{နီပေါနိုင်ငံမှာ ဟောတဲ့မေတ္တာတရားတော်}
ဘယ်လိုမှကျေနပ်အောင် ပြောလို့မရခဲ့တာ တစ်ခုရှိတယ်။
နီပေါနိုင်ငံမှာ တရားဟောတုန်းကပဲ။
အဲဒီမှာ ဘုန်းကြီးက မေတ္တာတရားဟောတယ်။
အဲဒီ မေတ္တာတရားပွဲအပြီးမှာ "ကိုင်း မေးချင်တဲ့ မေးခွန်းတွေ မေး" ဆိုတော့ လူပေါင်း ၁၂-ယောက်က မေးခွန်းပေါင်း ၃၅ ခု ဘုန်းကြီးကို မေးကြတယ်။
ညနေ ၃ နာရီကစပြီး ဖြေလိုက်ရတာ ည ၇ နာရီထိုးရော။
အဲဒီနေ့က အမောဆုံးပဲ။
ပျော်စရာလည်း အလွန်ကောင်းတယ်။
တခါတည်း အကြိတ်အနယ်ပဲ။
အပြန်အလှန် ပြောနေကြရတာ။
အသက်-၆၀ လောက်ရှိတဲ့ လူတစ်ယောက်က "အရှင်ဘုရား မေတ္တာတရား ဟောတာ အလွန်ကောင်းပါတယ်၊ တပည့်တော် တစ်ခု မေးပါ့မယ်။
မေတ္တာတရားဟောသွားတဲ့ အရှင်ဘုရားဟာ အသားစားပါသလား" တဲ့။
ဘုန်းကြီးက ချက်ချင်းမဖြေဘဲနဲ့ အဲဒီလူမျက်နှာကို ကြည့်လိုက်တယ်။
မျက်နှာက တော်တော်တင်းမာနေတယ်။
"အင်း သူတော့ ငါ့ကို မကျေနပ်ဘူး။ ငါ့ကိုတွယ်ချင်လို့ သူ မေးတာ"လို့ သိတယ်။ ငါ့တွယ်ချင်လို့ သူမေးတာ။
ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ချက်ချင်း သတိပေးလိုက်တယ်။
"အကြိတ်အနယ် ဒီလိုစကားပြောတဲ့နေရာမှာ မင်းစိတ်မတိုနဲ့၊ စိတ်တိုရင်ရှုံးမယ်၊ ဟောထားတာက မေတ္တာတရား။
မင်းစိတ်မတိုနဲ့" ဆိုပြီး သတိပေးလိုက်တယ်။
မေတ္တာဟောတဲ့ဘုန်းကြီး အသားစားသလားဆိုလာကတည်းကိုက သူက မကျေနပ်လို့ ဒါ တက်လာတာ။
အဲဒါ ကျေနပ်အောင်ဖြေမှ။
သူ့မျက်နှာကြည့်လိုက်တော့ တင်းတင်းမာမာဖြစ်နေတယ်။
တင်းတင်းမာမာကြီးဖြစ်နေတော့ ဘုန်းကြီးက သိပြီ။
ဒီလူဟာ စိတ်ဆိုးလို့ ငါ့အပေါ်မှာ မကျေနပ်လို့ သူ မေးတာ။
#မေတ္တာတရားကိုမယုံသူ
ငါကတော့ မေတ္တာတရားဟောတဲ့ ဘုန်းကြီး ဆိုတော့ မေတ္တာနဲ့ပဲဖြေမှ ဖြစ်မယ်၊ စိတ်ဆိုးတဲ့အမူအရာ ငါပြလို့တော့ မဖြစ်ဘူး။
"ကောင်းပါပြီ ဒကာကြီး ဖြေပါ့မယ်၊ မဖြေသေးခင် တစ်ခု မှတ်သားထားပါ"။
"မေတ္တာတရားကို အစားအစာနဲ့ မသတ်မှတ်ရဘူးဆိုတာလေးကို ဒကာကြီး ရှေးဦးစွာ မှတ်သားထားပါဦး။ မေတ္တာရှိတယ် မရှိဘူးဆိုတာကို အစားအစာနဲ့ ဒကာကြီးသတ်မှတ်မယ်လို့ မကြံပါနဲ့"လို့ ဘုန်းကြီးက ပြောလိုက်တယ်။
အဲဒီတော့မှ သူပိုပြီးတော့ ဒေါသထွက်လာတယ်။
တခါတည်း ခေါင်းတွေ ထောင်လာပြီးတော့ 'အရှင်ဘုရား တပည့်တော်မေးတာကို ဖြေပါ၊ အရှင်ဘုရား အသားစားသလား' မစားဘူးလားဆိုတာကိုပဲ သိချင်ပါတယ်' တဲ့။
ဘုန်းကြီးက "ဟုတ်ပါတယ်၊ ငါ မေတ္တာတရားလဲ ဟောပါတယ်၊ အသားရော ငါးရော အကုန်လုံးစားပါတယ်" လို့ ပြောလိုက်တော့ သူက I don't believe your loving kindness.
