Wednesday, October 9, 2019

ပါဠိ၊ သက္ကတသဒ္ဒါကျမ်းများ၏ သမိုင်း

ပါဠိ၊ သက္ကတသဒ္ဒါကျမ်းများ၏ သမိုင်း
……………………………………………………
၇၆၅။ ဆူးတွင်းပစ်ဆရာတော်
------------------------
ဘုန်းကြီး ဘုရား၊ တပည့်တော်ရဲ့ မြန်မာနိုင်ငံဖြစ် ပါဠိသဒ္ဒါကျမ်းများ အကြောင်း သုတေသနစာ တမ်းကို ကြီးကြပ်ပေးနေတဲ့ ထိုင်းဘုန်းကြီးက မကြာခင်က ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ ဗွီဒီယိုဖိုင်ကို ပြပြီး မြန်မာရဟန်းတွေ မြန်မာ့ပါဠိစာပေသမိုင်းကို မသိဘူးဟု အထင်သေးစကား ဆိုနေပါသည်။ အဲဒီ ဖိုင်မှာ မြန်မာ ဆရာတော် တစ်ပါးက “သဒ္ဒသာရတ္ထဇာလိနီ”ခေါ်တဲ့ ပါဠိသဒ္ဒါကျမ်းကို ပုဂံ အနော် ရထာမင်း လက်ထက်မှာ ရေးတယ်ဟု ဆိုထားပါသည်။ ဆရာမြတ်၏ အယူအဆကို သိလိုပါသည် ဘုရား။
အရှင်ကုသလ (ခေတ္တ-ထိုင်းနိုင်ငံ)
----------------------------

ဆိုးပြစ်ကိုသိ
“မသိသူအဖို့ အသိပညာ စကားဟာ နားခါးစရာ (ဒုပ္ပညဿ ပညာကထာ ဒုက္ကထာ)”တဲ့။ လွန်ခဲ့တဲ့ ၆-နှစ်က ဓမ္မဘေရီ ဆရာတော်နဲ့ ရှေးဟောင်း ပါဠိကျမ်းတွေအကြောင်း ပြောနေစဉ် အနီးမှာရှိတဲ့ မြန်မာပြည်က လာလည်တဲ့ ဘုန်းကြီး သမ်း ဝေနေတာကို သတိထားမိလို့ ငါ့ရဲ့ ဗဟုသုတ တစ်ပဲသားကို လူရှေ့မှာ ကြွားသလို ဖြစ်သွားပြီလားလို့ တွေးပြီး ရှက်မိခဲ့ တယ်။ နယ်ပယ်စုံ သိသူ မဖြစ်နိုင်ပါဘူး။ လေ့လာမှ သိမှာပေါ့။ ဒါကြောင့် မသိဘူးလို့ ပြောတာကို မရှက်ပါနဲ့။

ခုခေတ် ဗွီဒီယိုဖိုင် ဆိုတာတွေက အနုမြူ ဓာတ်ရောင်ခြည်လိုပဲ။ ပြန့်ပြီးရင် တားဆီးရ ခက်တဲ့အမျိုး။ မှားမိရင် တကယ် ပြင်ရခက်တယ်။ ဒါကြောင့် မသေချာရင် နှုတ်မဆော့တာ အကောင်းဆုံး။ ရမ်းချရင် သိသူတွေအကြား ကဲ့ရဲ့စရာ ဖြစ် တတ်တယ်။

အိမ်ပြေးလေး
မြန်မာ ၇၁၃-ခုနှစ် (သာသနဝံသပ္ပဒီပိကာ၊ စာ-၉၉)၊ ကျော်စွာမင်း (ကိတ္တိသီဟသူရ) လက်ထက် သာစည်ရွာသား ကလေး ငယ်တစ်ဦး ကျောင်းကို စာသင်သွားခိုင်းရတာ ခက်လွန်းလို့ မိဘက ဒဏ်ပေးတဲ့ အနေနဲ့ ဆူးချုံပေါ် ပစ်တင်ထားခဲ့တယ်။ ကလေးက အိမ်မပြန်တော့ဘူး။ ကျောင်းမှာပဲနေ။ တစ်စတစ်စ အရွယ်ရောက် ပဉ္စင်းဖြစ်၊ ပုဂံပြည်ကို လာပြီး ပညာသင်။ စာပေကျမ်းဂန် တတ်ကျွမ်းလို့ ပုဂံမှာ ဆရာသမားတွေ ချီးမြှောက်တာ ခံရ။

