Thursday, October 10, 2019

အရှင်အဂ္ဂဝံသ- အေဒီ (၁၁၆၇-၁၂၀၂) သဒ္ဒနီတိကျမ်းပြုဆရာတော်

🌺🌺🌺အရှင်အဂ္ဂဝံသ- အေဒီ (၁၁၆၇-၁၂၀၂)    
                သဒ္ဒနီတိကျမ်းပြုဆရာတော် 🌺🌺🌺

         သဒ္ဒနီတိသည် မြန်မာနိုင်ငံမှ သီရိလင်္ကာသို့
  ပေးသည့် ပထမဆုံးသောတုံ့ပြန် လက်ဆောင်ဖြစ်သည်ဟု
  မြန်မာနိုင်ငံ ပါဠိစာပေသမိုင်းကျမ်းကို ရေးသားခဲ့သူ
   အင်္ဂလိပ်အမျိုးသမီး အမ်အိတ်ခ်ျဘုဒ် (M.H.bode )က
   ဆိုခဲ့သည်။ သဒ္ဒနီတိကား အထူးသဖြင့် သီဟိုဠ်နှင့်
  ဥရောပတိုက်တွင် ထင်ရှားသည့် ကမ္ဘာကျော် ပါဠိသဒ္ဒါကျမ်း
ကြီးဖြစ်သည်။ ပါဠိ တိပိဋက၌ တွေ့ရသည့် ပါဠိဘာသာ
ဆိုင်ရာ စည်းကမ်းများကို ရှင်းပြသည့် ပါဠိသဒ္ဒါကျမ်းဖြစ်သည်
      ကျမ်းစာရေးပြီး၍ နှစ်အနည်းငယ်ကြာပြီးနောက်
   သဒ္ဒနီတိစာတော်မူ မိတ္တူတစ်ဆောင် သီရိလင်္ကာနိုင်ငံ
  အနုရာဓပုရာမြို့ရှိ ထင်ရှားလှသော မဟာဝိဟာရကျောင်း
  တိုက်သို့ ဆောင်ယူလာခဲ့ရာ သီဟိုဠ်ရဟန်းတော်များက
  ဝမ်းမြောက်စွာ ကြိုဆိုကြလျက် သီဟိုဠ်ပညာရှင်များ
  ရေးသားသည့် သဒ္ဒါကျမ်းအားလုံးထက် သာလွန်ကောင်းမွန်
   သည်ဟု ချီးမွမ်းသည်။ သဒ္ဒနီတိသည် ထိုခေတ်
        မြန်မာနိုင်ငံ၏ ပါဠိဘာသာ ကျွမ်းကျင်မှုကို
    ကျော်ကြားစေပြီး ကျမ်းပြုပုဂ္ဂိုလ်မှာ ယနေ့တိုင်
                 ကျော်ကြားဆဲလည်းဖြစ်သည်။
            ကြီးမားကျယ်ပြန့်သည့် ဤကျမ်းသည်
       ကစ္စာယနဗျာကရဏ သို့လိုက်၍ ရေးသားသည် ။
   ဤကျမ်းကို ယနေ့တိုင် ပါဠ်ဘာသာ ဂန္တဝင်ကျမ်းအဖြစ်
    ပုံနှိပ်ထုတ်ဝေဆဲဖြစ်သည်။ ယင်းသဒ္ဒါကျမ်းသည်
     ပါဠိပိဋကတ်ကို အခြေခံသည်။ အခန်း- ၂၅ ခန်းရှိပြီး
  ပဒမာလာ ဓာတုမာလာ သုတ္တမာလာဟူ၍ အပိုင်းသုံးပိုင်း
  ပါသည်။ ဓာတုမာလာ၌ ကျမ်းပြုဆရာက ပါဠိပုံစံများကို
   သက္ကတနှင့် နှိုင်းယှဉ်ပြထားသည်မှာ စိတ်ဝင်စားဖွယ်
                          ကောင်းသည်။
    
