ဝမ်းမြောက်တတ်မှ ချမ်းသာရ
@@@@@@@
ဘာဝေထ မုဒိတာ စိတ္တံ,
သတ္တေသု သုခိတေသု စ၊
မုဒိတံ ဘာဝယိတွာန,
သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
ဘောန္တော-တရားချစ်ခင် စိတ်ကောင်းဝင်သည့် တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့။
တုမှေ-ကုသိုလ်တရား ပွားများလိုလား သင်သူတော်များတို့သည်။
သုခိတေသု စ-လောကစည်းစိမ် ဂုဏ်သိန်ပြည့်ဝ ချမ်းသာခြင်းသို့ ရောက်သည်လည်း ဖြစ်ကုန်သော။
သတ္တေသု-ခုရောနောက်ပါ ချမ်းသာသုခ ပြည့်စုံကြသည့် များလှထောင်သောင်း သတ္တအပေါင်းတို့၌။
မုဒိတာ စိတ္တံ-ဤသတ္တဝါ ဆင်ရဲကွာ၍ လိုရာပြည့်ဝ ချမ်းသာစွာ့-ဟု မျှော်ဆချင်းထောက် ဝမ်းမြောက်သော မုဒိတာ စိတ်ကို။
ဘာဝေထ-သတိသမ္ပဇဉ် အမြဲယှဉ်လျက် ဆင်ခြင်ကြိုးစား ပွားများကြကုန်လော။
မုဒိတံ-ဆင်ရဲကင်းပျောက် ချမ်းသာရောက်သည့် များမြောက်လှစွာ သတ္တဝါကို မြင်ရာကြားရာ တွေ့ကြုံရာ၌ ဝမ်းမြောက် ဝမ်းသာ မုဒိတာ တရားကို။
ဘာဝယိတွာန-သတိသမ္ပဇဉ် အမြဲယှဉ်လျက် ဆင်ခြင်ကြိုးစား ပွားများကြကုန်၍။
သတ္တာ-ဝမ်းမြောက်ဝမ်းသာ မုဒိတာ စိတ်ထား နေ့စဉ်ပွားသည့် စိတ်ထားဖြူစင် မျှော်မြင်ရှိငြား သတ္တဝါများတို့သည်။
သုဂ္ဂတိံ-ကောင်းမှုရှင်များ ပျော်စံစားသည့် လူနတ်ဗြဟ္မာ နိဗ္ဗာန်အထိ အကောင်းဆုံးဂတိသို့။
ဂစ္ဆန္တိ -ဝမ်းမြောက်ဝမ်းသာ မုဒိတာစိတ်ထား ဂုဏ်စွမ်းအားဖြင့် ပါရမီ စွမ်းသလောက် စခန်းပေါက်အောင် လှမ်းရောက်နိုင်ကြပါ ပေကုန်သတည်း။
@@@@@@@@
တရားခေါင်းစဉ် မေ့သွားကြပြီလား
ဘာတဲ့
(@@@@@)
ဝမ်းမြောက်တတ်မှ ချမ်းသာရတရာတော်
ဗြဟ္မဝိဟာရတရားလေးပါးထဲက မုဒိတာ အကျိုးကို အဓိကအနေနဲ့ ဟောပေးမှာ
ဒါပေမဲ့ ယောဂီအသစ်တွေ ထပ်ပါလာတော့
ဗြဟ္မဝိဟာရတရားလေးပါးရဲ့ ရှင်းချက်တွေကို အကျဉ်းချုပ်ပြီး ပြန်ပြော ပေးမယ်။
@@@@@
ဗြဟ္မဝိဟာရဆိုတာ
ဗြဟ္မပုဒ်နှင့် ဝိဟာရပုဒ်ကို တွဲစပ်ထားတာ
ဗြဟ္မဆိုတာက
မြင့်မြတ်ခြင်း၊ ဖြူစင်သန့်ရှင်းခြင်းပေါ့။
ဝိဟာရဆိုတာကတော့ နေထိုင်ကျင့်သုံးခြင်း။
ဗြဟ္မာတို့ကဲ့သို့ နေထိုင်ကျင့်သုံးခြင်းလို့ ဆိုနိုင်တယ်။
