.............."ပါဠိသဒ္ဒါ နည်းပညာ".................
***********************************
ဒီနေရာလေးမှာ ပါဠိရေးဟန်တွေနဲ့ ပါဠိပညာရှင်တွေရဲ့ အကြောင်းကို စာရေးသူရဲ့ နည်းလှနုံလှစွာသော အသိဉာဏ်ကလေးနဲ့ မပီတပီ တင်ပြချင်ပါတယ်။
စံကျောင်းဆတော်ကြီးက လယ်တီဆတော်လောင်းလျာ ဦးဉာဏကို "ဒါ၊ နင့်အရာလား"လို့ ငေါက်သလို စာရှုသူ အရှင်တို့ကလည်း တပည့်ကလေးကို "ငသုန်၊ ဒါ.နင့်အရာလား"ရယ်လို့ မြည်တွန်တောက်တီးတော်မူရင်လည်း ကြည်နူးကျေနပ်စွာနဲ့ပဲ လှစ်ဟပြပါရစေ။
သီဟိုဠ်မှာ ပါဠိရေးရင် ၁။ သုဒ္ဓမာဂဓိကရေးနည်း . လိင်ဝုစ်ဝိဘတ်တွေမှန်စေလျက် ပါဠိတော်. အဋ္ဌကထာများကဲ့သို့ သဒ္ဒါနည်းကျကျရေးနည်း (ပုံစံ) တွံ ရတနတ္တယံ သရဏံ ဘဝ....
၂။ ဒေသိယမာဂဓိကရေးနည်း . လိင်ဝုစ်ဝိဘတ် စတဲ့ သဒ္ဒါရေးမှန်စရာမလိုဘဲ ဖတ်သူနာသူသိရင်ပြီးရော ဆိုတဲ့ အရပ်သုံးရေးနည်း (ပုံစံ) တွံ ရတနတ္တယံ သရဏံ ဘဝတု စသည်။ အဲ့လိုနှစ်နည်းရှိတယ်။ မြန်မာပြည်မှာတော့ နံပါတ် (၁) ဖြစ်တဲ့ သုဒ္ဓမာဂဓိကရေးနည်းကိုပဲ သုံးတယ်။
သုဒ္ဓမာဂဓိက ရေးနည်းမှာလည်း ၁။ အရှင်ဗုဒ္ဓဃောသရဲ့ ရေးဟန် (ပုံစံ) မေ အယံ၊ သော အဿ စသည် ၂။ အရှင်ဗုဒ္ဓဒတ္တရဲ့ ရေးဟန် (ပုံစံ) မျာယံ၊ သွဿ စသည်တို့လေ။ အဲ့လိုနှစ်မျိုး ကွဲပြန်တယ်။ သန္ဓိ.သမာသ် မတွဲ/တွဲတဲ့ ရေးဟန်ပေါ့။
သန္ဓိ.သမာသ်တွဲဟန်ကို ပါဠိလို ရေးတဲ့နေရာမှာ အသုံးပြုများဆုံး မြန်မာဆတော်ကြီးကတော့ သပြေကန် ဆတော်ကြီးလို့ မိန့်ကြပါတယ်။ သပြေကန်ဆတော်ကြီးရဲ့ လက်ရာကို ဖူးချင်ရင်တော့ ဆဋ္ဌသင်္ဂါယနာ မဟာသန္နိပာတ နိဒါန်းပါဠိကြီးနဲ့ အဘယာရာမိကတ္ထေရ နိဒါန်းပဲလေ။ ဆဋ္ဌသင်္ဂါယနာ မဟာသန္နိပါတ နိဒါန်းကြီးမှာ သမာသ်တွဲတာတွေ များလွန်းရှည်လွန်းလို့ နည်းနည်းလျှော့ဖို့ မဟာစည်ဆတော်က လျှောက်တော့ "ဆဋ္ဌသင်္ဂါယနာနိဒါန်းဖြစ်ပြီးတော့ ဒီလောက်မှ မရေးရင်လည်း မကောင်းဘူး ဦးသောဘနရေ"လို့ အမိန့်ရှိသတဲ့။ အဲဒီနိဒါန်းနဲ့တင်ပဲ မြန်မာနိုင်ငံဖြစ် ပါဠိနိဒါန်းရှည်ရေးတဲ့နေရာမှာ သပြေကန်ဆတော်ကြီးဟာ အကောင်းဆုံးလို့ ပညာရှင်များက သတ်မှတ်ကြတယ်လေ။