                       ( ကျမ်းပြုပုဂ္ဂိုလ်)
     ပုဂံခေတ်မြန်မာနိုင်ငံတွင် ပိဋကတ်ကျွမ်းကျင် နှံ့စပ်သည့်
             မထေရ်ကျော် သုံးပါးပေါ်ထွန်းခဲ့ဖူးသည်။
     ယင်းတို့မှာ 1။အရှင်မဟာအဂ္ဂပဏ္ဍိတ
  2။ အရှင်အဂ္ဂပဏ္ဍိတ 3။အရှင်အဂ္ဂဝံသ တို့ဖြစ်သည်။
    ထိုတွင်အရှင်အဂ္ဂဝံသသည် သဒ္ဒနီတိကိုရေးသည်။
    အရှင်အဂ္ဂပဏ္ဍိတကား "လောကုပ္ပတ္တိ ပကာသနီ"
  အမည်ရှိကျမ်းကို ရေးသားခဲ့ကြောင်း အဆိုရှိသည်။
  သို့ရာတွင် ယင်းကျမ်းပုံနှိပ်မူကို မတွေ့ဖူးချေ။
  ထိုဖော်ပြပါ မထေရ်သုံးပါး ဆတ်စပ်ပတ်သတ်မှုကို
  သဒ္ဒနီတိကျမ်း နိဂုံး၌ အောက်ပါအတိုင်းဖော်ပြသည်။

" သဒ္ဒနီတိကျမ်းကို အရိမဒ္ဒနပုရ မြည်သော ပုဂံမြို့နေ
  အရှင်အဂ္ဂဝံသမထေရ် စီရင်သည်။ ထိုအရှင်အဂ္ဂဝံသသည်
   အရှင်အဂ္ဂပဏ္ဍိတ၏တူ (နှမသား)ဖြစ်သည်။
  ထိုတူနှင့်ဦးရီး ( အရှင်အဂ္ဂဝံသနှင့်အရှင်အဂ္ဂပဏ္ဍိတ ) နှစ်ပါး
  လုံးသည် အရှင်မဟာအဂ္ဂပဏ္ဍိတ၏ ဥပဇ္ဈာယ်ယူ
               တပည့်များ ဖြစ်ကြသည်။ "
  အထက်ပါဖော်ပြချက်အရ အတိအကျဆိုနိုင်သည်မှာ
   သဒ္ဒနီတိကျမ်းကို မြန်မာနိုင်ငံ ပုဂံမြို့၌ သီတင်းသုံး
  နေထိုင်သည့် အရှင်အဂ္ဂဝံသ ရေးသားသည်ဟုဖြစ်သည်။

   ဂန္တဝံသကျမ်းအလိုရ အရှင်အဂ္ဂဝံသည် ဇမ္ဗူဒီပ
  ( အိန္ဒိယကိုဆိုလိုသည် ) တိုင်းသားဖြစ်ပြီး မြန်မာနိုင်ငံ
     ပါဠိစာပေထွန်းကားရာ ပုဂံနားအထက်နားအနီး
   မြောက်ပိုင်း ကုန်းမြင့်ဒေသရှိ ဘုန်းတော်ကြီးကျောင်း၌
   နေထိုင်ခဲ့စူများတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