"အရှင်ဘုရားဟောတဲ့ မေတ္တာတရားကို တပည့်တော် မယုံဘူး"တဲ့။
အဲဒီတော့ ဘုန်းကြီးက သဘောကျသွားတယ်။
ဟုတ်ပြီ၊ "ဒီလူကြီးကို ငါနိုင်ပြီ" လို့ သဘောကို ကျနေတာ။
ဘာကြောင့်လဲဆိုတော့ သူက စိတ်ဆိုးတာကိုး။
"ဒီလူဟာ သက်သက်လွတ်သမားဖြစ်ရမယ်၊ သက်သက်လွတ်ဝါဒကို အလွန်စွဲနေတဲ့ ဟိန္ဒူတစ်ယောက်ဖြစ်ရမယ်" လို့ ဘုန်းကြီးက တွေးမိတယ်။
ဒီက "အသားစားတယ်"လို့ ပြောလိုက်ကတည်းကိုက သူ ဒေါနဲ့မောနဲ့ တက်လာတယ်။
"ငါတော့ ဒီလူကို အနိုင်ချမယ်၊ နိုင်ကိုနိုင်ရမယ်"လို့ ဘုန်းကြီး သိလိုက်တယ်။
"အရှင်ဘုရား အသားစားတယ်ဆိုပြီးတော့ မေတ္တာတရားလဲဟောတော့ အရှင်ဘုရားရဲ့မေတ္တာ တပည့်တော် မယုံနိုင်ဘူး" လို့ ပြောတော့ ဘုန်းကြီးက "ကောင်းပါပြီ၊ မင်းယုံဖို့ ငါ ပြောနေတာ မဟုတ်ပါဘူး၊ မေတ္တာတရား ဘယ်လိုပွားရမယ်ဆိုတာသာ ငါ ပြောနေတာပါ"။
အဲဒီလိုပြောပြီးတော့မှ ဘုန်းကြီးက ရှင်းပြတယ်။
"မေတ္တာတရားရဲ့သဘောကို ဒကာကြီးသဘောပေါက်ဖို့က မေတ္တာတရားဆိုတာဟာ မိမိနှလုံးသားထဲက ဒေါသကို ပယ်ဖျောက်ဖို့, ဒေါသကို နှိမ်နင်းဖို့သာ လိုရင်းပြောတယ်ဆိုတာကို ဒကာကြီး နားလည်ထားစမ်းပါ"။
"ဒေါသကိုပယ်ဖို့ရန် မေတ္တာပွားရတယ် ဒကာကြီး။ ဗုဒ္ဓကဟောထားတယ်။ မေတ္တာဘာဝနာဟာ ဘာအတွက်လဲ။ ဒေါသကို နှိမ်နင်းဖို့ဖြစ်တယ်။ ဒီတော့ အသားတွေဘယ်လိုပဲ စားစေကာမူ အဲဒီအသားကို စနစ်ကျကျ စားပြီးတော့ ဒေါသကို နှိမ်နင်းနိုင်ရင် ဒီပုဂ္ဂိုလ်ဟာ မေတ္တာ လုပ်ငန်းမှာ အောင်မြင်တယ်"။
နောက်စကားတစ်ခွန်း ဆက်မလို့ ဘုန်းကြီးက အားယူနေတုန်း ချက်ချင်းကြားဖြတ်ပြီးတော့ သူပြောတယ်။
ဘုန်းကြီးပြောလိုက်တဲ့ စကားထဲမှာ "အသားကို စနစ်တကျ စားပြီးတော့"ဆိုတော့ အဲဒါလေးကို သူက ဘယ်လိုမှ မကြိုက်ဘဲ ဖြစ်သွားတယ်။
"အသားစားတာ ဘယ်လိုစနစ်တွေနဲ့ စားရဦးမှာလဲ"။
