အမှတ်တမဲ့ စွဲနေတဲ့ ပါဠိသင်နည်းလေးများ
…………………………………………………
(၁)
မိမိ ကိုရင်ပေါက်စဘဝတုန်းက သီလပေးသင် ရသည်။ ယ,မဟံ ဝဒါမိ တံ ဝဒေထ-နေရာသို့ ရောက်လျှင် သီလယူသူက တစ်
ယောက်တည်းဖြစ်ပါက ယ,မဟံ ဝဒါမိ တံ ဝဒေဟိ-ဟု ဟိနှင့် ပြောင်းဆို။ သီလယူသူက အများဖြစ်ပါက ထ-နှင့် ဆိုဟု ကိုရင်
ကြီးတစ်ပါးက သင်ပေးသည်ကို အခုထိ
မှတ်မိနေသည်။
ထိုတွင် ဟိ-ပါသည့် ဝါကျက “ငါရဟန်း
ငါကိုရင်ဆိုသည့်အတိုင်း သင် ဥပုသ်သည်က လိုက်ဆိုပါ”ဟု ဆိုလိုသည်။
ထ-ပါသည့် ပါဠိဝါကျက “ငါရဟန်း ငါကိုရင်ဆိုသည့်အတိုင်း သင် ဥပုသ်သည်တို့က
လိုက်ဆိုကြပါ”ဟု ဆိုလိုသည်။
မိမိ ကိုရင်ပေါက်စဘဝက ရွာလယ်ခေါင်ရှိ
အဖွားနုအိမ်သို့ ဝါတွင်း ဥပုသ်နေ့တိုင်း သီလသွားပေးရသည်။ ဥပုသ်ယူသူက တစ်
ယောက်တည်းဖြစ်၍ အဆိုပါ ဟိ-နှင့် ထ-
စည်းကမ်း မမှားအောင် မိမိလိုက်နာနေ
တတ်ခဲ့သည်။
ပါဠိသဒ္ဒါ စည်းမျဉ်းအရ ကတ္တားက တွံ-
သင်သည်-ဟုဆိုလျှင် ကြိယာက ဝဒေဟိ-
ဆိုလော့-ဟု ဟိ-ဝိဘတ်ဆုံးလျက်ရှိရမည်။
ကတ္တားက တုမှေ-သင်တို့သည်-ဟုရှိလျှင်
ကြိယာက ဝဒေထ-ဆိုကြကုန်လော့-ဟု
ထ-ဝိဘတ်အဆုံးထားလျက် ရှိရမည်ဟု
နောင် သဒ္ဒါသင်ရသောအခါ ထို ဟိ/ထ
အပြောင်းကို နားလည်လာပါသည်။
(၂)
ပရိတ်ကြီး ၁၁-သုတ် ပါဠိများကျက်နေချိန်က
ဖြစ်သည်။ အိမ်သို့ မန္တလေးကနေ
အလည်ပြန်လာသော မိမိ ဦးကြီးက (ပထမ
ကြီးတန်းနှင့် ရဟန်းလူထွက်သည်။)
အာဋာနာဋိယသုတ်လာ...
၂၀။ တေသံ သစ္စေန သီလေန၊
ခန္တိမေတ္တာ ဗလေန စ။
တေပိ (အမှေ) နုရက္ခန္တု၊
အရောဂေန သုခေန စ။
၂၁။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊
သန္တိ ဘူတာ မဟိဒ္ဓိကာ။
တေပိ (အမှေ) နုရက္ခန္တု၊
အရောဂေန သုခေန စ။
(နေပြည်တော်၌ အရှေ့မြို့ကို ပုဗ္ဗသီရိ
(သိရိ)ဟု ခေါ်ထား၏။ ထိုပုဗ္ဗနှင့် ဤပုရတ္ထိမတို့ အရှေ့ အရပ်ဟော တူ၏။ အရှေ့ကျသော
ကြက်သရေဆောင်မြို့ဟု ဆိုလို၏။
သိရိ-ကြက်သရေ၊ တက်ဖြိုးဝေသား...