                          ( ကျမ်းပြုခေတ်)
  အခြားသော ပုဂံခေတ်ပေါ်ကျမ်းများကဲ့သို့ပင်
  သဒ္ဒနီတိကျမ်း၌လည်း ကျမ်းပြီးနှစ်ကို အတိအကျ ဖော်မပြ
   ခဲ့သဖြင့် အရှင်အဂ္ဂဝံသတို့ ပေါ်ပေါက်ရာခေတ်ကို
  သေချာစွာမသိရဘဲ ခန့်မှန်းချက်မျှကိုသာ လေ့လာတွေ့ရှိ
   ရပေသည်။ သဒ္ဒနီတိပေါ်ပေါက်ရာ ခေတ်နှင့်ပတ်သတ်၍
    မြန်မာသာသနာဝင် ကျမ်းများဖြစ်သည့်
"  သာသနာလင်္ကာရစာတမ်းနှင့် သာသနာဝံသပ္ပဒီပိကာ"
   ကျမ်းများ၌ " သာသနာသက္ကရာဇ် ၁၆၉၇ ခုနှစ်
   မြန်မာ ၅၁၅ ခုနှစ်( အေဒီ ၁၁၅၃ ) တွင် ပိဋကတ်သုံးပုံ၏
  အခြေပါဒဖြစ်သော သဒ္ဒနည်းနာနယ၌ လိမ္မာစေခြင်းငှာ
   ပိဋကတ်သုံးပုံကို အကုန်နှီးနှောရှာဖွေ၍ ပုဂံအရှင်
    အဂ္ဂပဏ္ဍိတ မထေရ်က သဒ္ဒနီတိကျမ်းကို ပြုစုသည်။
   ( စာ ၁၁၈ ) ဟု သဒ္ဒနီတိပဏာမ၌ ဖော်ပြသောဂါထာကို
                      ကိုးကား၍ ပြဆိုသည်။
     ထိုဖော်ပြပါ အဆိုကိုပင်          အနောက်တိုင်းပါဠိပညာရှင်များဖြစ်ကြသည့်
   bode ( PLB  - p- 16)  Geiger (PLL p-55)နှင့်
              သီရိလင်္ကာ ပါဠိစာပေသမိုင်းဆရာ
   Dr .malalasekera (PLCp- 185) တို့ကလည်း
                     ထောက်ခံတင်ပြကြသည် ။
   သို့ရာတွင်ဖော်ပြပါဂါထာကို လက်ရှိသဒ္ဒနီတိ ပဏာမ၌
    မတွေ့ရှိရဘဲရှိသည်။ တွေ့ရှိရသော ဂါထာများတွင်
    ကျမ်းပြုခုနှစ်နှင့် ပတ်သတ်၍ ဖော်ပြချက် မပါရှိပေ ။
   တွေ့ရသမျှ သဒ္ဒနီတိကျမ်းစာမူအားလုံးတွင်
   ဖော်ပြပါဂါထာ ပျောက်ဆုံးနေဟန်ရှိပြီး ယခုတွေ့ရှိရသည့်
     ဂါထာ၏ အဓိပ္ပါယ်မှာ-----------------------
      " သဒ္ဒလက္ခဏာကို သိလိုသူများသည့်
     ပညာရှိများအတွက် ကျွန်ုပ်သန့်ရှင်းစင်ကြယ်စွာရေးမည့်
        သဒ္ဒနီတိကျမ်းကို သင်ယူသင့်ပါသည် " ဟုဖြစ်သည်။