သူက ဒီလိုလာတယ်။
ဘုန်းကြီးက စနစ်ကိုပြောပြလိုက်တယ်။
"ဗုဒ္ဓက အသားကြီး ၁၀ မျိုးမစားရဘူး။ စားတဲ့အခါ အစွန်းသုံးပါးမှလဲ လွတ်ရမယ်"။
"အစွန်းသုံးပါးလွတ်သောအသား၊ ဆယ်မျိုးသောအသားမှ လွတ်သောအသားကို စားတဲ့အခါမှာလဲပဲ ပစ္စဝေက္ခဏာ သုံးမျိုးနဲ့ ဆင်ခြင်၍စား"။
၁။ ဓာတုပစ္စဝေက္ခဏာ- ဓာတ်သဘောကို ဆင်ခြင်။
၂။ ပဋိကူလပစ္စဝေက္ခဏာ- စက်ဆုပ်ဘွယ် အနေနဲ့ဆင်ခြင်။
၃။ မဟာပစ္စဝေက္ခဏာဆိုတာ ရှင်ငယ်, ရဟန်းငယ်များ, ဆင်ခြင်နှလုံးသွင်းတာ။
"အဲဒီလို ပစ္စဝေက္ခဏာသုံးပါးတွင် တစ်ပါးပါးကိုဆင်ခြင်စား။ အစွန်းသုံးပါးမှ လွတ်တဲ့ အသားကိုစား။ ဆယ်မျိုးသော အသားမှ လွတ်သောအသားကိုစား။ အဲဒါ အသားစားစနစ်ပဲဗျ။
"ဗုဒ္ဓပေးထားတဲ့ စနစ်ပဲ"လို့ ဘုန်းကြီးက ဒီလိုပြောလိုက်ရော သူက တက်လာပြန်တယ်။
"ဗုဒ္ဓဟာ အသားမစားပါဘူး၊ ဗုဒ္ဓကိုယ်တိုင် အသားမစားဘူးဆိုတာ အရှင်ဘုရား နားလည်ရဲ့လား" တဲ့ သူက။
"ဗုဒ္ဓဟာ အသားမစားဘူးလို့ ဒကာကြီး ဘယ်လိုလုပ် ပြောနိုင်တာလဲ။ အထောက်အထား ပြစမ်းပါ" လို့ ဘုန်းကြီးက မေးလိုက်တော့ သူက "တခြား မပြပါရစေနဲ့၊ ဗုဒ္ဓဟာ အလွန်ကြီးမားတဲ့ မဟာဂရုဏာရှင်တစ်ယောက်ဟာ ဘယ်နည်းနဲ့မှ အသားကို မစားနိုင်ဘူး၊ မစားဘူး" တဲ့။
"ဟုတ်ပါတယ်။ ကြီးမားတဲ့ မေတ္တာဂရုဏာ ဗုဒ္ဓမှာ ရှိပါတယ်။ လက်ခံပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင် အဲဒီလို စားနည်းစနစ်ကို ချပေးခဲ့တယ်ဆိုတာကို ဒကာကြီး စာမှ ဖတ်ဖူးရဲ့လား"လို့ ပြောလိုက်ရော သူ စိတ်ဆိုးသွားတယ်။
"ရဟန်းတော်များ အသားမစားထိုက်ဘူးလို့ ဆိုပြီးတော့ ရဟန်းတစ်ပါးက တောင်းပန်ခဲ့တဲ့အချက်ကို မြတ်စွာဘုရားက ပယ်ချခဲ့တယ်ဆိုတာကိုရော ဒကာကြီး ဖတ်ဖူးရဲ့လား" ဆိုတော့ သူက "မဖတ်ဖူးဘူး"တဲ့။
"အဲဒါ ဒကာကြီးညံ့တာပဲ။လို့ ဘုန်းကြီးက သူ့ကိုတို့လိုက်တယ်။