ဗြဟ္မာတို့ဟာ ဖြူစင်သန့်ရှင်းသောစိတ်ဖြင့် နေထိုင် ကြသကဲ့သို့ပင် ဗြဟ္မဝိဟာရတရားကို ပွားများသူတို့သည်လည်း ဖြူစင်သန့်ရှင်း သောစိတ်ဖြင့်နေထိုင်တတ်ကြတယ်။
ဗြဟ္မဝိဟာရကို ဗြဟ္မစရိယတရားအဖြစ် မဟာဂေါဝိန္ဒသုတ်မှာ
ဟောကြားတော်မူထားတာလည်းတွေ့ရသေးတယ်။
ဗြဟ္မစရိယဆိုတာ မြတ်သောအကျင့်လိုအဓိပ္ပာယ်ရတယ်။
အဘိဓမ္မာဝေါဟာရအနေအားဖြင့် အတိုင်းမသိသော သတ္တဝါပညတ်ကို အာရုံပြုသောကြောင့် အပ္ပမညာလို့လည်းခေါ်တယ်။
ဗြဟ္မဝိဟာရတရားဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ နှင့် ဥပေက္ခာဆိုပြီး
လေးပါးရှိတယ်။
ပထမက မေတ္တာ
မေတ္တာဆိုတာက
သတ္တဝါတို့၏ အကျိုးကို လိုလားသော အခြင်းအရာအားဖြင့် ဖြစ်တဲ့ အဒေါသစေတသိက်ပေါ့။
ဥပမာ
မိခင်ဟာ မိမိသားငယ်၏ အကျိုးကို လိုလား သကဲ့သို့ပင် သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားခြင်းသည် မေတ္တာရဲ့သဘောပါ။
ဒေါသဗျာပါဒ၏ ပျက်စီးခြင်းဟာ မေတ္တာတရာ၏ ပြည့်စုံခြင်းပဲ
တဏှာချစ်နဲ့ ချစ်ခင်နေကြခြင်းဟာ မေတ္တာ၏ ပျက်စီးခြင်းပဲ။
တဏှာရာဂဆိုတာ မေတ္တာတရားရဲ့ အနီးကပ် ရန်သူ။
ဒေါသဗျာပါဒဆိုတာ မေတ္တာတရားရဲ့ဝေးသော ရန်သူ။
မေတ္တာတရားကို သဘာဝဓမ္မ ထုတ်ကြည့်တဲ့အခါမှာ
မေတ္တာ၏ လက္ခဏာကား အကျိုးကိုလိုလားခြင်း
မေတ္တာ၏ ကိစ္စကား
အကျိုးစီးပွားဆောင်ရွက် ခြင်း
မေတ္တာ၏ပစ္စုပဋ္ဌာန်
မြန်မာလိုပြောတော့
မေတ္တာ၏ သရုပ်သကန်ပေါ့
မေတ္တာ၏ သရုပ်သကန်ဟာ
ဒေါသကို ပယ်ဖျောက်ခြင်းပဲ
မေတ္တာ၏အနီးဆုံးအကြောင်းကတော့ အကောင်းဘက်မှ ရှုမြင်ခြင်းပေါ့
မေတ္တာပွားပုံ မပြောတော့ဘူး
ဟိုနေက ဟောပြီးသာ
ဒီလောက်ဆို အရင်နေ့က ဟောပေးခဲ့တဲ့ မေတ္တာဂုဏ်ရည်
(သို့မဟုတ်)
ဧတဒဂ်သခင် မေတ္တာရှင်မလေး တရားတော်ကို အရိပ်အမြွက်လောက် ပြန် သတိရလောက်ပါပြီလို့ ယူဆမိပါတယ်။
ဟိုနေကလို့ မေတ္တာပွားပုံတွေ ပြောနေရင် ဒီနေ့ခေါင်းစဉ်ပေးထားတဲ့ တရားကို ဟောဖြစ်တော့မှာမဟုတ်ဘူး။
မေတ္တာပွားနည်း အကျဉ်း
ပါဠိလိုတော့
သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု။
လုံးစုံများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေပေါ့
အင်္ဂလိပ်လို ပွားချင်ရင်တော့
May all being be happy and secure.