      သာသနာလင်္ကာရစာတမ်း၌ပါသည့် ဖော်ပြထားသည့်
    တိကျ ရက်စွဲ ပါသည့် ဂါထာကို အခြားသော
    သုတေသီများလည်း မသိနိုင်ကြသေးပေ။
   ထို့ကြောင့် သာသနာလင်္ကာရနှင့် သာသနာဝံသတို့
     အဆိုမှာ မခိုင်လုံသေးဟု မှတ်ယူသင့်သည် ။
   လှေသင်းအတွင်းဝန်၏ ဝေါဟာရလီနတ္ထဒီပနီ ကျမ်း၌မူ
   သဒ္ဒနီတ်ိ ကျမ်းကို ကျစွာမင်းလက်ထက်၌
    စီရင်ကြောင်းဆိုသည် ။ ယင်းအဆိုသည်
    ပိဋကတ်တော် သမိုင်းအဆိုကို ကိုးကား၍ဆိုခြင်းဖြစ်သည်။
    သို့ရာတွင် အဆိုပါနှစ်ကျမ်းလုံး၌ အခြားခိုင်လုံသော
   အထောက်ထားများ ဖော်ပြချက် မပါရှိပေ ။
    သို့ရာတွင် ထိုနှစ်ကျမ်း၏အဆိုကို
    အရှင်သီရိသောဘနစီရင်သည့် " မဟာဒွါရကာယသာသန
  ဝံသဒီပနီ " ကျမ်းက ခိုင်လုံသော အထောက်အထားဖြင့်
   ထောက်ခံထားသည် ။  ယင်းကျမ်းတွင် ပုဂံမြို့ သရပါတံခါး
  အနောက်ဘက်၌ ဂူနှင့်ရှိသော မဟာအဂ္ဂပဏ္ဍိတကျောက်စာ
   ကို  ကိုးကားထားသည်။ ယင်းကျောက်စာကို
   မဟာအဂ္ဂပဏ္ဍိတ၏တပည့်ကြီး အရှင်အဂ္ဂပဏ္ဍိတက ရေးထိုးခဲ့သည်။ ယင်းကျော်စာအဆိုရ အရှင်မဟာအဂ္ဂပဏ္ဍိတ
  မထေရ်သည် သက်တော် ၃၇ နှစ်အရွယ်တွင် ဗုဒ္ဓဂယာ
   မဟာဗောဓိသို့ ကြွတော်မူသည်။ ၄င်းမှအပြန်
   ခရီးတဝက်အရောက် သာသနာနှစ်- ၁၇၁၇ ခုနှစ်
  ကောဇာ ၅၃၅ ခုနှစ် တပေါင်းလဆုတ် ၃ ရက် အင်္ဂါနေ့
  အာရုဏ်မတတ်မီ ပျံလွန်တော်မူ၏ဟု ဆိုသည်။ ယင်းမှာ
                         အေဒီ ၁၁၇၄ ဖြစ်သည်။
    ယင်းကျောက်စာ၌ ဆက်လက်ဖော်ပြသည်မှာ
  အရှင်မဟာအဂ္ဂပဏ္ဍိတ၏ ရုပ်ကလာပ်ကို သဂြိင်္ုဟ်သည့်
  နေရာ၌ စေတီတစ်ဆူတည်ပြီး ၂နှစ်ကြာပြီးနောက်
  ထိုမထေရ်၏ သပိတ်နှင့်သင်္ကန်းများ ဂူတဂူ၌
  တပည့်ဖြစ်သူ အရှင်အဂ္ဂပဏ္ဍိတက ဌာပနာထားခဲ့သည်။
  ယင်းအဂ္ဂပဏ္ဍိအရှင်သည် သာသနာ ၁၇၃၁ ခုနှစ်
  မြနမာ ၅၄၉ (အေဒီ ၁၁၈၈ )ခုတွင် ပျံလွန်တော်မူသည်ဟု
  ဖြစ်သည်။ ယင်းကျောက်စာပါ ဖော်ပြချက်ကို ကိုးကားပြီး
  မဟာဒွါရကယသာသနဝံသဒီပနီ ကျမ်းပြုအရှင်
   သီရိသောဘနမထေရ်က အောက်ပါအတိုင်းငြင်းဆိုထားသည်။
  " အကယ်၍ ဗုဒ္ဓဂယာ ဘုရားဖူးသူ အရှင်မဟာအဂ္ဂပဏ္ဍိတ
  သည် ပျံလွန်တော်မူချိန် သာသနာ ၁၇၁၇ (အေဒီ ၁၁၇၄)
တွင် အသက် ၃၇ နှစ်သာ ရှိသေးပါလျှင် ထိုအချိန်က
  သူ့တပည့်ဖြစ်သူ အဂ္ဂပဏ္ဍိတ ထေရ်သည် ရဟန်းတစ်ပါး
  အနေဖြင့် သိက္ခာဘယ်လောက်ရှိပြီနည်း။ ရဟန်းသိက္ခာ ၇ဝါ
   သို့မဟုတ် အသက် ၂၇ နှစ်ရှိပြီဟုဆိုလျှင်
   သူ၏ တူဖြစ်သူ အရှင်အဂ္ဂဝံသ အသက် မည်မျှရှိနိုင်
  မည်နည်း။ သာသနာလင်္ကာရတွင် ပြဆိုသည့်အတိုင်း
  အေဒီ ၁၁၅၃ တွင်သူ (အရှင်အဂ္ဂဝံသ ) သဒ္ဒနီတိကျမ်းကို
  ရေးသားနိုင်ပါမည်လော။ သို့ဖြစ်၍ ဝေါဟာရလီနတ္ထဒီပနီနှင့်
ပိဋကတ်တော်သမိုင်း တို့၌ ဖော်ပြသည့်အတိုင်း
  ကျစွာမင်းလက်ထက် (အေဒီ ၁၂၃၄- ၅၀ ) တွင်
   သဒ္ဒနီတိကျမ်းကို ရေးသားကြောင်းယူဆထားသည်။ "