အဲဒီမှာ သူ ပိုပြီး စိတ်ဆိုးတော့တာပဲ။
သူက သက်သက်လွတ်စားတဲ့လူ။
ဒေါသတွေ တရှုးရှုးထနေတယ်။
ဒီက အသားစားတဲ့လူ။
ဒေါသ မဖြစ်ပါဘူး။
သူ့ကို ဒေါသမဖြစ်ဖြစ်အောင် တဖြေးဖြေး တို့ပေးနေတာ။
မေတ္တာအကြောင်း ပြောဆိုနေကြတာဆိုတော့ ဒေါသထွက်ရင် ရှုံးတာပဲ။
ဘုန်းကြီးက ဒေါသမထွက်တော့ အဲဒီပွဲမှာ ဘုန်းကြီး လုံးဝနိုင်ခဲ့တယ်။
#ဒေဝဒတ်ပန်ကြားခဲ့တဲ့ပဉ္စဝတ္ထုယာစန
၁။ သာသနာတော်ထမ်း ရဟန်းမှန်ရင် အသားမစားရဘူး။
၂။ သင်္ကန်း သုံးထည်တည်း ဝတ်ရမယ်။
၃။ ပံ့သကူသင်္ကန်းကိုပဲ ဝတ်ရမယ်။
၎။ တောထဲမှာပဲ နေရမယ်။
"ဒကာကြီး ရှင်ဒေဝဒတ် သည် ဘုရားကိုယ်တော်မြတ်ကြီးကို သူတော်ကောင်းယောင်ဆောင်ပြီးတော့ အဲဒီလို တောင်းပန်ခဲ့ဖူးတယ်ဆိုတာကို ကြားဖူးရဲ့လား" လို့မေးလိုက်တော့ "ကြားဖူးတယ်ပြောရမလား, မကြားဖူးဘူးလို့ ပြောရမလား" ဆိုပြီး သူ ခေါင်းငုံ့ပြီးတော့ စဉ်းစားနေတယ်။
စဉ်းစားပြီးတော့မှ "အဲဒါ ကြားဖူးပါတယ်" တဲ့။
"ဒါပေမယ့်ဗျာ အဲဒီတောင်းပန်ချက်ဟာ အလွန်တောင်းပန်ချက်ပဲ"တဲ့ သူက။
"အဲဒီလောက်ကောင်းတဲ့ တောင်းပန်ချက်ကို မြတ်စွာဘုရား ပယ်ချပစ်လိုက်တယ်ဆိုတာကိုရော ကြားဖူးလား"လို့ ဘုန်းကြီးက ထပ်မေးတော့ သူက "မသိဘူး" တဲ့။
"အဲဒါ မသိလို့ရှိရင် ဟောဒီ 'ဓမ္မကိတ္တိဝိဟာရ' မှာ ပိဋကတ်သုံးပုံရှိတယ်။ ဘုန်းကြီးတို့ တည်းခိုတာက ဓမ္မကိတ္တိဝိဟာရမှာ နီပေါသီလရှင် ဒေါ်သုဓမ္မဝတီဆိုတာ ရှိပါတယ်။ ဒေါ်သုဓမ္မဝတီထံမှာ အဲဒီပိဋကတ်စာအုပ်ကို ဖွင့်ပြီးတော့ ဖတ်ကြည့်ပါ။ မဖတ်တတ်ရင်လည်း သူ့ကို ဖတ်ခိုင်း အဓိပ္ပာယ်ကို ပြောပြလိမ့်မယ်"။
ဒေဝဒတ်တောင်းပန်ခဲ့တဲ့ သက်သက်လွတ်ဝါဒကို မြတ်စွာဘုရား ပယ်ချလိုက်တယ်ဆိုတဲ့အကြောင်း 'ဝိနည်းစူဠဝဂ္ဂပါဠိတော်' မှာရှိပါတယ်။