@@@@@@@@@@
မေတ္တာပြီးတော့
ဒုတိယက ကရုဏာ
ကရုဏာရဲ့အဖွင့်တွေက အများကြီးရှိတယ်။ ဒီထဲကနှစ်ခုလောက်ပြောမယ်။ နှစ်ခုလောက်ပြောမယ်ဆိုတော့ ဒီနှစ်ခုလောက်ပဲ ကျကျနနမှတ်မိတော့တယ်။
ကရုဏာကိုဖွင့်ဆိုတဲ့နေရာမှာ
ပရဒုက္ဒေ သတိ သာဓူနံ ဟဒယကပ္ပနံ ကရောတီတိ ကရုဏာ။
အဓိပ္ပာယ်ကတော့
ကရုဏာ-ဆိုတာ ဆင်ရဲနွမ်းပါးတဲ့ ဒုက္ခိတ သတ္တဝါများကို မြင်ရကြားရ တွေရတဲ့အခါ သူတို့ခံစားနေရတဲ့ဒုက္ခကို ပယ်၍ ကယ်တင်သောအားဖြင့် သူတော်ကောင်းတို့ရဲ့နှလုံးသားကို တုန်လှုပ်ချောက်ချားအောင် ပြုတတ်တဲ့ သဘောကို ပြောတာပါ။
နောက်တစ်နည်းက
ကိဏာတိ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ-တဲ့
သူတစ်ပါးခံစားနေရတဲ့ ဒုက္ခကို ပယ်နိုင်သည်ဖြစ်စေ မပယ်နိုင်သည်ဖြစ်စေ ပျောက်သည်ဖြစ်စေ မပျောက်သည်ဖြစ်စေ ထိုဒုက္ခကို ဖျက်ဆီးပယ်ရှားတတ်တဲ့သဘောတဲ့
ဥပမာ
မိခင်က သားငယ်ကို မကျန်းမမာဖျားနာမှုမှ သက်သာပျောက်ကင်းစေလိုသကဲ့သို့ပင် သတ္တဝါတို့ကို ဒုက္ခမှလွတ်မြောက် စေလိုမှုသည် ကရုဏာ၏ သဘောဖြစ်တယ်။
ကရုဏာ၏ ဆန့်ကျင်ဘက် တရားကား ဝိဟိံသာ ဖြစ်တယ်။
ရှင်ရှင်ပြောရရင် ဒေါသပေါ့
ဝိဟိံသာဆိုတာ ညှဉ်းဆဲလိုသော သဘောပဲ
ကရုဏာဆိုတာ ဒုက္ခမှလွတ်မြောက်စေလိုသော သဘော
မိမိနှင့်ဆွေမျိုးတော်စပ်သူတို့
ဒုက္ခရောက်နေသည်ကို မြင်ရ၊ ကြားရလျှင် ကရုဏာနှင့် ဆင်တူသော စိတ်ခံစားမှုတစ်မျိုးဖြစ်ပေါ်လာတတ်ကြတယ်။
အဲ့ဒါ ကရုဏာအစစ် မဟုတ်ဘူး
ဒေါမနဿ လို့ခေါ်တဲ့ စိတ်ပူပန်မှုသာ ဖြစ်တယ်။
ကရုဏာ၏ အနီးဆုံးရန်သူက
ဂေဟသိတ ဒေါမနဿ -
ကာမဂုဏ်ကိုမှီပြီးတဲ့ စိတ်ပူပန်မှုပဲ
ကရုဏာ၏ ဝေးသောရန်သူကတော့
ဝိဟိံသာ-ညှဉ်းဆဲမှု
ကရုဏာရဲ့ လက္ခဏာက
ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးခြင်း
ကရုဏာရဲ့ကိစ္စက
သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို သည့်မခံနိုင်ခြင်း
ကရုဏာရဲ့ပစ္စုပဋ္ဌာန်-ခေါ်-သရုပ်သကန်ကတော့
အဝိဟိံသာ-မညှဉ်းဆဲ လိုခြင်း
ကရုဏာရဲ့ ပဒ္ဒဋ္ဌာန်-ခေါ်
နီးသောအကြောင်းက
ဒုက္ခိတသတ္တဝါပဲ။
ကရုဏာပွားများနည်း
ပါဠိလို
သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တု။
သတ္တဝါအားလုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေ။
§§§§§§§§§
တတိယက မုဒိတာ
မုဒိတာဆိုတာ ဝမ်းမြောက်ခြင်း
မိခင်က သားငယ်ကို
ငယ်ရွယ်နုပျိုမှု၌ ကြာမြင့်စွာ
တည်စေလိုသကဲ့သို့ပင်
သူတစ်ပါးတို့၏ ရပြီးစည်းစိမ်ကို
မပျက်စီးစေလိုခြင်း၊
တည်မြဲစေ လိုခြင်းဟာ မုဒိတာ၏ သဘောပဲ
နောက်ပြီ မုဒိတာဆိုတာ
