ဋီကာဟူသည်
~~~~~~~
ဋိကီယတိ ဉာယတိ သံဝဏ္ဏနာယ အတ္ထော ဧတာယာတိ ဋီကာ ။
[ ဇူ = ၂ ။ ၇၇ ]
ဋိကီယတိ ဇာနိယတိ သံဝဏ္ဏနာယ အတ္ထော ဧတာယာတိ ဋီကာ ။
[ နီတိဓာတု = ၁၇ ] [ ဋီကာ+ယာ+အ ] ယာ - ယနေ ။
ယာ-ဓာတ် အပစ္စည်း ဣတ္ထိလိင်ဇောတက အာပစ္စည်း ။
ဋီကာ = ဋီကာကျမ်း ။
ထိုဋီကာကျမ်းတို့ကို မာဂဓဘာသာဖြင့် ဋီကာ , ဝိဘာဝနီ ,
ဒီပနီ ဟူသောအမည်တို့ဖြင့်လည်းကောင်း သက္ကဋဘာသာဖြင့်
ဋိပ္ဖနီ , သန္နယ , ဗျာချာ ဟူသော အမည်တို့ဖြင့်လည်းကောင်း
ခေါ်ဆိုကြသည် ။
ထိုဋီကာကျမ်းတို့တွင် ဋီကာတကာတို့၏ လက်ဦးအရင်းအမြစ်
ဖြစ်သောကြောင့် မူလဋီကာအမည်ရသော ကျမ်းကို
ဋီကာဒွါရ ဟုလည်းကောင်း ဋီကာမ ဟုလည်းကောင်း
ထပ်ဆင့်ဝေါဟာရပြုကြသည် ။
ဋီကာကျမ်းရင်း၌ မထင်မမြင်လွယ်သော အရာကို
ထင်လွယ်မြင်လွယ်အောင် ထပ်ဆင့်၍ဖွင့်သောကြောင့်
အနုဋီကာအမည်ရသော ကျမ်းမျိုးကို ဋီကာဆင့် ဟု
ဝေါဟာရပြုကြသည် ။ ဋီကာကျမ်းရင်း၌ အနက်အဓိပ္ပါယ်မကုန်၍
ကြွင်းကျန်သည်ကိုလည်းကောင်း မသိသာမကွဲပြားသည်ကို၎င်း
ကုန်စင်သိသာအောင် ကွဲပြားအောင် ဋီကာကျမ်းရင်းနှင့်
ပေါင်းစပ်၍ ဖွင့်ဆိုထားသဖြင့် ကုန်စင်သိသာ ကွဲပြား
ချိုမြိန်သောကြောင့် မဓုဋီကာ အမည်ရသော ကျမ်းမျိုးကို
မြိန်တောင်း ဟု ဝေါဟာရပြုကြသည် ။
အကျဉ်းအမြွက်မျှ မှတ်ဆိုသော ကျမ်းငယ်များကို
လက္ချာန်ကျမ်းများဟု လည်းကောင်း ကာလရွေ့လျော့၍
လက္ချာန်းကျမ်းများဟု လည်းကောင်း ကာလထပ်မံ ရွေ့လျော့ပြန်၍
လက်သန်းကျမ်းများဟု ဝေါဟာရပြုကြပြန်သည် ။
ဝိနည်းဋီကာ ဒီဃနိကာယ်ဋီကာ မဇ္ဈိမနိကာယ်ဋီကာ
သံယုတ္တနိကာယ်ဋီကာ အင်္ဂုတ္တရနိကာယ်ဋီကာ အဘိဓမ္မာဋီကာကျမ်းများ
မြန်မာပြည်၌ အပြည့်အစုံရှိ၍ ကျန်ခုဒ္ဒကနိကာယ်
ဋီကာကျမ်းများ သီဟိုဠ်ကျွန်းမှ မြန်မာနိုင်ငံသို့
မရောက်ခဲ့ဖူးကြောင်း ရေးသားထားခြင်းရှိသည် ။
ထို့ကြောင့် မြန်မာပြည်၌ ဋီကာကျမ်းများ အပြည့်အစုံ မရှိသေးဟု
မှတ်ယူရမည် ။
ထိုတွင် ခုဒ္ဒကပါဌဋီကာကို ( အရှင်အာဒိစ္စဝံသ - ပထမငါးခုန်
ဆရာတော် ) ဓမ္မပဒဋီကာဟောင်းကို (အမည်မသိ သီဟိုဠ်ဆရာတော်)
ဓမ္မပဒဋီကာသစ်ကို ( အရှင်ဝရသမ္ဗောဓိ - ရေစကြိုဆရာတော် )
ဇာတ်ဋီကာဟောင်းကို ( အရှင်ဓမ္မပါလ - ဒီဃနိကာယ်ဋီကာကျမ်းပြု
ဆရာတော် ) ဇာတ်ဋီကာသစ်ကို ( အရှင်ပညာသာမိ - မောင်းထောင်
ဆရာတော် ) နေတ္တိမဟာဋီကာကို ( အရှင်ဉာဏာဘိဝံသ -
မောင်းထောင်သာသနာပိုင်ဆရာတော် ) ရေးကြောင်း
ပေမူဖြင့်သာ ရှိကြောင်း ဖတ်ရှုမှတ်သားဖူး၏ ။
နေတ္တိဋီကာ ဝိဘာဝနီတို့ကား ဆဋ္ဌမူဖြင့် စက်တင်ပုံနှိပ်ပြီးလေပြီ ။
သို့ဖြစ်၍ ရေးသားပြီး ဋီကာကျမ်းများ စက်တင်ပုံနှိပ်နိုင်သော်
လည်းကောင်း , မရေးရသေးသော ဋီကာကျမ်းများ ရေးသား
ဖြည့်စွက်နိုင်သော်လည်းကောင်း သာဓုအနုမောဒနာ ထပ်ပြန်ကာ
အကြိမ်ကြိမ်ဆင့် ပူဇော်သင့်ပါဘိတော့ တကား ။
ထို့ပြင် ယခုရှိနေသော ဋီကာကျမ်းများကိုပင် ကုန်စင်အောင်
ကြည့်ရှုပါဦး မရိုက်ရသေးသောဋီကာ မရေးရသေးသောဋီကာများကို
မျှော်လင့်မနေပါနှင့်ဟူ၍လည်း အပြစ်မတင်ရာ ။
နာနာဆန္ဒ နာနာဇ္ဈာသယကြောင့် နာနာဂန္ထတို့ကို လေ့လာကြည့်ရှု
သူတို့အတွက် ကြီးစွာသော အထောက်အပံ့ အကူအညီဖြစ်မည်ကား
မလွဲဧကန် အမှန်ဖြစ်ပေလိမ့်တကား ။
[ ယခုမူ ဓမ္မပဒဋီကာနိသျများ ထွက်ရှိနေပေပြီ ]
[ စလင်း -ဝိနည်းဂဏ္ဌိသစ်မှ ]
No comments:
Post a Comment