အိမ်အပြန်တွင်
နောင်အခါ သားနောက်ကို ဘခင် လိုက်လာ။ သားကို ပြုစု။ ဘခင် တိုက် တွန်းလို့ မိခင်နဲ့ တွေ့ဖို့ ရွာအပြန် ပင်းယမြို့ကို ၀င်ပြီး ဘုရားဖူးကြစဉ် ..

ကျော်စွာမင်းလည်း ကျောင်းကြီး တစ်ဆောင် ဆောက်ပြီး ဘယ် ဘုန်းကြီးကိုမှ မတင်လှူဘဲ “ကိုယ်ကျင့် သီလလည်း ကောင်း၊ ပညာလည်းတတ်တဲ့ ပုဂ္ဂိုလ် မည်သူမဆို တက်နေပါစေ”လို့ သတင်း လွှင့်ထားသတဲ့။ ဒါကို ကြားတော့ ရွာပြန် အိမ်ပြေး ကိုယ်တော်လည်း ဘာမပြော ညာမပြော အဲဒီ ကျောင်းပေါ် တက်နေလိုက်သတဲ့။

မင်းဆရာ
ဆင်ဖြူ ၄-စီးရှင် (စတုသေတိဘိန္ဒ၊ အဘိဓာန်ဋီကာနိဂုံး) ကျော်စွာမင်းက သူ့ကျောင်းပေါ်ကို တက်နေတဲ့ ပုဂ္ဂိုလ်ကို စုံစမ်းဖို့ နာမည်ကျော် စတုရင်္ဂဗလအမတ်ကြီးကို လွှတ်လိုက်တယ်။ ဒီအမတ်ကြီးက ပါဠိအဘိဓာန်ဋီကာ ကျမ်းကြီးကို ရေးသားသူ။ ကိုယ်တော်က ပိဋကတ်သုံးပုံက ခက်ရပ်ခက်ဆစ်ကို အမတ်ကြီး မေးတိုင်း ဖြေနိုင်လို့ အမတ်ကြီးရဲ့ မှတ်ချက်အရ ဘုရင်က ဒီကျောင်းကို ကိုယ်တော်ကို တင်လှူတယ်။ သူ့ဘခင်ကိုလည်း သူဌေးရာထူးနဲ့ မြှောက်းစားသတဲ့။ 

ဆူးတွင်းပစ်
မင်းဆရာ ဖြစ်ပြီးနောက် “သဒ္ဒသာရတ္ထဇာလိနီ” အမည်ရှိ ပါဠိသဒ္ဒါကျမ်းကို ရေးတယ် (သာသနဝံသ၊ စာ-၁၀၁။ ပိဋကတ် တော်သမိုင်း၊ စာပိုဒ်-၄၀၅။ M. H. Bode, Pali Literature of Burma, p.27)။ ဒီကျမ်းက ဂါထာဗန္ဓနဲ့ ရေးတဲ့ ပါဠိသဒ္ဒါ ကျမ်းတွေထဲမှာ ကာရိကာကျမ်း ပြီးရင် အကြီးဆုံးပဲ။ ၅၁၆-ဂါထာရှိတယ်။ ငယ်စဉ် ဖြစ်ရပ်ကို အကြောင်းပြုပြီး ဆူးတွင်းပစ်ဆရာတော် (ကဏ္ဋက ခိပ)လို့ တွင်တယ်။ ပုဂံမှာ ကျော်ကြားပြီးမှ ပင်းယကို ရောက်လာလို့ “ပုဂံဆရာတော်”လည်း တွင်တယ်။ ရဟန်းဘွဲ့ အရှင်နာဂိတ။

