"မြောင်းမြဆရာတော်"
~~~~~~~~~~~
(စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး ရေးတော်မူ၏။)
..............................................................................
န တေန ထေရော သော ဟောတိ၊
ယေနဿ ပလိတံ သိရော။
ယေန ကာရဏေန - အကြင်အကြောင်းကြောင့်၊
အဿ - ထိုရဟန်း၏၊
သိရော- ဦးခေါင်းသည်၊
ပလိတံ - ဖွေးဖွေး ဖြူ၏။
တေန ကာရဏေန - ထိုသို့ ဦးခေါင်း၌ ဆံပင်ဖွေးဖြူးခြင်းကြောင့် (ဝါ)ဖြူကာမျှဖြင့်၊
သော - ထိုရဟန်းသည်၊
ထေရော - သိက္ခာပြည့်သီး မထေရ်ကြီးသည်၊
န ဟောတိ - မဟုတ်။
လောက၌ အသက်အရွယ်ကြီး၍
အိုရုပ်အိုရည်ပေါ်ကာ
ဆံပင်ဖွေးဖွေးဖြူခြင်းရှိသော
ရဟန်းကြီး ရှိသည်ဆိုပါတော့။
ထိုရဟန်းကြီးကို
မထေရ်ကြီး ဘုန်းတော်ကြီး စသည်ဖြင့်
ခေါ်ကြသော်လည်း ထိုရဟန်းသန္တာန်၌
သီလအစရှိသော ထေရဂုဏ်အင်္ဂါတို့
မရှိခဲ့လျှင် ထိုရဟန်းကြီးသည်
မထေရ်ကြီး ဘုန်းတော်ကြီး
အစစ်အမှန်ကား မဖြစ်ချေ။
သီလ သမာဓိ ပညာဂုဏ်တို့နှင့် ပြည်စုံသော
ရဟန်းတော်ဖြစ်မူကား ဆယ်ဝါကျော်လျှင်ပင်
ထေရ်ဖြစ်နိုင်၍ သိက္ခာ ၂၀ ကျော်လျှင်ကား
မဟာထေရ မထေရ်ကြီး ဖြစ်လေသည် ။
ကျေးဇူးတော်ရှင် ရွှေကျင်ဆရာတော်ဘုရားကြီး
လွန်ပြီးကာလ ရွှေကျင်ဆရာတော်ဘုရားကြီး၏
နည်းလမ်းညွှန်ပြ သွန်သင်ပြသ
ဆုံးမတော်မူခဲ့သော ဥပနိဿယ ဩဝါဒများကို
သီလ သမာဓိ စသည်တို့နှင့်
တင်းတင်း ပြည့်စုံတော်မူကြသော
မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး
အစရှိသော ရွှေကျင်နိကာယ
ရှေ့ဆောင်ဦးစီး မဟာထေရ်တို့သည်
အဆက်ဆက် ထိန်းသိမ်းကာ
ဆောင်ရွက်တော်မူခဲ့ကြသည်ဖြစ်၍
ယနေ့တိုင် ရွှေကျင်ဆရာတော်ဘုရားကြီး၏
နည်းလမ်းညွှန်ပြ ဩဝါဒတို့သည်
တည်ဆဲ ထင်ရှားဆဲ ပျံနှံ့ဆဲ ရှိခဲ့သည်။
ရွှေကျင်နိကာယ သံဃသမ္မုတိရ သံဃရာဇာ
ရွှေကျင်သာသနာပိုင် ဖြစ်တော်မူကြသော
ထေရထေရာ ဆရာတော်မြတ်ကြီးတို့ သန္တာန်၌
နိကာယသံဃာတို့၏
လေးစား ရိုသေအပ်သော ထေရဂုဏ်တို့နှင့်