  ယင်းတို့ဖြင့် သဒ္ဒနီတိရေးသားသည့် ခုနှစ်နှင့်ပတ်သတ်၍အယူအဆ နှစ်မျိုးဖြစ် နေသည်။ ယင်းမှာ
  ၁။ အလောင်းစည်သူမင်း ( အေဒီ ၁၁၁၇ - ၆၇) လက်ထက်
   ( အေဒီ ၁၁၅၃) တွင်ရေးသားသည်။ သို့မဟုတ်
  ၂။ ကျစွာမင်းလက်ထက် ( အေဒီ ၁၂၃၄- ၅၀ ) တွင်
   ရေးသားသည်ဟု ဖြစ်သည်။ သဒ္ဒနီတိကျမ်းတွင် 
   ဖော်ပြပါရှိသော အကြောင်းအရာများအရမူ  ဒုတိယအဆို
  ကျစွာမင်းလက်ထက် ရေးသား သည်ဟူသော
  အချက်ကို ထောက်ခံကြောင်း တွေ့ရသည်။
  အရှင်အဂ္ဂဝံသည် သဒ္ဒနီတိကျမ်းကိုရေးသားစဉ်
   ပါဠိတော်အဋ္ဌကထာ ဋီကာနှင့် သီဟိုဠ်မြန်မာကျမ်းစာပေါင်း
  ၁၅၀ ကျော်ကို မှီငြမ်းပြုခဲ့သည်။ ယင်းကျမ်းများအနက်
   အဘိဓမ္မတ္ထသင်္ဂဟ နာမရူပပရစ္ဆေဒ နှင့် ပရမတ္ထဝိနိစ္ဆယကျမ်း တို့ပါဝင်နေသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ထောက်ပြရာ၌အရှင်အနုရုဒ္ဓါ၏ အမည်ကိုပါ ဖော်ထုတ်ခဲ့သည် ။ အရှင်အနုရုဒ္ဓါ၏
ပေါ်ထွန်းရာကာလကို အတိအကျမသိနိုင်သော်လည်း
သာသနာနှစ် ၁၇၀၇ ခုနှစမှ ၁၇၄၀ ခုနှစ်ထိ
( အေဒီ ၁၁၆၄ - ၁၁၉၇) သီဟိုဠကျွန်း ပုလတ္တိမြို့၌
မင်းပြုသော ပရက္ကမဗာဟု မင်းကြီးလက်ထက်
  ထိုမင်း၏ကျောင်း၌ သီတင်းသုံးနေထိုင်၍
  ထိုမင်း၏တောင်းပန်မှုကြောင့် "သာရတ္ထဒီပနီ " စသည်ကို
ပြုစုသော အရှင်သာရိပုတ္တရာထက် ရှေးကျသည်ကားဟု
  ဆိုနိုင်သည် ။အကြောင်းမူ အရှင်သာရိပုတ္တရာသည်
  အဘိဓမ္မတ္ထသင်္ဂကျမ်း၏ သီဟိုဠ်ဘာသာနိကာယ
  ကျမ်းတစောင် ရေးသားခဲ့သောကြောင့်ဖြစ်သည်။
  သို့သော်နှစ်ပေါင်း မည်မျှရှေးကျသည်ဟုကား
  အတိအကျ မဆိုနိုင်ချေ။
  အရှင်အနုရုဒ္ဓါသည် အေဒီ ၁၁ ရာစုထက် စော၍
  ပေါ်ထွန်းသော ပုဂ္ဂိုလ်မဟုတ်နိုင်ဟု ပါဠိစာပေသမိုင်း
  ပညာရှိများက ယူဆကြသည်။ ထို့ကြောင့်
   သဒ္ဒနီတိကျမ်းကို အစောဆုံးးဖြင့် အေဒီ ၁၂ ရာစုတွင်
  ရေးသားသည်ဟု ဆိုနိုင်သည်။
  သဒ္ဒနီတိစာကိုယ်၌ "ဂိနိ" သဒ္ဒါအဖွင့်တွင် ပါဠိတော်၌
   ဂိနိသဒ္ဒါရှိကြောင်း သက်သေပြပြီး "ကေစိဝါဒ" တရပ်ကို
   ထုတ်ပြလျက် ယင်းကေစိဝါဒ ကို ပယ်ထားသည်။
   "ကေစိ ပနေတ္ထေ သန္ဓိဝသေန အကာရလောပံ ဂါဒိဿ စ
   ဂကာရဿ လောပံ ဝဒန္တိ  တမ္ပိ န ယုဇ္ဇတိ "
   ယင်းအပယ်ခံ ကေစိဝါဒကို မောဂ္ဂလ္လာန် ပါဠိသဒ္ဒါကျမ်း
  " သံယောဂါဒိလောပေါ " သုတ်၌ သံယော ဂဿ ယော
  အာဒိဘူ တောဝယောဝေါ တဿ ဝါ ကွစိ လောပေါ ဟောတိ
  ပုပ္ဖံ သာ ဇာယတေ ဘဂနီ " ဟုတွေ့ရသည်။
   မောဂ္ဂလ္လာန်သဒ္ဒါကျမ်းမှာ သာသနာနှစ် ၁၇၄၉( အေဒီ ၁၁၆၅ ) နောက်ပိုင်းတွင် ရေးသားသော ကျမ်းဖြစ်သည်။
   ထို့ကြောင့် သဒ္ဒနီတိကျမ်းသည် အေဒီ ၁၁၆၅ ထက်
  ရှေးကျသော ကျမ်းလည်းမဖြစ်နိုင်ပေ။
   တဖန် "သဒ္ဒနီတိဓာတုမာလာ "ကျမ်း၌ ဗုဓဓာတ်ကိုဖွင့်ရာ
   ၌ " ကေစိ ပန ကမ္ပေနပိ ဗုဒ္ဓသဒ္ဒဿ သိဒ္ဓံ ဣစ္ဆန္တာ
   ဧဝံ နိဗ္ဗစနံ ကရောန္တိ  သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါတိ
   အဓိဂတဂုဏဝသေသေဟိ ခီဏာ သဝေဟိ
   ဗုဇ္ဈိတဗ္ဗောတိ ဗုဒ္ဓေါ တိ ဟု ဖော်ပြသည်။ ယင်း၌
အပယ်ခံ စကားရပ်ကို " သံပျင် ဋီကာ "၌ တွေ့ရသည်။
  