သမာသ်ကို သပြေကန်ဆတော်ကြီးလောက် မတွဲပေမယ့်လည်း အထိုက်အလျောက် တွဲစပ်ပြီး ပါဠိရေးတဲ့နေရာမှာ အထင်ကရ ဆတော်တစ်ပါးကတော့ ဘဒ္ဒန္တဒေါက်တာသီလာနန္ဒာဘိဝံသပဲ ဖြစ်ပါတယ်။ ဆတော်ရဲ့ လက်ရာကို ကြည်ညိုချင်ရင်တော့ အဘိဓာန်ဋီကာ နိဒါန်းတော်ကို ရှုပါလို့သာ ညွှန်းပါရစေ။ အဲဒီနိဒါန်းရဲ့ အဆုံးမှာပါတဲ့ ဝိသောဓကတ္ထေရော.ဆိုတာ ဆရာတော် ဘဒ္ဒန္တသီလာနန္ဒာဘိဝံသပါလို့ ပါဠိပညာရှင် တော်တော်များများက မိန့်တာကို ကြားနာမှတ်သားခဲ့ရပါတယ်။ သပြေကန်ဆတော်ကြီး. ဆရာတော်ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသတို့ဟာ သက္ကဋပါရဂူတွေလေ။ ဆရာတော်တွေရဲ့ ရေးဟန်တွေဟာ အရှင်ဗုဒ္ဓဒတ္တရဲ့ ရေးဟန်တွေထက် မညံ့ဘူး။ သာတောင် သာနိုင်သည်လို့ ပညာရှင်များက မှတ်ချက်ပြုကြတယ်။
သမာသ်တွဲတွေကို အများကြီး မသုံးဘဲနဲ့ ပါဠိရေးတဲ့ နေရာမှာ နာမည်ကြီးတဲ့ ဆရာကြီးတစ်ဦးကတော့ ဆရာကြီး ဓမ္မာစရိယဦးထွန်းသိန်းပဲ ဖြစ်တယ်။ ဆရာကြီးရဲ့ ပါဠိရေးဟန်တွေကို ဣစ္ဆာသယတိုက်မှ ထုတ်တဲ့ ကစ္စည်းသဒ္ဒါကြီးနဲ့ သင်္ဂြိုဟ်စာအုပ်တွေရဲ့ နိဒါန်းများမှာ တွေ့မြင်နိုင်ပါတယ်။ ဆရာကြီးရဲ့ရေးဟန်ကို ပညာရှင်များက အရှင်မဟာဗုဒ္ဓဃောသရဲ့ ရေးဟန်လို့ ဆိုပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ သိရလွယ်ကူပါတယ်။
သပြေကန်ဆတော်. ဆရာတော်ဦးသီလာနန္ဒာဘိဝံသ. မန်းတက္ကသိုလ် ဆရာကြီးဦးဆန်းထွန်း အစရှိတဲ့ သက္ကဋကျွမ်းကျင် ပညာရှင်တို့ရဲ့ ပါဠိရေးဟန်တွေဟာ ဝေါဟာရစကားလုံး အလှအပတွေကို ရွေးစိစစ်ပြီး သုံးလေ့ရှိကြပါတယ်။ မန်း. မဟာဝိသုဒ္ဓါရုံတိုက်သစ်မှ ဆရာတော် ဦးပညာသိရီဘိဝံသ. တိပိဦးသီလက္ခန်. ဆရာကြီးဦးထွန်းသိန်း အစရှိတဲ့ သုဒ္ဓမာဂဓိက ပညာရှင်များကတော့ ပေါ်လွင်ထင်ရှားသော ဝေါဟာရစကားလုံးတွေကို ရွေးချယ်ပြီးသုံးလေ့ရှိပါတယ်။