မမွေ့လျော်ခြင်းကို ပယ်ဖျောက်ကြောင်းဖြစ်တယ်။
မမွေ့လျော်မှု ကင်းပျောက်နေခြင်းသည် မုဒိတာ၏ ပြည့်စုံခြင်းဖြစ်တယ်။
သို့သော် မိမိနှင့် ဆွေမျိုးနီးစပ်တော်သူတို့၏ ကြီးပွားတိုးတက်မှုကို မြင်ရ၊ကြားရ တွေ့ရသဖြင့် ရွှင်လန်းနှစ်သက်ခြင်းသည် မုဒိတာအစစ် မဟုတ်ဘူး။
အဲလိုဖြစ်နေတာကို
လောဘမူသောမနဿ သဟဂုတ်စိတ်လို့ ခေါ်တဲ့
လောဘနှင့်တကွဖြစ်သော ရွှင်လန်း နှစ်သက်သည့်စိတ်သာဖြစ်တယ်။
မုဒိတာ၏ အနီးကပ်ရန်သူဟာ
ဂေဟသိတ သောမနဿ -
ကာမဂုဏ်ကိုမှီတဲ့ ဝမ်းမြောက်ခြင်းပဲ
ဝေးသောရန်သူကတော့
ပါဠိလို-အရတိ-
မမွေလျှော်ခြင်းဘဲ
ဝမ်းမြောက်ခြင်းဟာ
မုဒိတာ၏ လက္ခဏာ
မုဒိတာ၏ ကိစ္စဟာ
သူတစ်ပါးကြီးပွားနေတာကို မနာလိုမဖြစ်ခြင်းပဲ
မုဒိတာ၏ ပစ္စုပဋ္ဌာန်ခေါ်
သရုပ်သကန်ကတော့
အမျက်ထွက်ခြင်း မရှိတာ
မုဒိတာ၏ နီးသောအကြောင်းကတော့
သတ္တဝါတို့၏ ကြီးပွားတိုးတက်မှု
မုဒိတာ ပွားများနည်းအကျဉ်းကို
ဋီကာမှာတော့
သဗ္ဗေ သတ္တာ
လဒ္ဓသုခသမ္ပတ္တိတော မာ ဝိဂစ္ဆန္တူ ။တဲ့
လဒ္ဓသုခသမ္ပတ္တိတော-လို့တွေ့တယ်။
အများ ပို့သတဲ့ပုံကတော့
သဗ္ဗေ သတ္တာ
ယထာ လဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တူ
သတ္တဝါအားလုံး ရပြီးစည်းစိမ်မှ မဆုတ်ယုတ်ကြပါစေကုန်လင့်၊
အဖြောင့်ပြောရရင်
ရပြီးစည်းစိမ်တို့ကို
ထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေ ပွားများနေခြင်းပဲ
@@@@@@@@@
စတုတ္ထက ဥပေက္ခာ
ဥပေက္ခာ ဆိုတာ
တရားကိုယ်အားဖြင့်
တတြမဇ္ဈတတ္တာ စေတသိက်ပဲ
အဓိပ္ပါယ်ကတော့
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊
ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊
လာဘ်ရခြင်း၊ လာဘ်မရခြင်း၊
အခြံအရံ အကျော်အဇောရရှိခြင်း၊
အခြံအရံ အကျော်အဇောမရရှိခြင်း
ဟူသော လောကဓံတရား ရှစ်ပါးနှင့် တွေ့ကြုံသောအခါ စိတ်ကို
အလယ်အလတ်ထားခြင်း၊
မျှမျှတတ ရှုမြင်တတ်ခြင်းသဘောပဲ
ဥပမာ
မိခင်ဟာ သူတစ်ပါး
အကူအညီမပါဘဲ
တစ်စုံတစ်ရာကိစ္စဆောင်ရွက်နိုင်သော သားကိုမြင်သောအခါ
မိမိစိတ်ကို အလယ် အလတ်ထား
မျှမျှတတ ရှုမြင်တတ်သကဲ့သို့
တစ်စုံတစ်ခုသောကိစ္စကို သူတစ်ပါး၏ အကူအညီမပါဘဲ ဆောင်ရွက်နိုင်သော သတ္တဝါတို့အပေါ်မှာ
စိတ်ကို အလယ်အလတ် ထားခြင်း၊
မျှမျှတတရှုမြင်ခြင်းသည် ဥပေက္ခာသဘောဖြစ်တယ်။
ဥပေက္ခာ၏ ပြည့်စုံခြင်းဟာ
ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်ကို ရှောင်ရှားနိုင်ခြင်းပဲ
ချစ်ခြင်း၊ မုန်းခြင်းတို့၏ မရှိခြင်းလို့ဆိုရမယ်။
ဥပေက္ခာ၏ အနီးကပ်ရန်သူက