ပြည့်စုံတော်မူကြသောကြောင့်သာလျှင်
အဆက်ဆက်သော
နိကာယသံဃာတို့သည်လည်း
ယေဘုယျအားဖြင့် ဥပနိဿယ
ဩဝါဒတော်တို့ကို
မတိမ်းမစောင်း မကွယ်မပျောက်စေဘဲ
ကောင်းစွာ လိုက်နာကျင့်ဆောင်ခဲ့ကြပါသည်။
နိကာယ သံဃသမုတိရ ရွှေကျင်သံဃရာဇာ
သာသနာပိုင် ဆရာတော်ကြီးတို့တွင်
မြောင်းမြပဇ္ဇောတာရုံ ကျောင်းတိုက်ကို
စတင်တည်ထောင်တော်မူသော
အရှင်ဉာဏာဘိဝံသ မြောင်းမြဆရာတော်သည်
ဒသမမြောက် သာသနာပိုင်အဖြစ်ဖြင့်
ပါဝင်သော ဆရာတော် ဖြစ်ပါသည်။
ထိုမြောင်းမြဆရာတော်၏ သန္တာန်၌
ထေရဂုဏ်ကြီးတွေ အများအပြားရှိကြပါသည်။
ထိုဂုဏ်တို့ကို အာရုံပြုကြ၍ ရှင်လူအပေါင်းတို့
ဦးခေါင်းညွတ်ကာ ကြည်ညိုခဲ့ကြပါပြီ။
ယခုဖော်ပြလိုသော
အခြံအရံ အသေးအဖွဲဖြစ်သော
ကိုယ်တိုင်သိ ထေရဂုဏ်တို့ကို
ဖော်ပြလိုခြင်း ဖြစ်သည် ။
အပ္ပကာနမ္ပိ ပပါနံ၊ ပဘာဝံ နာသယေ ဗုဓော။
သူတော်ကောင်းတို့သည်ကား
မကောင်းသော အပြစ်ဟူသည်ကို
ကြီးသည် ငယ်သည်မရွေး
သေးငယ်သော အပြစ်ပင်ဖြစ်သော်လည်း
ထိုအပြစ်မှ ရှောင်ကြဉ်တတ်သည်ဟူသကဲ့သို့
ထို့အတူ မြောင်းမြဆရာတော်သည်
သေးငယ်သော
ဒုက္ကဋ် ဒုဗ္ဘာသီ အပြစ်ငယ်များကိုပင်ဖြစ်စေ
ခြွင်းချန်မထား ပယ်ရှားရှောင်ကြဉ်လေ့ရှိသည်ကို
တွေ့မြင်ရပါသည်။
ကြီးမားသော အပြစ်ကိုမူကား
ပြောဆိုရန်မလိုအောင် ရှောင်ကြဉ်မည်ကား
ဧကန်ပင် ဆိုရပေလိမ့်မည်။
မြောင်းမြဆရာတော်သည် ခရီးသွားသောအခါ
ရေစစ်နှင့် ရေဗူးကို ယူဆောင်သွားလေ့ရှိသည်။
သင်္ဘော မီးရထားတို့ဖြင့်
ညအိပ်ခရီး သွားသောအခါတို့၌
မည်သည့်အခါမှ ကိုယ်ကိုယ်လှဲ၍
ဦးခေါင်းချ၍ ကျိန်းစက်လေ့မရှိ။
ထိုင်ကာ လမ်းလျှောက်ကာဖြင့်
နေလေ့ရှိသည်။
လှေ သင်္ဘော သမ္ဗာန်တို့ဖြင့်
ရေလမ်းခရီး သွားရသောအခါတို့၌
သုံးဆောင်ကောင်းသော ရေထဲသို့
တံတွေး ထွေးခြင်း စသည်ကိုလည်း
ရှောင်ကြဉ်လေ့ရှိသည်။
ဒကာများက လှူသော အားဆေးတို့ကိုလည်း
အကပ်ခံထားလေ့မရှိ။ ဆွမ်းစားပြီးတိုင်း
တစ်နေ့ တစ်လုံး ကပ္ပိယကပ်သည်ကိုသာ