ဘယ်ခေတ်
သဒ္ဒသာရတ္ထဇာလိနီကျမ်းမှာ သာရမဉ္ဇူသာ အမည်ရှိ ဋီကာကျမ်း တစ်စောင် ရှိတယ်။ ဒီဋီကာရဲ့ နိဂုံးအဖွင့်အရ .. ကျော်စွာမင်း နန်းစံ ၁၀-နှစ်၊ ၎င်းရဲ့ညီ သီဟသူရ (မောပါမင်း) ၃-နှစ်။ ၎င်းညီ ဥဇနာမင်း ၃-လ။ မကြာခင် မြောက်ဖက်ကမ်း (စစ်ကိုင်း)မှ သတိုးမင်းဖျားက (ပင်းယ) မြို့ကို သိမ်းပြီး ၄-နှစ် နန်းစံ။ ထိုမင်းနောက် တရဘျမင်း (တရဖျားမင်း) မင်းပြု (တရဘျဝှယကုမာရော ရဇ္ဇံ ကာရေသိ)။ ဒီမင်း နန်းစံ ၁၂-နှစ်မြောက်မှာ သဒ္ဒသာရတ္ထဇာလိနီကျမ်းကို ရေးတယ် (ယင်းဋီကာ၊ စာ-၁၆၁)။

ထိုဋီကာကျမ်းရဲ့ နိဂုံးနဲ့ ပိဋကတ်တော်သမိုင်း (ပိုဒ်-၄၀၆)အရ ထိုဋီကာကို ပင်းယမှာ ရေးကြောင်းသာ သိရပြီး ရေးသူရဲ့ ဘွဲ့ အမည် မဖော်ပြ။ ဒါပေမယ့် မူရင်းကျမ်းနဲ့ နှစ်ကာလ အလွန် မကွာနိုင်လို့ ဒီကျမ်းရဲ့ နိဂုံးအဆိုက ခွန်အားရှိတယ်။

တရဖျားမင်း
ရာဇ၀င်များအရ .. သတိုးမင်းဖျားဟာ ပင်းယမှာ ၇-လသာ နေပြီး အင်း၀မှာ နန်းသစ်တည်တယ်။ နန်းစံ ၃-နှစ်။ ယင်းနောက် ထိုမင်းရဲ့ ယောက်ဖတော် အမြင့်မြို့စား တရဖျား (မင်းကြီးစွာစော်ကဲ)က မြန်မာ ၇၂၉-မှာ အင်း၀မှာ မင်းပြု။ ဒီမင်း နန်းစံ ၃၃-နှစ်။

ဒါဖြင့် သဒ္ဒသာရတ္ထဇာလိနီကျမ်းကို မြန်မာ ၇၄၁-ခုနှစ်၊ ပင်းယခေတ်ကုန်၊ အင်းဝခေတ် အစပိုင်း၊ မင်းကြီး စွာစော်ကဲ လည်းခေါ်တဲ့ တရဖျားမင်း လက်ထက် ပင်းယမြို့မှာ ရေးတယ်။ မြန်မာ ၇၂၆-မှာ ပင်းယပျက်ပြီး ၁၅-နှစ်အကြာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄၀ အလွန်ကပေါ့။

ဆင်ခြင်ဖွယ်
ပင်းယ ဒုတိယဆက် ဥစ္စနာမင်း (မြန်မာ ၆၈၁-၇၀၃)က မြန်မာ ၆၈၂-မှာ စကား ၇-ကျောင်း ဆောက်ပြီး တင်လှူတဲ့ သံဃာ စာရင်းမှာ “ကုလားကျောင်းကို သဒ္ဒသာရတ္ထဇာလိနီဋီကာကို ပြုသော ရှင်ဝါစိဿရ”အား လှူဒါန်းကြောင်း တွင်းသင်းရာဇ၀င်သစ် (၁၊ စာ-၁၇၇) မှာ ဆိုတယ်။ ဖော်ပြပြီး ဋီကာနဂုံး စကားအရ နောက်ထပ် ၅၉-နှစ်ကြာမှ မူရင်းကျမ်းကို ရေးမှာဖြစ်လို့ တွင်းသင်းအဆို စဉ်းစားဖွယ် ရှိတယ်။ မူရင်းကျမ်းပြု အရှင်နာဂိတနဲ့ လွဲတာများလား။