အဘယာရာမ ဆတော်ကြီးရဲ့ တပည့်တွေဟာ ဝေါဟာရလှတပတတွေကို အရှင်ဗုဒ္ဓဒတ္တရဲ့ ဟန်နဲ့ ရေးဖွဲ့ကြတာ များပါတယ်။ ဒါပေမယ့်လည်း ထူးထူးခြားခြား အဘယာရာမ ဆတော်ကြီးရဲ့ တပည့်တစ်ပါး ဖြစ်တော်မူတဲ့ သက္ကဋလည်း ကျွမ်းကျင်တော်မူတဲ့ ကျမ်းပြုအကျော် တောင်မြို့ဆတော်ကြီးကတော့ ပါဠိတွေ ရေးဖွဲ့ရာမှာ သမာသ်ပုဒ်အရှည်ကြီးတွေ မတွဲဘဲ ရိုးရိုးရှင်းရှင်းလေးပဲ အရှင်မဟာဗုဒ္ဓဃောသရဲ့ ဟန်နဲ့ ရေးဖွဲ့တာကို ဖူးမြင်ကြည်ညိုရပါတယ်။ တောင်မြို့ဆတော်ကြီးဟာ အဲဒီလို အရှင်မဟာဗုဒ္ဓဃောသရဲ့ ဟန်နဲ့ ဘာကြောင့်ရေးရသလဲဆိုရင် "အသိလွယ်ခြင်း၊ အများသိနိုင်ခြင်း၊ တွင်ကျယ်ခြင်း အစရှိတဲ့ အကြောင်းတွေကြောင့်"လို့ ဓနုဖြူမြို့မှ သ.စ.အ. ပါဠိပါရဂူ ဆရာကြီး ဦးကျော်မြင့်က ပြောဖူးပါတယ်။
ဘာသန္တရနဲ့ ပတ်သက်လာရင် "သုညပါ"လို့ ခဏခဏမိန့်တော်မူတဲ့ ကျေးဇူးတော်ရှင် တိပိဋက မင်းကွန်းဆတော်ကြီးရဲ့ ပာဠိရေးဟန် ပြောဟန်တွေမှာ ထူးထူးခြားခြားပဲ ရိုးရှင်းရေးတဲ့ ရှင်မဟာဗုဒ္ဓဃောသရဲ့ ရေးဟန်ရော၊ သက္ကဋပညာရှင်တွေ နှစ်ခြိုက်တဲ့ အရှင်ဗုဒ္ဓဒတ္တရဲ့ ရေးဟန်ရော နှစ်မျိုးလုံးကို ဖူးမြင်ရပါတယ်။ တိပိဆတော်ကြီးဟာ ဘာသန္တရ သုညလို့ မိန့်တော်မူတဲ့ စကားဟာ နိဝါတသဘောအားဖြင့် မိန့်တာဖြစ်မှာပါ။
မင်းကွန်းဆတော်ကြီးကို တပည့်တို့ရဲ့ ဆရာဖြစ်တဲ့ ဘဒ္ဒန္တတေဇဓမ္မ (ပါဠိပါရဂူ). ညောင်တုန်း ရွှေဟင်္သာတောရ တိုက်ကြပ်ဘုန်းကြီး သွားရောက်ဖူးမြော်တော့ ရွှေဟင်္သာတောရ ပထမစံကျောင်း ဆရာတော်ကြီးရဲ့ အလင်္ကာနိသျကောင်းကြောင်း၊ အဲဒီလို ကောင်းခြင်းဟာလည်း စံကျောင်းဆတော်ကြီးဟာ သက္ကဋကို နိုင်နင်းလို့သာ ဖြစ်ကြောင်း၊ မူရင်းသက္ကဋကျမ်းက ဤသို့ရှိ၍ မာဂဓာလင်္ကာရကျမ်းက ဤနှယ်ရှိကြောင်း စသည်ဖြင့် မိန့်တော်မူပါတယ်။