အကပ်ခံ၍ ဘုဉ်းပေးလေ့ရှိသည်။
{ယာဝကာလိကပစ္စည်း
ပါသည် မပါသည်ကို မသိသောကြောင့်
သတိပြုခြင်း ဖြစ်သည်။}
အလွန်နေပူပြင်းသော အချိန်အခါ၌ဖြစ်စေ
မြို့တွင်း ရွာတွင်း၌ ဖိနပ် စီးခြင်းမှ
ရှောင်ကြဉ်တော်မူလေ့ရှိသည်။
မြောင်းမြဆရာတော်သည်
ပိုးသင်္ကန်း ဖဲသင်္ကန်းတို့ကို ဝတ်ရုံခြင်းမရှိ။
သပိတ်သင်္ကန်းကိုပင် အပ်သော ဆိုးရည်ကို
ထပ်မံဆိုးပြီးမှသာ ဝတ်ရုံလေ့ရှိသည်။
ကွမ်းစားခြင်း ဆေးဝါးခြင်း
ဆေးသောက်ခြင်း အလျင်းမရှိ။
ခရီးသွားသောအခါတို့၌ ဒန်ပူ သွားပွတ်
စသည်တို့ကို အမြဲဆောင်ယူ၍ သွားလေ့ရှိသည်။
ဆွမ်းလုပ်ကို မကြီးမငယ်အားဖြင့်
တတ်နိုင်သမျှ ပြုပြင်၍ ဘုဉ်းပေးလေ့ရှိသည်။
သန့်ရှင်းသပ်ရပ်စွာ ဘုဉ်းပေးလေ့ရှိသည်။
မြောင်းမြဆရာတော်သည်
လက်ဘက်ရည်ကြမ်းဝိုင်းဖြင့်
အချိန်ကို ကုန်စေခြင်းမှ ကင်းတော်မူသည်။
စားဖွယ် ဆွမ်းဟင်းကိုသော်လည်းကောင်း
မုန့်ကိုသော်လည်းကောင်း ပါးစပ်ဖြင့်
ကိုက်ဖြတ်စားခြင်းမှ ရှောင်ကြဉ်လေ့ရှိသည်။
လက်၌ကပ်နေသော စားသောက်ဖွယ်ကို
ပန်းကန်ထဲသို့ ခါချခြင်းမှ သတိပြု၍
ရှောင်ကြဉ်လေ့ရှိ၏။
{အကပ်ပျက်တတ်သောကြောင့်တည်း။}
အများနှင့် ဝိုင်း၍ ဆွမ်းစားလျှင်
မိမိနှင့် နီးသော ဟင်းဖြင့်သာလျှင်
ဘုဉ်းပေးလေ့ရှိသည်။
စားသောက်ဖွယ်ကို အကပ်ခံသောအခါ၌
ဟတ္ထပါသ်အတွင်းသို့ရောက်အောင်
သတိပေးတော်မူလေ့ရှိသည်။
ဆွမ်းစားစဉ်သော်လည်းကောင်း
အချိုပွဲဘုဉ်းပေးစဉ်သော်လည်းကောင်း
စားနေသောလက်ဖြင့် လက်သုတ်ပဝါ အစရှိသော
တစ်စုံတစ်ရာကို ကိုင်ခြင်းမှ သတိပြု၍
ရှောင်ကြဉ်တော်မူ၏။
သက္ကစ္စဝဂ် ကဗဠဝဂ်၌လာသော
သေခိယသိက္ခာပုဒ်တို့ကိုလည်း
သတိပြု၍ ရှောင်ကြဉ်တော်မူ၏။
မြောင်းမြဆရာတော်သည် မွေ့ရာအခင်းကို
အသုံးပြုလေ့မရှိ၊ ကြိမ်ကုလားထိုင်ကြီးပေါ်၌
ထိုင်နေစဉ် ကျောနာသက်သာစေရန်
ဒကာများက လဲခေါင်းအုံး
လာချပေးထားသည်ကိုပင်
ဖယ်ရှားစေတတ်၏။
"ငါ ဘာကိုစားလိုသည်။ ဘာကိုစီမံပါဦး"
စသည်ဖြင့် စေခိုင်းသည်ကို မကြားရပေ။