"ဒကာကြီး မြတ်ဗုဒ္ဓ အသားစားတယ်ဆိုတာကို တထစ်ချသာ မှတ်ထားစမ်းပါ။ ဒါပေမယ့် စားတာက စနစ်တကျ စားတာ"။
"ပြီးတော့ ဘုရားရှင်ကို ပရိနိဗ္ဗာန်စံခါနီးစုန္ဒ ရွှေပန်းတိမ်သည် ကပ်တာ ဝက်သားပဲ"လို့ ပြောလိုက်တော့ သူက ''ဝက်သားမဟုတ်ဘူး။ ဝက်တွေ သွားတဲ့လမ်းမှာပေါက်တဲ့ မှို" တဲ့။
#တစ်ကမ္ဘာလုံးကငြင်းနေကြတဲ့စာတစ်ပုဒ်
"သူကရမဒ္ဒဝပုဒ်ကို 'နူးညံ့တဲ့ဝက်ပျိုသား' လို့ ဘာသာပြန် ရမလား၊ ဒါမှမဟုတ် 'မှို' လို့ ဘာသာပြန်ရမလား" ဆိုတာကို တစ်ကမ္ဘာလုံးက ငြင်းနေကြတယ်။
အဲဒီ "သူကရမဒ္ဒဝ" သည် တစ်ကမ္ဘာလုံးက ငြင်းနေကြတဲ့ ပါဠိပုဒ်။
အထ ခေါ စုန္ဒော ကမ္မာရပုတ္တော တဿာရတ္တိယာ အစ္စယေန သကေနိဝေသန ပဏီတံ၊ ခါဒနီယံဘောဇနိယံ ပဋိယာဒါပေတွာ ပဟူတဉ္စ သူကရမဒ္ဒဝံ။ (သုတ်မဟာဝါ)
သူတို့က "သူကရဆိုတာက ဝက်။ မဒ္ဒဝဆိုတာက နင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုယူတယ်။ ဒီတော့ 'ဝက်နင်းတဲ့ မြေကြီးမှာ ပေါက်တဲ့မှို' ပဲ" တဲ့။
အဲဒီပုဒ်ကို ဘုန်းကြီးက ဆက်ပြီးတော့ မငြင်းတောါဘူး။
ဒီပုဒ်က တစ်ကမ္ဘာလုံး ငြင်းနေကြတာ။
"ကောင်းပြီ ဒကာကြီး 'သူကရမဒ္ဒဝ' ကို ဝက်သားလို့ လက်မခံဘူး။ ဝက်နင်းတဲ့နေရာမှာ ပေါက်တဲ့ မှိုလို့ဆိုရင် ထားပါတော့။ အဲဒါကို မငြင်းလိုပါဘူး။
"နောက်တစ်ခုပြောမယ်။ ဥဂ္ဂသူကြွယ်ကြီးက မြတ်စွာဘုရားကို ဆွမ်းကပ်တဲ့အကြောင်းကို ဖော်ပြတဲ့ 'ဥဂ္ဂသုတ္တန်' ဆိုတာရှိတယ်၊ ဥဂ္ဂသုတ္တန် ကို ဒကာကြီး ဖတ်ဖူးရဲ့လား"။
သူ ဗဟုသုတနည်းတာတွေကို ပေါ်အောင်လို့ ဘုန်းကြီးက လူကြားထဲ အဲဒါတွေကိုချည်း မေးတာပဲ။
"ဖတ်ဖူးရဲ့လား" မေးတော့ "မဖတ်ဖူးဘူး" တဲ့။
"မဖတ်ဖူးရင် ပြောပြမယ်။ ဥဂ္ဂသေနသူကြွယ်ကြီး ဘုရားဆွမ်းကပ်တုန်းက လျှောက်တယ်"။
ပီယံ မေ ဘန္တေ မနာပံ သမ္ပန္နကောလကံ သူကရမံသံ။ (သူကရ= ဝက်။ မံသ= အသား)။
"ဆီးသီးနဲ့ချက်ထားတဲ့ ဝက်သားဟင်းကို တပည့်တော်အား ချီးမြှောက်သောအားဖြင့် မြတ်စွာဘုရားလက်ခံတော်မူပါ။"
အဲဒီလို ဥဂ္ဂသေနက လျှောက်တယ်။ ဘုရားကလည်း လက်ခံတော်မူတယ်။
#တမင်လုပ်ကြံရေးထားတဲ့သုတ္တန်
"အဲဒါကို ဒကာကြီး ငြင်းချင်သေးလား" ဆိုတော့
"ဒီသုတ္တန်ဟာ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က တမင်ရေးထည့်ထားတဲ့ သုတ္တန်ဖြစ်မှာပေါ့" တဲ့။
အဲဒီလိုပြောလိုက်တော့ ဘုန်းကြီး နည်းနည်းစိတ်ဆိုးချင်လာတယ်။
စိတ်ဆိုးချင်ပေမယ့် အောင့်ထားရတယ်။
စိတ်ဆိုးရင် ရှုံးမှာကိုး။
ပိဋကတ်သုံးပုံကို အပြည့်အစုံယုံတဲ့ သဒ္ဓါတရား, ဓမ္မရတနာကို ယုံကြည်တဲ့ စိတ်ဓာတ်ဟာ ဟောဒီမြန်မာပြည်က ဗုဒ္ဓဘာသာ သူတော်စင်တွေမှာ အပြည့်အဝရှိတယ်။
ဟိုဒကာကြီးပြောလိုက်ပုံက "ဒီသုတ္တန်ဟာ လုပ်ကြံပြီးတော့ ရေးထားတဲ့ သုတ္တန်" ဆိုတော့ 'မိစ္ဆာဝါဒ မှားယွင်းတဲ့အယူအဆ' ဟာ သူ့နှလုံးသားထဲရောက်နေတယ်။
"ဟိုလူဒီလူ ရေးထည့်ထားတာတွေ" ဆိုတော့ "ဓမ္မံ သရဏံ ဂစ္ဆာမိ"ဟာ အဲဒီကစပြီးတော့ အားနည်းနေတယ်"။
အားနည်းနေတော့ ရတနာသုံးပါးရဲ့ ဂုဏ်သတ္တိ (တနည်း) ရတနာသုံးပါးရဲ့ ဂုဏ်ရည်ကို ယုံကြည်တဲ့ သဒ္ဓါသည် သူ့မှာ အပြည့်အဝမရှိဘူး။
ဘုရား ကိုးကွယ်တယ်၊ တရား ကိုးကွယ်တယ်၊ သံဃာ ကိုးကွယ်တယ်ဆိုပေမယ့် အပြည့်အစုံ လက်ခံပြီးတော့ ကိုးကွယ်ကြတာမျိုး မဟုတ်ဘူး။
တစ်ချို့တစ်ဝက်သာ လက်ခံပြီးတော့ တစ်ချို့တစ်ဝက်သာကို လက်မခံဘဲနဲ့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ "မြန်မာပြည်ရဲ့ အပြင်ဘက်မှာ အလွန်များတာပဲ" လို့ သဘောပေါက်လိုက်ပါတယ်။
#မေတ္တာတရားကိုအစားအစာနဲ့မသတ်မှတ်ပါနဲ့
အဲဒီနောက် ဘုန်းကြီးက ဆက်ပြောလိုက်တယ်။
"ဒကာကြီး မြတ်ဗုဒ္ဓက သူ့အသက်မသတ်ဖို့ချည်း အမြဲတမ်း ဟောပါတယ်။ မညှင်းဆဲဖို့ အမြဲတမ်း ဟောပါတယ်။ မေတ္တာပွားဖို့ အမြဲတမ်း ဟောပါတယ်"။