ခရီးသည်ကို တစ်ဘက်ကမ်းသို့ ပို့ဆောင်တဲ့ ကူးတို့လှေသမားဟာ ခရီးသည် တစ်ဘက်ကမ်းသို့ ရောက်သည်နှင့် တပြိုင်နက် သူကိုယ်တိုင်လည်း တစ်ဘက်ကမ်းရောက်သလို စံကျောင်း ဆတော်ကြီးရဲ့ သက္ကဋကျွမ်းကျင်ပိုင်နိုင်ပုံကို မင်းကွန်းဆတော်ကြီးက မိန့်တော်မူသဖြင့် မင်းကွန်းဆတော်ကြီးကိုယ်တိုင်လည်း သက္ကဋ ကျွမ်းကျင်တော်မူသည်၏ အဖြစ်ကို သိရသည်လို့ ညောင်တုန်း ရွှေဟင်္သာတောရ ရာပြည့်စာစောင်ကြီးမှာ တိုက်ကြပ်ဘုန်းကြီး ဘဒ္ဒန္တတေဇဓမ္မက ဖော်ပြတော်မူပါတယ်။
ဆဋ္ဌသင်္ဂါယနာပြီးတဲ့ ကာလရဲ့ ပါဠိအရေး+အပြောနဲ့ ပတ်သက်လာရင် ချန်လှပ်လို့ မရတဲ့ ကျောင်းတိုက်ကြီးကတော့ ပါဠိပါရဂူတွေကို အများဆုံး မွေးထုတ်ပေးတဲ့ အများသိကြတဲ့ မြောင်းမြမြို့ ပဇ္ဇောတာရုံကျောင်းတိုက်ကြီးပဲ ဖြစ်ပါတယ်။ မြောင်းမြပဇ္ဇောတာရုံတိုက်ကြီးရဲ့ ပါဠိခေတ်ကိုတော့ သာသနာပိုင်ဆတော်ကြီးရဲ့ တပည်ကြီးများ ဖြစ်ကြတဲ့ အင်္ဂလန်ဆရာတော် ဦးဉာနိက၊ ပန်းကုံးဆတော် ဦးကုမာရ၊ ဘုန်းကြီးဦးဣန္ဒဝံသ (ဦးအောင်ခိုင်)၊ ဘုန်းကြီးဦးအဂ္ဂ (ပန်းတနော် အင်းမ)တို့က ဦးဆောင်ခဲ့ကြတယ်။
ဒီလေးပါးထဲမှာလည်း ဘုန်းကြီးဦးဣန္ဒဝံသနဲ့ ဘုန်းကြီးဦးအဂ္ဂဓမ္မတို့က ပညာရေး.အုပ်ချုပ်ရေး ဆက်ဆံရေး ဆွမ်းကျောင်းကိစ္စ ကျောင်းတိုက်ကိစ္စတွေကို တာဝဝန်ယူထားရတာကြောင့် စာပေအရေးနည်းကြတယ်။ စာပေအရေးများတာကတော့ အင်္ဂလန်ဆရာတော်နဲ့ ပန်းကုံးဆရာတော်တို့ပဲ ဖြစ်တယ်။
အဲဒီနှစ်ပါးထဲမှာလည်း အင်္ဂလန်ဆတော်ဟာ သက္ကဋ အစရှိတဲ့ ဘာသာပေါင်း မြောက်များစာကို တတ်တော်မူလို့ ဆရာတော်ရဲ့ ပါဠိရေးဟန်ဟာ သမာသ်တွဲတာ များသလို လှပတဲ့ ဝေါဟာရတွေနဲ့ စီရရီဖွဲ့သီထားတာကို ဖူးမြင်ကြည်ညိုရပါတယ်။ ဆရာတော်ရဲ့ ပါဠိရေးဟန်တွေဟာ အခန့်တွေသာ များတယ်။ ဆရာတော်ဟာ အလှူတစ်ခုကို ကြွရင်းနဲ့ အလှူရှင်ရဲ့ နာမည်နဲ့ အလှူအကြောင်းကို မေးတယ်။ အလှူအိမ်ကို ရောက်လို့ တရားဟောတဲ့အခါမှာ အလှူရှင်ရဲ့ အမည်လည်းပါ၊ အလှူရဲ့ အကြောင်းနဲ့ အကျိုးလည်းပါတဲ့ ဂါထာတစ်ပုဒ်ကို ရွတ်ပြီးတော့ တရားဟောပါတယ်။ အဲဒီလိုမျိုး လက်တန်းရွတ်တဲ့ ဆရာတော်ရဲ့ ဂါထာတွေဟာ ရှစ်လုံးဘွဲ့ ဂါထာတွေတော့ မဟုတ်ဘူး။ ဣန္ဒဝဇီရာ. ဥပေန္ဒဝဇီရာနဲ့ ဝသန္တတိ ဂါထာတွေသာ များတယ်လို့ ဆရာတော်ရဲ့ တပည့်ဖြစ်တဲ့ ပါဠိပါရဂူ ဆရာဝင်းက ပြောပါတယ်။ ဆရာတော် ရေးထားခဲ့တဲ့ စာတော်တော်များများဟာ ပန်းတနော် မြတောင်စာသင်တိုက် ဆရာတော်ဦးကုမာရထံမှာ ရှိပါတယ်။ ဆရာတော်ဟာ ခရီးသွားရင်း၊ သင်္ဘောစောင့်ရင်းနဲ့လည်း စာရေးလေ့ရှိပါတယ်။ သြဘာစာ. မော်ကွန်းစာ. ရတု. တေးထပ် အစရှိတဲ့ မြန်မာစာများကို ရေးတော်မူရင်လည်း ခန့်ခန့်သန့်သန့်ကြီးကို ရေးတော်မူပါတယ်။ မြန်မာစာများ ရေးရင်တော့ ကလောင်အမည်ကို မောင်ဉာဏ်ရှင်လို့ သုံးပါတယ်။
ပန်းကုံးဆတော်ကတော့ (ကန်တော့ပါရဲ့ဘုရား) ရုပ်ကြမ်း. အပြောကြမ်းပါတယ်။ ဒါပေမယ့်လည်း ဆရာတော်ရဲ့ ပါဠိရေးဟန်တွေဟာ အလွန်တရာမှပဲ ဆန်းကြယ်လှပြီး နွဲ့နှောင်းလှပနေတာကို တအံ့တသြ ဖူးမြင်ကြည်ညိုရပါတယ်။ စာရေးသူ ကိုရင်ဘဝက စာရေးသူတို့ထက် သက်တော်ဝါတော် များစွာကြီးပြီး ပါဠိရေးခြင်းကို အထူးခုံမင် နှစ်ခြိုက်စွဲလမ်းတော်မူတဲ့ ပဲခူးတိုင်း ဘုရားကြီးဇာတိဖြစ်တဲ့ ဦးဣန္ဒက (ရင်းနှီးသူတွေက ဦးအောင်နုလို့ ခေါ်ကြတယ်။)ထံမှာ ပန်းကုံးဆတော်ရဲ့ ဂါထာတွေကို မှတ်စုလုပ်ထားတာကို ဖူးမြင်ကြည်ညိုခဲ့ရတယ်။ အဲဒီမှတ်စု စာအုပ်ရဲ့ အဖုံးမှာ ရေးထားတာက `ဂါထာဘုရင် မှတ်စု´တဲ့။ အဒီမှတ်စုစာအုပ်ရဲ့ အတွင်းမှာပါတဲ့ ဂါထာတွေကတော့ ... အင်းကွက်ပုံစံနဲ့ မြင်းခုန်ဂါထာ. ဇရပ်ခုန်ဂါထာ အစရှိတဲ့ ဂါထာတွေ၊ ပဒုမ္မာကြာပွင့်ပုံစံနဲ့ ကြာဂါထာ၊ ပလ္လင်ပုံစံနဲ့ ပလ္လင်ဂါထာ၊ ယပ်ဂါထာ၊ ထီးဂါထာ၊ ပုတီးဂါထာ၊ ကြယ်ဂါထာ၊ နာရီဂါထာ၊ ပုလဲတစ်ထပ်သွယ် ဂါထာ၊ ပုလဲနှစ်ထပ်သွယ် ဂါထာ၊ ပုလဲနှစ်ထပ်သွယ် လွန်းယက္ကန်းဂါထာ၊ အဝသာနဒျတ္ထယောဇနာ ဂါထာ၊ ယမကဂါထာ အစရှိတဲ့ ဂါထာမျိုးစုံတ်ို့ကို အဆန်းတကြယ် အံ့သြဘနန်း ဖူးမြင်ကြည်ညိုခဲ့ရပါတယ်။ ဂါထာတွေကို ရုပ်ပုံတွေနဲ့ မြင်ရတဲ့ အတွက်လည်း ရှင်သာမဏေမျှသာ ဖြစ်သေးတဲ့ တပည့်တောင်မှ အတော်စိတ်ဝင်စားလို့ ခဏခဏကြည့်ဖြစ်တယ်။ အဲဒီဂါထာတွေထဲမှာ ပန်းကုံးဆရာတော်ကြီးကိုယ်တိုင် ရေးတော်မူတဲ့ ဂါထာတွေ ပါသလို ရှေးဆတော်တွေ ပညာရှင်တွေရေးတဲ့ ဂါထာတွေလည်း ပါပါတယ်။
လယ်တီဦးကောဝိဒ. မန်းတက္ကသိုလ် ဦးဆန်ထွန်း. အင်္ဂလန်ဆတော် ဘဒ္ဒန္တဉာနိက. ပန်းတနော် ဒေါင့်ကြီးရွာ ဆရာတော်ဦးကောသလ္လာဘိဝံသ. မန်းမဟာဝိသုဒ္ဓါရုံတိုက်သစ်မှ ဘုန်းကြီးဦးပညာသိရီဘိဝံသ အစရှိတဲ့ ပညာရှင်တွေဟာ ၁၁.လုံးဖွဲ့ အစရှိတဲ့ ဂါထာတွေကိုဂါထာစီတဲ့ နေရာမှာ အလွန်လျင်မြန်လှတယ်လို့ ကြားနာမှတ်သား ကြုံတွေ့ကြည်ညို အံ့သြခဲ့ရပါတယ်။
ပြတ်နေတဲ့ စကားလေးကို ပြန်ဆက်ပါရစေဦးနော်. အင်္ဂလန်ဆတော်ကြီးက တရားဟောတော့ ဂါထာတွေကို လက်တန်းစီဖွင့်ပြီးတော့ ဟောတယ်။ နှစ်ဆယ်ရာစုခေတ်မှာ `အပြော ဦးဝိမလ´ရယ်လို့ မော်ကွန်းတင်ခံရတဲ့ ညောင်တုန်း ရွှေဟင်္သာတောရရဲ့ စတုတ္ထစံကျောင်း ဆတော်ကြီး ဘဒ္ဒန္တဝိမလမဟာထေရ်ရဲ့ အပြောကောင်းပုံလေးကို အနည်းငယ်မျှ ဖော်ပြချင်ပါသေးတယ်။
ရွှေဟင်္သာတောရမှ သံဃာတွေ ဘုရားဝတ်တက်ပြီးတဲ့အချိန်မှာ တိုက်အုပ်ဆတော်က သံဃာတွေကို ဆတော်ကြီးထံတော်မှ သြဝါဒကို ခံယူတော်မူချင်ကြသလားလို့ မေးပါတယ်။ သံဃာတွေက သြဝါဒခံလိုတယ်လို့ လျှောက်တော့ စတုတ္ထစံကျောင်း ဆတော်ကြီးကို ရုတ်တရက်ကြီးပဲ သွားပင့်လျှောက်ကြတယ်။ ဆတော်ကြီးက သံဃာကပင့်တော့ ချက်ချင်းကြွလာပြီး သာရဏီယကထာတော် ချီးမြှင့်တော်မူတယ်။ ဆတော်ကြီး ချီးမြှင့်တာက ကေသီမြင်းထိန်း ဆရာကြီးနဲ့ ပတ်သက်တဲ့ ကေသိသုတ်ကို ပါဠိရွတ်လိုက် မြန်မာပြန်လိုက် ခေတ်ကာလသဘာဝလေးတွေညှပ်လိုက်နဲ့ မိန့်တော်မူတာပါ။ နာရတာ အင်မတန် ကြည်နူးစရာပါ။ တပည့်ကြီးတွေက ကက်စက်နဲ့ ဖမ်းထားလို့ နောင်နေ့ကျတော့မှ ဆရာတော်မိန့်တဲ့ ကေသိသုတ္တန်ကို စာအုပ်နဲ့ တိုက်ကြည့်ကြတယ်။ နိပါတ်ပုဒ်တွေမှတပါး ကျန်တာအားလုံးဟာ စာအုပ်ထဲမှ ပါဠိတွေနဲ့ တူနေတာကို တွေ့ရတယ်။ တပည့်က ငယ်သေးတော့ "ဘာဖြစ်လို့ နိပါတ်ပုဒ်တွေ လွဲနေရတာလဲ"လို့ နောင်တော်ကြီးတွေကို မေးမိတယ်။ နောင်တော်ကြီးတွေက "ဆတော်ကြီးဟာ ဒီပါဠိတွေကို ကျက်ထားပုံ မရကြောင်း၊ ပါဠိဂတိ နိုင်နင်းတော်မူတဲ့အတွက် အကြောင်းအရာကို ပါဠိလို လက်တန်းပြန်ဆိုခြင်းကြောင့် နိပါတ်ပုဒ်များ လွဲရခြင်းဖြစ်ကြောင်း၊ ဆတော်ကြီး အပြောကောင်းခြင်းမှာလည် ပါဠိတော် အဋ္ဌကထာတို့ကို မှီငြမ်းခြင်းကြောင့်ဖြစ်ကြောင်း"စသည်ဖြင့် ပြောပြပေးလို့ ငသုန်လေးရဲ့နား နည်းနည်းကားခဲ့ရတယ်။ အလားတူ အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်ကြုံတော့လည်း ဆတော်ကြီးက ဘာရဒွါဇသုတ္တန်ကို ချီးမြှင့်တော်မူပါတယ်။ ပါဠိဂတိတွေကတော့ ထုံးစံအတိုင်း ကေသိသုတ္တန်လိုပါပဲ။ အဲဒီတော့မှ စာရေးသူ သဘောပေါက်ခဲ့တယ်။ ပါဠိဂတိပိုင်ရင် အတော်အတန် ဇာတ်ကြောင်းတွေ ကျက်စရာမလိုဘူးလို့။
ပါဠိဂတိနိုင်နင်းပုံနဲ့ ပတ်သက်လို့ အံ့သြဘနန်း အဖြစ်အပျက်တစ်ချို့ကို စာရေးသူ ကိုယ်တွေ့ကြုံခဲ့ရသေးတယ်။ အဲ့ဒါကတော့ ဆရာကြီးဦးအောင်ခိုင်ထံမှာ ပါရာဇိကဏ်စာဝါ လိုက်ခဲ့စဉ်တုန်းကပါ။ ဆရာ့ထံမှာ ပါရာဇိကဏ်လိုက်တော့ တစ်ဦးတည်းဆိုတော့ မေးချင်တာ လွတ်လွတ်လပ်လပ် မေးခွင့်ရလို့ ဒုတိယပါရာဇိက အဋ္ဌကထာမှာလာတဲ့ ပုဒ်တစ်ခုကို မေးမိတယ်။ ဆရာကြီးက ဖြေပြတယ်။ အဲဒီအဖြေကို စာရေးသူက သဘောမကျလို့ စောဒကတက်တော့ ဆရာကြီးက အဋ္ဌကထာပါဠိကို သေချာကြည့်ပြီး ဖြည်းဖြည်းအေးအေးလေး ပါဠိတစ်ခုကို ရွတ်ပြတယ်။ ဆရာအဲ့ဒီပါဠိက ဘာလဲလို့ စာရေးသူကမေးတော့ ...