကို ရေးမည်ဖြစ်သည်။
ဝတ္တမာန်ဝိဘတ်၏ ပစ္စုပ္ပန်ကာလ၌ ဖြစ်ခြင်း
ယင်း၏သက်ဆိုင်ရာအနက်များကို
ဖော်ပြခဲ့ပြီးသော အခန်းတွင်ကြည့်ပါ။
ဦးစွာ ကံဟော၊ကတ္တားဟော ဝါကျကို ခွဲခြားတတ်ဖို့
လိုမည်။
-အပ်၊ခြင်း၊ရာ၊ထိုက်၊စသည်မပါသော ဝါကျကို
"ကတ္တားဟော" ဝါကျဟုမှတ်ပါ။
အပ်၊ထိုက်၊ပါသော ဝါကျကို
"ကံဟော" ဝါကျဟုမှတ်ပါ။
ခြင်း၊ရာ ပါသောဝါကျကို
"ဘောဟော"ဝါကျဟုမှတ်ပါ။
ကတ္တားဟောဝါကျ၌--
ကတ္တားကို ပထမာ၊
ကံကို ဒုတိယာ၊
ကြိယာကို ကံဟော"ယ"ပစ္စည်းမဖက်
သက်သက်သော ရိုးရိုးပစ္စည်းဖြင့် ရေးပါ။
ပုံစံ-
ပုရိသော-ယောင်္ကျားသည်(ပဌမာ)
မဂ္ဂံ-လမ်းကို(ဒုတိယာ)
ဂစ္ဆတိ-သွား၏။(ဂမု-အ-တိ)
ရှင်းလင်းချက်-
ပုရိသော-သည် နာမသဒ္ဒါ၊ပထမာဧကဝုစ်
"သိ"ဝိဘတ်ဖြစ်၍
ဂစ္ဆ(တိ)-ဟုပထမပုရိသ်၊နာမယောဂ၊ဧကဝုစ်ဖြင့်ရေးသည်။
ကတ္တားဟောဖြစ်၍ ကတ္တားသည်သာ အဓိကဖြစ်သည်
မဂ္ဂံ-ကိုကား မဂ္ဂံ(သို့မဟုတ်)မဂ္ဂေဟု ဝုစ်ပြောင်းရေးနိုင်သည်။
တတိယာ၊စတုတ္ထီ ထည့်ရေးလိုက ဧကဝုစ်၊ဗဟုဝုစ်
ကြိုက်နှစ်သက်ရာ ရေးနိုင်သည်ဟု မှတ်ပါ။
မှတ်ချက်-
မြန်မာဝါကျကိုကတ္တားဟော၊ကံဟောဝါကျ
ခွဲတတ်လိုပါက ရှေ့ဦးစွာ ကြိယာကို ကြည့်ပါ။
ကြိယာကြည့်ပြီးမှ ကတ္တားကို ရေး ပြီးမှ ကြိယာကိုရေး
ထိုနည်းဖြင့် ကတ္တားဟော၊ကံဟော ခွဲခြား သိမြင်လာမည်။
နာမ၊တုမှ၊အမှ၊ ခွဲတတ်လာမည်။
သဒ္ဒါ၊ပုရိသ်၊ဝုစ်၊ ခွဲခြားတတ်လာမည် ဖြစ်သည်။
အာချာတ်ကြိယာဖြင့် ဝါကျဖွဲ့တတ်ပြီဆိုလျှင်
တွာ၊တွာန၊တုန၊ ကိတ်ပစ္စည်းများဖြင့် ဝါကျ ဖွဲ့တတ်ဖို့လိုသည်။
ဥပမာ-
ပုရိသော မဂ္ဂံ ဂစ္ဆတိ၊တတော ပရံ ဘုဉ္ဇတိ။
(အနက်-ယောက်ကျားသည် လမ်းကို သွား၏
ထိုမှ နောက်၌ စား၏။)
၎င်းဝါကျကို တွာ၊တုန၊တွာန ဖြစ် ဝါကျ ဆက်ကြည့်ပါ။
ပုရိသော မဂ္ဂံ ဂံတွာ ဘုဉ္ဇတိ။
နှစ်ဝါကျဆက်လိုသော် ပထမဝါကျ ဂစ္ဆတိကို
တွာ ပစ္စည်းဆင့်ပြီး ရေးရုံသာ။
အထက်ပါ ပုံစံ၌ သွားသူ စားသူ သည် ပုရိသော
တစ်ယောက်ထည်း ပင်ဖြစ်၏။၎င်းကိုပင် အရတူ
ဝါကျဟု ခေါ်သည်။
သွားသူကတစ်ယောက် စားသူကတစ်ယောက်ဖြစ်လျှင်
အရကွဲဝါကျဟု ခေါ်သည်။
တွာ-စသော ပစ္စည်းသည် အရတူ၊အရကွဲဝါကျ
၂ မျိုးလုံး၌ ထည့်သွင်း အသုံးပြုလို့ ရသောကြောင့်
အရကွဲ ဝါကျ၌ တွာ ပစ္စည်းကို နိမိတ် အနက်ပေး၊
ယင်း၏ကတ္တားကို ဆဋ္ဌီအနက်ပေးပါ။
ပုံစံ-
ဇဝနမ္ပိ အနုပဇ္ဇိတွာ ဒွတ္တိက္ခတ္တုံ ဝေါဋ္ဌဗ္ဗနမေဝ ပဝတ္တတိ။
အနက်-ဇဝနမ္ပိ-ဇော၏လည်း(ကတ္တား ဆဋ္ဌီ အနက်)
အနုပဇ္ဇိတွာ-မဖြစ်ခြင်းကြောင့်(တွာ-နိမိတ်အနက်)
ဒွတ္တိက္ခတ္တုံ-နှစ်ကြိမ် သုံးကြိမ် တိုင်တိုင်၊ဝေါဋ္ဌဗ္ဗနမေဝ၊
ဝုဋ္ဌောသည်သာ၊ပဝတ္တတိ၊ဖြစ်၏။
ဤပုံစံ၌ အနုပဇ္ဇိတွာ-၏ ကတ္တားသည် ဇဝနမ္ပိဖြစ်၍
ပဝတ္တတိ-ကတတ္တားသည် ဝေါဋ္ဌဗ္ဗနံ ဖြစ်သည်
ထိုသို့ အရကွဲ ကတ္တားကွဲသောကြောင့်
တွာ-ပစ္စည်း၏ ကတ္တားကို ဆဋ္ဌီ သမ္ဗန် အနက်ပေး၍
တွာ-ပစ္စည်းကို နိမိတ်အနက် ပေးရသည်။
ဆောင်---
ကတ္တားကွဲဘိ၊မတူရှိသော်၊မိမိကတ္တား၊သမ္ဗန်ထား၍
လာငြားဟိတ်မှာ၊သက်တို့ရာသည်၊တွာဒိပစ္စည်း
သဘောတည်း----။
အောက်ပါလေ့ကျင့်ခန်း လေ့လာကြည့်ပါ
၁။ငါ ရေချိုးပြီး ထမင်းစာ၏။
၂။ငါ ထမင်းစားပြီး ထိုင်နေ၏။
၃။ငါ ထိုင်ပြီးမှ အိပ်၏။
၎။ငါ အိပ်ပြီး၍ အလုပ်ကို လုပ်၏။
စာရေးသူတို့က နည်းပေးရုံသာဖြစ်၍
လေ့ကျင့် မှတ်သားဖို့က စာရှုသူတို့ တာဝန်ဖြစ်သည်။
များများ လေ့ကျင့်လေ များများ ရေးတတ်လေဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment