ဝိဘတ်သည် ညွှန်ပြသလော? ပစ္စည်းသည် ညွှန်ပြသလော?
=====================================
မိမိအယူအဆအရ အာချာတ်၌ ပစ္စည်းကသာ ကတ္တား၊ ကံကိုညွှန်ပြသည်။ ဝိဘတ်သည် မညွှန်ပြနိုင်။ (ဤကား အဆိုပြုခန့်မှန်းချက် hypothesis တည်း)
ကတ္တားဟောဝါကျပုံစံ
သူဒေါ သြဒနံ ပစတိ။ (ပစတေ)
ဤဝါကျ၌ ပစတိ၏ အာချာတ်ဝိဘတ်သည် ကတ္တားကိုဟော၏၊ ညွှန်ပြ၏။ လိုအပ်၏ဟု သဒ္ဒါကျမ်းတို့၌ ဆိုသည်။ ထိုသို့ ထို-တိဝိဘတ်က ချက်ပြုတ်သူ ကတ္တားစားဖိုမှူးကို ညွှန်ပြဟောပြီးဖြစ်သောကြောင့် ပါစက၌ တခြားဝိဘတ် မသုံးရ၊
ပုဒ်စောင့်ခေါ် ပထမာဝိဘတ်သာ သုံးရသည်ဟုဆိုသည်။ ဒါကိုပင် လိင်အနက်၌ ပထမာဝိဘတ်သက်ဟု ဆိုကြသည်။
ပစတိ၏ ဘူဝါဒိ အ-ပစ္စည်းသည် သရကင်းနေသော စ်-ကပ်ဖို့ရန်သာ တာဝန်ယူရသောကြောင့် -ပစ္စယော ရူပသိဒ္ဓိမတ္တောဝ-ဟုဆိုသည်။
သို့သော်-
ကစ္စည်းကျမ်းလာ ဘူဝါဒိတော အ-သုတ်၌
ဘူဣစ္စေဝမာဒိတော ဓာတုဂဏတော အပစ္စယော ဟောတိ ကတ္တရိ-ဟု ကတ္တားအနက်၌ အ-ပစ္စည်းသက်ဟု ဆိုသည်။
ထိုအရ အ-ပစ္စည်းသည် ကတ္တားအနက်ကို ညွှန်ပြသည်။
တဖန် ပဒရူပသိဒ္ဓိ၌ ကစ္စည်းကဲ့သို့မဆိုပဲ-
ဘူဣစ္စေဝမာဒိတော ဓာတုဂဏတော ပရော အပစ္စယော ဟောတိ ကတ္တရိဝိဟိတေသု ဝိဘတ္တိပ္ပစ္စယေသု ပရေသု-ဟု ဆိုသည်။ အဓိပ္ပါယ်ကား
ကတ္တားအနက်မှာ စီရင်သော ဝိဘတ်၊ ပစ္စည်းများနောက်တွင်ရှိရာ၌ အ-ပစ္စည်းသက်ဟူသတည်း။
ကစ္စည်းက အ-ပစ္စည်းသည် ကတ္တားအနက်၌ သက်သည်။ ဤအရ ဝိဘတ်များသည် ကတ္တားကို မညွှန်ပြနိုင်။ ပစ္စည်းသည် ညွှန်ပြသည်။
ရူက ကတ္တားဟော ဝိဘတ်၊ ပစ္စည်းများနှောင်းလျှင် အ-ပစ္စည်းသက်သည်ဟု ဆိုသည်။
ဤအရ အာချာတ်ဝိဘတ်၊ မာနစသောပစ္စည်းများသည် ကတ္တားကို ညွှန်ပြနိုင်သည်။ ရူပသိဒ္ဓိအဆိုသည် ပစ္စယော ရူပသိဒ္ဓမတ္တောဝ-ဟူသော အချက်နှင့် ကိုက်ညီသည်။
တဖန် ကတ္တုဝါကျ၌ ပရဿပုဒ်၊ အတ္တနောပုဒ် (၂)မျိုးလုံးအသုံးပြုနိုင်သည်။
ကမ္မဝါကျ၌ အတ္တနောပုဒ်သာ သုံးရမည်ဟုဆိုသော်လည်း အတ္တနောကို ပရဿပုဒ်ပြန်က ပရဿပုဒ်၊ အတ္တနောပုဒ် (၂) မျိုးလုံးပင်သုံးနိုင်သည်ကို တွေ့ရမည်။
ရူပသိဒ္ဓိ (၂၈၅) ၌-
ကမ္မေ အတ္တနောပဒဿ ယေဘုယျေန ပရဿပဒတ္တမေဝ ပယောဇီယတိ-ကမ္မရုပ်မှာ အတ္တနောပုဒ်ကို ပရဿပုဒ်အနေဖြင့်သာ ပြန်လှည့်အသုံးပြုတာ များသောကြောင့် အတ္တနောပုဒ်ထက် ပရဿပုဒ်ကို ပိုတွေ့ရသည်။
ကံဟောဝါကျပုံစံ
သူဒေန သြဒနော ပစ္စတေ။ (ပစီယတေ/ပစ္စတိ/ပစီယတိ။)
ဤပုစံ၌ ပစ္စတေ စသည်သည် ကံဟောကြိယာတည်း။ ကံကိုလိုအပ်၊ ညွှန်ပြသောကြောင့် ကံနာမ်ပုဒ် သြဒနမှာ ပထမာခေါ် ပုဒ်စောင့်ဝိဘတ်သက်ရသည်။ ဤကိုပင် လိင်အနက်၌ ပထမာဝိဘတ်သက်ဟုဆိုကြသည်။
ပရဿပုဒ်၊ အတ္တနောပုဒ် (၂) မျိုးလုံးသုံးနိူင်သည်။ ပရဿပုဒ်ကပင် ပိုအသုံးများသေးသည်။
ဆိုလိုသည်မှာ-
ကတ္တရုပ်၌ ပစတိ-ဖြစ်စေ၊ ပစတေ-ဖြစ်စေ ကတ္တားကိုသာ ညွှန်ပြသည်။ တိ၊ တေ တို့က မညွှန်ပြနိုင်။ အကြောင်းကား ကမ္မဝါကျတွင်လည်း တိ၊ တေ-သုံးသောကြောင့်တည်း။ ပစ္စည်းကသာ ကတ္တားကို ညွှန်ပြသည်။ ပစ္စည်းကို ကြည့်မြင်၍သာ ကတ္တားဟောဟုသိရသည်။
ကမ္မရုပ်၌ ပစ္စတေ-ဖြစ်စေ၊ ပစ္စတိ-ဖြစ်စေ ကံကိုသာညွှန်ပြသည်။ တေ၊ တိ-တို့က မညွှန်ပြနိုင်။ အကြောင်းကား ကတ္တုဝါကျတွင်လည်း တေ၊ တိ-တို့ကို မြင်ရသောကြောင့်တည်း။ ယ-ပစ္စည်းကိုကြည့်မြင်၍သာ ကံဟော၊ ကမ္မရုပ်ဟု သိရနားလည်ရသည်။
အာချာတ်ဝိဘတ်တို့သည်
တတ်-ဟူသော ကတ္တားအသံ၊ အပ်-ဟူသော ကံအနက်တို့ကို မဟောမပြနိုင်သည် မဟုတ်ပါလော?
ထို့ကြောင့်-
အာချာတ်ဝိဘတ်တို့သည် ကတ္တား၊ ကံ-တို့ကို မဟောမညွှန်ပြနိုင်၊ ပစ္စည်းတို့ကသာ ဟောညွှန်ပြနိုင်သည် ဟု ထင်မြင်မိပါကြောင်း။ ။
============
ဤသည်မှာ မိမိနားလည်မှု၊ အမြင်မျှသာ ဖြစ်ပါသည်။
မိမိသည် ဝါသနာရှင်မျှသာဖြစ်ပါသောကြောင့် ပညာရှင်တို့ ဆွေးနွေးဖြေရှင်းကြဖို့ နှိုးဆော်တိုက်တွန်းပါသည်။
No comments:
Post a Comment