"ဗုဒ္ဓသားတော် သမီးတော်တွေကို သတ္တဝါတို့ရဲ့ အသက်ကို မသတ်ရဘူးဆိုတဲ့ သိက္ခာပုဒ်တွေ တားမြစ်ထားတယ်"။
"ဒါပေမယ့် အစွန်း ၃-ပါးလဲ လွတ်မယ်။ ၁၀-မျိုးသော အသားမှလည်း လွတ်မယ်။ တရားသဘောကို ဆင်ခြင်ပြီးတော့ စားမယ်ဆိုရင် အပ်စပ်ပါတယ်"။
"ဒါပေမယ့် ကိုယ်တိုင် သတ်စားဖို့တော့ ဘုရားရှင်က လုံးဝ ခွင့်မပြုဘူး"။
အဲဒီလို ပြောပြီးတော့မှ "ဒကာကြီး အစားအစာနဲ့ မေတ္တာကို သတ်မှတ်ခြင်းသည် မပြည့်စုံပါဘူး။ မေတ္တာတရားကို ဒေါသငြိမ်းတာ မငြိမ်းတာနှင့် သတ်မှတ်ရတယ်၊ အသီးအရွက်တွေကို စားပြီး ဒေါသကြီးပြီးတော့နေရင် အဲဒီလူကြီးကို 'မေတ္တာရှင်' လို့ သတ်မှတ်လို့ ဘယ်ရမလဲ"။
"အသားစားချင်လဲ စားပေါ့၊ ငါးစားချင်လဲ စားပေါ့။ ဒေါသငြိမ်းအောင် ပယ်နိုင်တဲ့ ပုဂ္ဂိုလ်သည် 'မေတ္တာရှင်' ပါပဲ"။
"ဒကာကြီး ဘာပြောချင်သေးလို့တုန်း"လို့ ဘုန်းကြီးက မေးလိုက်တယ်။
သူက "မပြောတော့ပါဘူး" ဆိုပြီးတော့ ရပ်သွားတယ်။
မပြောနိုင်လို့ ရပ်သွားတာ။ ကျေနပ်လို့ ရပ်သွားတာ မဟုတ်ဘူး။ စိတ်ကတော့ ဆိုးမြဲဆိုးမြဲပဲ။ မျက်နှာကြီး နီနေတယ်။
အခမ်းအနားပြီးသွားတဲ့အခါကျတော့ ဘုန်းကြီးက သူ့ဆီကို ထသွားတယ်။
ထသွားပြီးတော့ လက်ဆွဲလိုက်တယ်။
"ဒကာကြီး ထစမ်းပါဦး" ဆိုပြီး လက်ဆွဲတော့ သူ မတ်တတ်ကလေးထလာတယ်။
"ဘုန်းကြီးပြောတာတွေ အကုန်လုံး ဒကာကြီး ကျေကျေနပ်နပ် လက်ခံရဲ့လား" လို့ ဘုန်းကြီးက မေးကြည့်သေးတယ်။
"အရှင်ဘုရားပြောတာတွေကို တပည့်တော် ဘာမှ မငြင်းပါဘူးဘုရား" တဲ့။
"လက်ခံတယ်" လို့တော့ မပြောဘူး။
"ဒါပေမယ့် အရှင်ဘုရားတို့ဟာ အသားတွေစားစားပြီးတော့ တရားဟောနေတာ အဲဒါတော့ တပည့်တော် မကြိုက်ဘူး" တဲ့။
သူက တွယ်လွှတ်လိုက်သေးတယ်။