မဲဇာရတု။ )
၂၂။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊
သန္တိ ဒေဝါ မဟိဒ္ဓိကာ။
တေပိ (အမှေ) နုရက္ခန္တု၊
အရောဂေန သုခေန စ။
(နေပြည်တော်၌ တောင်မြို့ကို ဒက္ခိဏ
သီရိဟု ခေါ်၏။ ဒက္ခိဏသာခါ-(တောင်
ဘက်ဗောဓိပင်+ကိုင်းဖြင့် ထုသော
ဘုရားကိုလည်း အလားတူ သတိရပါ။)
၂၃။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊
သန္တိ နာဂါ မဟိဒ္ဓိကာ။
တေပိ (အမှေ) နုရက္ခန္တု၊
အရောဂေန သုခေန စ။
(နေပြည်တော်၌ အနောက်မြို့ကို ပစ္ဆိမ သီရိ မမည့်တော့ဘဲ ဇမ္ဗုသပြေပင် ဇမ္ဗူဒိပ်ကျွန်းအရ ဇမ္ဗူသိရိဟု မှည့်ထား၏။ ပစ္ဆိမ အနောက်အရပ်ဟု ခေါ်သည်ကို မကြိုက်၍ ထင်ပေ
သည်။)
၂၄။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊
သန္တိ ယက္ခာ မဟိဒ္ဓိကာ။
တေပိ (အမှေ) နုရက္ခန္တု၊
အရောဂေန သုခေန စ။
(မြောက်မြို့ကိုကား ဥတ္တရသီရိဟု မှည့် ထား၏။)
ယင်းဂါထာများပါ လက်သည်းကွင်းနေရာ
သည် မိမိအတွက်ဆိုလျှင် (အမှေ), သူ
တစ်ပါးအတွက်ဆိုလျှင် ထို(အမှေ) အစား (တုမှေ)ပြောင်းဆိုရမည်ဖြစ်ကြောင်း
အိမ်ကြွတုန်းနှင့် ကြုံ၍ ပြောပြ၏။
နောက်ပိုင်း မင်းကွန်းဆရာတော်၏ ပရိတ်
တရားများကို နာရသည်အခါ ထိုအတိုင်း
ဖြစ်နေသည်ကို ဆက်လက်တွေ့ရှိရ၏။
ထိုတွင် အမှေ-က ပရိတ်ရွတ်သူ ငါရဟန်းအပါအဝင် သင် သူ အကုန်လုံးတို့ကို၊ ဝါ- ငါတို့ကိုဟု ယူဆပါက ပိုပြည့်စုံကြောင်း
တွေ့ရသည်။ တုမှေ-က သင်ပရိတ်နာသူတို့ကို-ဟု သင်တို့သာ ပါ ငါ မပါကြောင်း မိမိ အရွယ်ရလာသောအခါ စဉ်းစားဖြစ်လာသည်။ သို့သော် ဦးကြီးပြောသည့်အတိုင်း
You-တိကျချင်လျှင်တော့ တုမှေ-ပြောင်း ဆိုတာက ပိုတိကျသည်။
(၃)
မိမိတို့ လေးတန်းကျောင်းသား ဘဝက
အစိုးရတန်းကျောင်းဆရာများကိုယ်တိုင်
နွေရာသီ၌ ယဉ်ကျေးမှုသင်ရသော စည်း
ကမ်းထွက်လာသေး၏။ အခြေခံအဆင့်
အလယ်အဆင့် အထက်တန်းအဆင့်ဟု
ယခုတိုင် သာသနာရေးဌာန၌ ထိုစာအုပ်များ
ဝယ်ရသေးသည်ထင်ပါသည်။
မိမိက စာမေးပွဲဖြေရာတွင်
သရဏဂုံသုံးပါးပါဠိကို ရသော်လည်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဟု ဖြတ်ရေးရမည်ကို
ဗုဒ္ဓံသရဏံဂစ္ဆာမိ-ဟု ပေါင်းရေးလာသဖြင့်
ဆရာက တစ်မှတ်လျော့ကြောင်း ပြောပြ သည်။ မိမိဘဝတွင် ထိုအချိန်မှ စ၍ စာဆို တာ ခွဲရေးရတာပါကလားဟု သိလာသည်။
(မြန်မာသဒ္ဒါ ပါဠိသဒ္ဒါမတတ်သော, တတ်
စေကာမူ ကွန်ပျူတာ သဘော သတိမထား
မိသော သူတို့၏ စာများကို ဤfb၌
မိမိ ပြန်ဖော်ရာတွင် ထိုသို့ စာအစိတ်အကြဲ
မချဘဲ ပြွတ်သိပ်ရေးသည်ကို များစွာ
တွေ့ရ၏။) ဆရာကြီးတို့က ပုံနှိပ်မူအရ စစ်
ဆေးပြခြင်းဖြစ်သည်။
ဤ၌ ပြောလိုသည်ကား ပါဠိစာသင်ရာ၌
တပည့်တို့ စိတ်ထဲစွဲအောင် ဆရာတို့က
မည်သို့ သင်ပေးမည်နည်းဟူသော
မေးခွန်း ဖြစ်ပါ၏။
ဥပမာ ငါ သင် သူ ပရိသ်ကို သင်ပေးက
သူတို့သိသော ယ,မဟံ ဝဒါမိ တံ ဝဒေဟိ/ဝဒေထ, ဒေထ, (အဟံ) ယာစာမိ, ဗုဒ္ဓံ သရဏံ (အဟံ)ဂစ္ဆာမိ- သမာဒိယာမိ-
စသည်တို့နှင့် လက်တွေ့ကျအောင် ချိတ်ဆက်သင်ပေးသင့်သည်ဟု ဆိုလိုပါသည်။
မိမိဘဝတစ်သက်တာ၌ ရုပ်တွက်စသော
သဒ္ဒါမေးခွန်းအဖြေသင်္ခန်းစာ များစွာ သင်ရပါသော်လည်း ဤအမှတ်တမဲ့ သင်မှန်း
မသိသော သင် နည်းလေးက ထိုစာမေးပွဲ
သင်နည်းများထက် စိတ်မှာ စွဲကာ သဘောကျနေသည် မှာလည်း အံ့သြစရာ ကောင်း
တော့၏။
အရှင်ဇနနန္ဒ။
ပုံ။ ။ မိမိကျောင်း ကိုရင်လေး ဆော့သည့်နေရာမှာ အိပ်နေပုံ။ အဗ္ဘောကာသိက ဓုတင်ကို သတိရစရာ။
No comments:
Post a Comment