   ထို့ပြင် ဓရဓာတ်ကို ဖွင့်ပြရာ၌ " ကေစိ ပန ဓမ္မသဒ္ဒဿ
  ပဝတ္တိ ဝိသယာနံ ဒသဓာဝ ပရိစ္ဆေဒံ ဝဒန္တိ ဉေယျမဂ္ဂေ စ
  နိဗ္ဗာနေ သဘာဝေ အထ ဇာတိယံ မာနေ ဝိသယပုညေသု
   ဘာဝေ ပါဝစနေပိ စ   ဣမေသု ဒသသွတ္ထေသု
  ဓမ္မသဒ္ဒေါ ပဝတ္တတိ ။ ဖော်ပြပါဂါထာကို သံပျင် ဋီကာ၌
  တွေ့ရသည်။  ယင်းသံပျင် ဋီကာကို ပုဂံနရပတိစည်သူမင်း
  လက်ထက် သံပျင်အမတ်ပြုစုသည်ဟု
   သာသနာလင်္ကာရစာတမ်းနှင့် ပိဋကတ်သမိုင်းတို့၌
  ပြဆိုကြသည် ။ သံပျင် ဋီကာ၌မူ နိဂုံးပင် မပါရှိပေ ။
  ယင်းဖော်ပြချက်မှန်လျှင် နရပတိစည်သူမင်း
   အေဒီ ၁၁၇၅ - ၁၂၁၂ ( မြန်မာ ၅၃၆ - ၅၇၃ ) လက်ထက်တွင်  ရေးသားသော သံပျင် ဋီကာထက်
  နောက်ကျသော သဒ္ဒနီတိကျမ်းသည် နရပတိစည်သူမင်း
  လက်ထက် နောက်ပိုင်း၌ ဖြစ်စေ ထိုမင်းနောက်စိုးစံသော
  မင်းတဦးဦး လက်ထက်၌ဖြစ်စေ ရေးသားသည်ဟု
  ခန့်မှန်းနိုင်ဖွယ်ရှိသည်။
  သဒ္ဒနီတိကျမ်း၌ ဖော်ပြသော ကျမ်းစာများကို ခုနှစ်
  သက္ကရာဇ် စဉ်ကြည့်သောအခါ--------------
  ၁။ အဘိဓမ္မတ္ထသင်္ဂဟ  ခန့်မှန်း အေဒီ ၁၁ ရာစုနောက်ပိုင်း
  ၂။ မောဂ္ဂလ္လာန်သဒ္ဒါကျမ်း အေဒီ ၁၁၆၅ နောက်ပိုင်း
၃။ သံပျင် ဋီကာ အေဒီ ၁၁၇၅ - ၁၂၁၂ အတွင်း ဟုဖြစ်သည်။
   ဖော်ပြပါကျမ်းစာသုံးခု အနက် သံပျင် ဋီကာခေတ်နှင့်
  အရှင်အဂ္ဂပဏ္ဍိတနှင့် အရှင်အဂ္ဂဝံသတို့ဆရာ
    ပျံလွန်သည့်နှစ် ၁၁၇၄ တို့မှာ အလွန်နီးစပ်မှုကြောင်းတွေ့ရသည်။
  အကယ်၍ သဒ္ဒနီတိပေါ်ရာခေတ် အရှင် မဟာအဂ္ဂပဏ္ဍိတ
  ပျံလွန်ပြီး နောက်ထပ် နှစ်၅၀ဤအတွင်း
  ( အေဒီ ၁၁၈၈ - ၁ ၂၃၈ ) အတွင်းရေးသားသည်ဟု
  ယူဆလျှင် အေဒီ ၁၁၇၅ - ၁၂၁၂ တွင် မင်းတိုင်ပင်
  အမတ်ကြီးဖြစ်နေသူ သံပျင် ဋီကာ ကျမ်းပြုပုဂ္ဂိုလ်နှင့်
   မရှေးမနှေင်းဖြစ်၍ လက်ခံနိုင်ဖွယ်ဖြစ်သည်။