ဘုန်းကြီးက သူ့ကို "ဒကာကြီးကို နည်းမျိုးစုံနဲ့ ဘုန်းကြီး ပြောပြီးပါပြီ၊ မေတ္တာတရားကို အစားအစာနဲ့ မသတ်မှတ်ပါနဲ့လို့ ဆိုထားလျက်သားနဲ့ ဒကာကြီးက လက်မခံဘူး"။
"လက်မခံလည်း မတတ်နိုင်ဘူး ဒကာကြီး။ အရွက်ပဲစားစား၊ အသားပဲစားစား၊ စားချင်တာစား၊ ဒါပေမယ့် ဒေါသကိုတော့ နိုင်အောင်ထိန်းပါ" ပြောလိုက်ပါတယ်။
အဲဒီမှာ ည ၇-နာရီခွဲလောက်မှာ ဘုန်းကြီးတို့ရဲ့ အခမ်းအနားပြီးသွားတယ်။
#တဘက်သတ်အစွဲအလမ်းတစ်ဇောက်ကန်း
ဒီတော့ သာသနာကွယ်ခြင်းအကြောင်းတွေကို ရှာလိုက်လို့ရှိရင် "ဣဓ မေဝ သစ္စံ မောဃမညံ" ဆိုတာကို တွေ့ရတယ်။
ဣဓ မေဝ သစံ္စ၊ ဤငါရဲ့ဝါဒသည်သာလျှင် မှန်တယ်။ မောဃမညံ၊ သူတစ်ပါးတို့ရဲ့ အယူဝါဒဟာ အမှားတွေချည်းပဲ။
"ငါ့ဝါဒက အမှန်။ သူတစ်ပါးရဲ့ အယူဝါဒက အကုန်မှားတယ်"လို့ တစ်ဘက်သတ် အစွဲသန်ခြင်းသည် သာသနာကွယ်ပခြင်းရဲ့ အကြောင်းတစ်ခုပဲ။
ကိုယ့်ဝါဒ အမှန်ချည်း တစ်ဘက်သတ်ဖိချ။ သူတစ်ပါးဝါဒ အမှားချည်း တစ်ဘက်သတ်ဖိချ။ ဒါဟာ သာသနာရဲ့ အားနည်းမှု အကြောင်းတွေပဲ။
မျှမျှတတစဉ်းစားပြီးတော့ မှားတာကို ပယ်စွန့် မှန်တာကို လက်ခံ။ ဒီလိုမှ သဘာဝကျတာ။
ခုတော့ သူ့ အသားမစားဘဲနဲ့ နေလာခဲ့တဲ့ အလေ့အကျင့်ကို အကောင်းဆုံးလုပ်ပြီးတော့ အသားစားတဲ့ ပုဂ္ဂိုလ်တွေ အပါယ်ပဲ ချက်ချင်းဆင်းရတော့မလိုလို၊ သူယုတ်မာတွေ အကုန်ဖြစ်ကုန်ပြီလိုလိုနဲ့ သူက ပြောတယ်။
ဒီလိုလုပ်လာတော့ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အစွဲသန်နေတဲ့အတွက်ကြောင့် သူတော်ကောင်းဓာတ်တော့ များများကြီးမကိန်းနိုင်းဘူးဆိုတာ ထင်ရှားတယ်။ ဒါကြောင့် အရာရာကို မျှမျှတတ ရှိဖို့လိုအပ်ပါတယ်။
(သီတဂူ ဆရာတော်ဘုရားကြီး၏ အနှစ်ကိုးပါးတရားတော် စာအုပ် စာ ၂၃၊ ၂၉ မှ)
credit :Nyein Chan
copy and share
#PhyoeMayOo
No comments:
Post a Comment