ဂေဟသိတအညာနုပေက္ခာ-
ကာမဂုဏ်ကို မှီသောညာဏ်မှကင်းသော ကြည့်ရှုခြင်ဖြစ်ပြီး
ဝေးသောရန်သူကတော့
တပ်မက်မှုရာဂနှင့် အမျက်ထွက်မှု-ပဋိဃတို့ ဖြစ်တယ်။
ဥပေက္ခာ၏လက္ခဏာက
သတ္တဝါတို့အပေါ် အလယ်အလတ်ထားခြင်း
ဥပေက္ခာ၏ ကိစ္စ
ညီမျှစွာရှုခြင်း မျှမျှတတ ရှုခြင်း
ဥပေက္ခာ၏ပစ္စုပဋ္ဌာန်-
သရုပ်သကန်ကတော့
ရန်လိုမှုကို ငြိမ်းစေလိုသော သဘောရှိခြင်း
ဥပေက္ခာ၏ပဒဋ္ဌာန်ဆိုတဲ့
အနီးကပ်အကြောင်းကတော့
ကံအတိုင်း ဖြစ်ကြ၏ဟု ရှုမြင်ခြင်း
သဘော
ဥပေက္ခာပွားများနည်း
အလွယ်ဆုံးကတော့
သဗ္ဗေ သတ္တာ ကမ္မဿကာ
သတ္တဝါတို့သည် ကံသာလျှင်
ကိုယ်ပိုင်ဥစ္စာ ရှိကြ၏-လို့ပွားပေါ့
ဗြဟ္မဝိဟာရတရားတို့ကို
ပွားများခြင်းဖြင့်
ဝိပဿ နာသုခ-ဝိပဿ နာချမ်းသာ
ဘဝသမ္ပတ္တိ-ဘဝစည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း
ဒိဋ္ဌဓမ္မသုခဝိဟာရ-ယခုဘဝ၌ပင် ချမ်းသားပြည့်စုံနိုင်တယ်
ချက်ချင်းလက်ငင်း ချမ်းချမ်းသာသာ နေနိုင်ခြင်း
ဒါတင်မကူသေးဘူး
အကျိုး ၁၁ မျိုးကိုလည်း ရရှိခံစားနိုင်တယ်
၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးထရခြင်း၊
၃။ မကောင်းသော အိပ်မက် မမြင်မက်ခြင်း၊
၎။ လူတို့ ချစ်ခင်ခြင်း၊
၅။ နတ်တို့ ချစ်ခင်ခြင်း၊
၆။ နတ်တို့ အစောင့်အရှောက်ကို ရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ လက်နက်ဘေးတို့ မသင့်ခြင်း၊
၈။ သမာဓိရလွယ်ခြင်း၊
၉။ ရုပ်ရည်အဆင်း ကြည်လင်ခြင်း၊
၁ဝ။ မတွေမဝေ(ကြည်လင်စွာ) သေရခြင်း၊
၁၁။ သေသောအခါ ဗြဟ္မာ့ပြည်သို့ လားရခြင်း။
ဒီအကျိုးတရားတွေကြောင့် မိမိတို့ရဲ့ သန္တာန်မှာ
ဤဗြဟ္မဝိဟာရတရား
ဤဗြဟ္မစိုရ်တရားလေးပါးကို
စွမ်းနိုင်သမမျှ ပွားများ အားထုတ်သင့်တယ်။
ဤဗြဟ္မစိုရ်တရားလေးပါးထဲက
မုဒိတာအစွမ်းကြောင့် အကျိုးတရားခံစားရတဲ့ သာဓကတော့
ပသေနဒိကောသလမင်းကြီးရဲ့ အသဒိသဒါန အလှူပွဲကြီးက အမတ်နှစ်ယောက်အကြောင်းပဲ
ဝမ်းမြောက် ဝမ်းသာဖြစ်နေတဲ့ဇုဏှ အမတ်နဲ့
ဣဿ မစ္ဆရိယ ဖြစ်နေတဲ့ ကာဠအမတ်
(ပျင်သွားပြီ----
ကိုယ်ဖာသာရှာဖတ်တော့
ဓမ္မပဒအဋ္ဌကထာ(ဒုတိဟတွဲ)
အသဒိသဒါနဝတ္ထု-- (၁၁၉) =)
ဆယ်ရက်တရားစခန်း ညတရားအဖြစ်
ဟောကြားခဲ့သော''''ဝမ်းမြောက်တတ်မှ ချမ်းသာရ-တရားတော်ကို အသံလည်း နားထောင်၍ ရေးသားလိုက်သည် )))
သင်ဆရာ မြင်စရာ ကြားစရာတို့အား
အထူးကျေးဇူးတင်ကာ ဦးခိုက်လျက်
[4:3:2018/8:10pm]
Ven Indacariya
https://m.facebook.com/story.php?story_fbid=833971920122960&id=576981195822035
No comments:
Post a Comment