ဒီပုဒ်နဲ့ ပတ်သက်တဲ့ ဋီကာအဖွင့်တဲ့။ မှန်းဖွင့်ကြည့်တာတဲ့။ ဒါနဲ့ သာရတ္ထကို လှန်ကြည့်တော့ အတော်များများကြီးကိုပဲ မှန်နေတာကို တွေ့ရတယ်။ အဲဒီလိုမျိုးတွေ ခဏခဏကြုံရတယ်။ ကြုံတိုင်းလည်း ဆရာဖွင့်ပြတာတွေဟာ များသောအားဖြင့် မှန်နေတာကို တွေ့ရတယ်။ ကြာတော့ ငါ့ဆရာကြီးဟာ ဋီကာပါဠိတွေတောင် အလွတ်ရနေပြီလားရယ်လို့ အထင်ကြီးပြီး ဆရာ့ကို မေးကြည့်တယ်။ ဆရာက ပြုံးပြီးတော့ "အဋ္ဌကထာကို ကြည့်ရင် ပါဠိတော်ကို အဋ္ဌကထာက ဘယ်လိုဖွင့်သလဲ။ ဋီကာကြည့်ရင် အဋ္ဌကထာကို ဋီကာက ဘယ်လို ဖွင့်သလဲဆိုတာကို သတိထားပြီး ကြည့်ပါ။ ကြည့်ပါများလို့ ပါဠိဂတိ အဝါးဝလာရင် မှန်းဖွင့်နိုင်ပါလိမ့်မယ်။ ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို ကြည့်ဖန် စဉ်းစားဖန် များလာရင် မြန်မာအကြောင်းအရာကို မှန်းပြီးတော့ ပါဠိတော်. အဋ္ဌကထာ. ဋီကာ ပါဠိတွေကို မှန်းရွတ်နိုင်ပါတယ်။ ဆရာကတော့ ပါဠိတော်. အဋ္ဌကထာ. ဋီကာ အစရှိတဲ့ ပါဠိဘာသာ စာအုပ်တွေကို အဖတ်များ၊ အကြည့်များ၊ ပို့ချမှု များတာရယ်ကြောင့် အဋ္ဌကထာဖွင့် ဋီကာဖွင့် အသွားအလာတွေကို နည်းနည်းပါးပါး မှန်းဖွင့်နိုင်တာပါ"လို့ ပြောပါတယ်။
အရှင်တို့လည်း ပါဠိဂတိကို ပိုင်နိုင်ချင်တယ်ဆိုရင်၊ အဋ္ဌကထာဖွင့် ဋီကာဖွင့်တွေကို မှန်းဖွင့်တဲ့အခါ မှန်ချင်ပါတယ်ဆိုရင်၊ အဋ္ဌကထာ ဋီကာ အနုဋီကာ ဂဏ္ဍိ အနုဂဏ္ဍိ စတာတွေကို ကိုယ်တိုင်လည်း ရေးချင်ပါတယ်ဆိုရင်ဖြင့် .....
............................................................
ဤစာစုဖြင့် ပါဠိပညာရှင်များ. ပါဠိဝါသနာရှင်များနှင့်တကွ ပါဠိမိသားစုကြီးအား မြတ်နိုးကော်ရော် ပူဇော်အပ်ပါသည်ဘုရား။
အမျိုးမျိုးသော အကြောင်းများကြောင့် ဆရာတော်များ၏ ဘွဲ့အမည်များကို သုံးစွဲဖော်ပြရသည်ကိုလည်း သည်းခံခွင့်ပေးတော်မူကြပါဘုရား။
တပည့်သုန်
No comments:
Post a Comment