တစ်နည်းအားဖြင့် နရပတိစည်သူမင်း( အေဒီ ၁၁၇၅- ၁၂၁၂)
  နောက်ပိုင်း ၁၃ ရာစု၏ ပထမနှစ်ဝက် အတွင်း
ရေးသားခဲ့သည်ဟူလည်း ယူဆနိုင်ဖွယ်ရှိသည်။
ပုဂံအရှင် ဥတ္တရာဇီဝသည် သီဟိုဠ်ကျွန်းသို့
  သာသနာ ၁၇၁၄ ( အေဒီ ၁၁၇၁) တွင် ကြွတော်မူသည်။
ထိုအချိန်၌ အရှင်ဥတ္တရာဇီဝသည် သံဃကံကို
  အစိုးရသော မင်းဆရာကြီးဖြစ်နေပြီဟု ကလျာဏီကျောက်
  စာ၌ အခိုင်အမာလာသည်။ သို့ရာတွင်
  ဤအချိန်၌ အရှင်အဂ္ဂပဏ္ဍိတနှင့် အရှင်အဂ္ဂဝံသ တို့၏ဆရာ
အရှင်မဟာအဂ္ဂပဏ္ဍိတမှာ သက်တော် (၃၅) နှစ်သာ
ရှိတော်မူသေးသည်။ အကြောင်းမူ အေဒီ ၁၁၇၄
  ပျံလွန်တော်မူချိန်၌ အရှင်မဟာအဂ္ဂပဏ္ဍိတ သက်တော်
၃၇ နှစ်သာရှိသေးကြောင်း ကျောက်စာ၌ ဖော်ပြထားသော
ကြောင့်ဖြစ်သည်။ ထို့ကြောင့် သဒ္ဒနီတိကျမ်းကို
အရှင်ဥတ္တရာဇီဝတို့ သီဟိုဠ်သို့ မကူးမီကတည်းက
ရေးသားသည်ဟူသော ဖောက်ပြချက်နှင့်
အရှင်အဂ္ဂပဏ္ဍိ အရှင်အဂ္ဂဝံသ အရှင်ဥတ္တရာဇီဝ ဟူသော
ဆရာစဉ်ကိုဖော်ပြသည့် သာသနာလင်္ကာရ
သာသနာဝံသ စကားရပ်တို့မှာ ဆင်ခြင်ဖွယ်ဖြစ်သည်။