ဂျုံဆွမ်းကို စားသည်မှာကား
{ကျန်းမာရေးအတွက် သပ္ပါယဖြစ်သောကြောင့်
စားခြင်းဖြစ်သည်။}
ဆွမ်းစသည်တို့ကို စားသောအခါ၌
သပ္ပါယဖြစ်၍ ခံတွင်းတွေ့စေကာမူ
ခန္ဓာကိုယ် မျှတရုံ ဆင်ခြင်၍
သုံးဆောင်လေ့ရှိသည်။
သီတင်းသုံးဖော် စားသုံးဖော်တို့ကိုလည်း
သတိပေးတော်မူတတ်သည်။
မြောင်းမြဆရာတော်သည်
ခမ်းခမ်းနားနား နေလေ့မရှိ။
ရိုးရိုးနှင့် ရှင်းရှင်းသန့်သန့်သာလျှင်
နေလေ့ရှိသည်။
ခမ်းခမ်းနားနား ကြိုဆိုသည်ကိုပင်
နှစ်သက်သာယာခြင်း မရှိပေ။
မြောင်းမြဆရာတော်သည်
အအိပ်အနေနည်းသည်။
ကာယာနုပဿနာ ဘာဝနာကိုလည်း
ပွားများလေ့ရှိသည်
အခြေအနေအရ
ရိပ်မိရသည်။ သိရှိရသည် ။
ခရီးသွားလျှင်
သပိတ်နှင့် သင်္ကန်း တိစီဝရိတ်ကို
ယူဆောင်လေ့ရှိသည်။
ရန်ကုန်+မန္တလေး ခရီး၌
တစ်ပါးတည်း သွားသောအခါ
ဆွမ်းကိစ္စအတွက် ပေါင်မုန့်တစ်လုံးပါလျှင်
ပြီးလေသည်။
ထိုမှတစ်ပါး ပရိသတ်အား
ဩဝါဒ ပေးရသည့်အခါ၌
ရှေးရှေး ဆရာတော်ကြီးများ၏
ဩဝါဒတို့ကို ဦးတည်လေးစား၍
သြဝါဒပေးလေ့ရှိသည်။
မြောင်းမြဆရာတော်သည်
သံဃာ့ပရိသတ်၌ မိမိသည်
မထေရ်ကြီးဖြစ်စေကာမူ သံဃာများအလယ်၌
ခြေဆင်းခြင်းဖြင့်သော်လည်းကောင်း
နေသည်ကို မတွေ့မမြင်ရပေ။
သံဃာကို လေးစားသော
အခြင်းအရာဖြင့်သာလျှင်
နေလေ့ရှိသည်ကို တွေ့မြင်ရပေသည်။
ဤပြဆိုအပ်ပြီးသော အခြင်းအရာတို့သည်
ထိရဂုဏ်ကို ခိုင်မြဲတောက်ပစေသော
အခြင်းအရာတို့ဖြစ်၍
မြောင်းမြဆရာတော် သန္တာန်၌
ရူပကာယတော်နှင့်တကွ
ထိရဂုဏ်တို့နှင့် ပြည့်စုံတော်မူသော
မြောင်းမြဆရာတော်ဖြစ်သည်ကို
ထုတ်ဖော်ရေးသားအပ်ပေသည်။
#ရွှေဟင်္သာဆရာတော်
(အဘိဓဇ မဟာရဋ္ဌဂုရု စစ်ကိုင်းရွှေဟင်္သာ သာသနာပိုင်ဆရာတော်ကြီး ရေးသားအပ်သည့် "မြောင်းမြဆရာတော်"ဟူသော ဆောင်းပါးကို အဂ္ဂမဟာပဏ္ဍိတ ရွှေကျင်နိကာယ ဒသမသာသနာပိုင် ဝိသုဒ္ဓါရုံ မြောင်းမြဆရာတော်ဘုရားကြီး၏ "ရာပြည့်ပူဇော်ပွဲ စာစောင်" မှ ကူးယူဖော်ပြအပ်ပါသည် ။
မှတ်တမ်း =အရှင်ဥတ္တမဓဇ(စစ်ကိုင်း)