  အရှင်အဂ္ဂဝံသပြုစုသော သဒ္ဒနီတိကျမ်းသည်
ပုဂံခေတ်ကတည်းက ကျော်ဇောခဲ့သောကျမ်းဖြစ်သည်။
  အခါတပါး၌ ပုဂံသားရဟန်းတော်များ သဒ္ဒါတတ်ကျွမ်းလှ
   သည်ဟု ကျော်ကြားသဖြင့် သီဟိုဠ်သား သဒ္ဒါကျမ်းတတ်
  ရဟန်းတော်တချို့ပြိုင်ဆိုင်ရန် ပုဂံသို့လာကြသည်။
  ထိုအခါပုဂံသား ရဟန်း တို့က သဒ္ဒနီတိကျမ်းကို
ထုတ်ပြကြသည်။ ထိုကျမ်းကို ကြည့်ရှုကြလျက်
  " သဒ္ဒါအရာ၌ ဤကျမ်းကဲ့သို့ သီဟိုဠ်မှာလည်း မရှိ
  ဤကျမ်း၌လာသည့် အတိုင်း အကုန်ပင် ငါတို့လည်း
   မတတ်နိုင်ဟု " ဆိုပြီး သီဟိုဠ်ရဟန်းတို့ပြန်သွား
  ကြကြောင်း ယနေ့တိုင် အစဉ်အလာ ဆိုစမှတ်ပြုကြသည်။

                     ( ဘုရားဆုပန် ပုဂ္ဂိုလ် )
  အရှင်အဂ္ဂဝံသသည် သဒ္ဒနီတိကျမ်းကို ပြုစုပြီးနောက်
  အောက်ပါအတိုင်း ဆုတောင်းအထူးပြုခဲ့သည်။
 
  " အဟံ တု ပရမံ ဗောဓိံ   ပါပုဏေယျ မနာဂတေ
  တံ ပတွာ သကလေ သတ္တေ  မောစေယျံ မာရဗန္ဓနာ ။"

  " ကျွန်ုပ်သည် အနာဂတ်တွင် မြင့်မြတ်သော ဘုရားအဖြစ်သို့
    ရောက်ပြီး အလုံးစုံသော သတ္တဝါတို့ကို ဘဝအနှောင်မှ
   လွတ်စေနိုင်သည့်ကိုယ် ဖြစ်ရပါလို၏ " ဟူ၍ဖြစ်သည်။

အရှင်အဂ္ဂဝံသကား ဘုရားဆုပန်ပုဂ္ဂိုလ်ထူးကြီး ဖြစ်သည်။

( ဝန်ခံချက် ) ဤစာများကို အရှင်ကေလာသ ဆိုဒ်မှ
   တွေ့ရှိ၍ ပြန်လည်ရေးသားဖော်ပြခြင်းပါ ။

No comments:

Post a Comment