ကျမ်းညှိ
ပင်းယမင်း ကျော်စွာက နန်းစံ ၁၀-နှစ် ဖြစ်လို့ ဒီ ၁၀-နှစ်အတွင်း (မြန်မာ ၇၁၃-၇၂၂)မှာ အဘိဓာန်ဋီကာကို ရေးဖွယ် ရှိတယ်။ ဆူးတွင်းပစ် ဆရာတော်ဟာ ဒီမင်းလက်ထက်မှာ အမတ်ကြီး ဖြစ်နေတဲ့ စတုရင်္ဂဗလနဲ့ သက်တော် အလွန်ကြီး မကွာလောက်ဘူး။ ဒါကြောင့် သာသနဝံသနဲ့ ပိဋကတ်တော်သမိုင်းတို့ အဆိုလည်း ယုတ်္တိရှိတယ်။ နန်းစံမင်းတွေ နန်း စိုက်မြို့တွေ ပြောင်းပေမယ့် ဆရာတော်ကတော့ သူ့ဒကာလှူတဲ့ ပင်းယကျောင်းမှာပဲ သီတင်းသုံးခဲ့ဖွယ် ရှိတယ်။

နိဂုံးဆုတောင်း
ပံယာဘိချာတေ နဂရေ ဝိသာလေ၊
ဂန္ထေသု သာရာဘိမတံ ဂဟေတွာ။
ယာ ဘာသိတာ သာ နဘယာ သမတ္တာ၊
သဗ္ဗေပိ သတ္တာ နိဘယာ ဘ၀န္တု။

ပင်းယမည်တွင် မြို့စည်ပင် ထေရ်ရှင်နေစဉ်က၊
ထိုထိုကျမ်းမှ နှစ်သာရ ထုတ်နုတ်ယူကာပြ။
သဒ္ဒသာရာ ဇာလီသာ ကောင်းစွာပြီးပြီပ၊
သဗ္ဗေသတ္တာ အားလုံးမှာ ဘေးကွာရန်ကင်းကြ။

၀ဋ္ဋေသု ၀တ္တံ တိဘဝေသု ဝုယှံ၊
ရောဂါဒိ၀ဇ္ဇံ ဝိဟတော ဘဝေယျံ။
ဖုသာမိ ဗုဒ္ဓံ အရိမေတ္တေယျသင်္ချံ၊
ဒါနဉ္စ ဒတွာ ပိဋကံ ဓရေယျံ။ (ဓရေယျံ-မှာ ဆန်းကြောင့် ရဿ)။

ဘ၀သုံးဖြာ ၀ဋ်ရေပြာ မျောပါသွားရလျှင်၊
လောဘစသည် မကပ်ပြီ ရွှေပြည်နိဗ်္ဗာန်၀င်။
အရိမေတ္တ စောဗုဒ္ဓ ဖူးရအမှန်ပင်။
အလှူမပြတ် ပိဋကတ် ကျမ်းလည်းတတ်စေချင်။ 

ဒုတိယက အကိတတ်္တိ ရသေ့ရဲ့ ဆုတောင်းကို ရည်ရွယ်တာ (ဋီကာ)။ သူ့ဆုတောင်းက နည်းနည်း လေးပဲ။ ရေးတော့ အများကြီး၊ တောင်းတော့ နည်းနည်းလေး။

ရတုပိုဒၥဳံ
စတုရင်္ဂဗလအမတ်ကြီး မေးပြီး ပုဂံဆရာတော်ခေါ် ဆူးတွင်းပစ်ဆရာတော် ဖြေဆိုတဲ့ ရတုသုံးပိုဒ် လည်း ရှိသေးတဲ့ အနက် ပထမပိုဒ်ကို ဝါသနာရှင်များ အတွက် ဖော်ပြလိုက်ပါတယ် ..

(အမတ်မေး) ရွှေဘဝါးတော်အောက်၊ ၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည်း၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက်၊ နိကာယ်လုံးစုံ၊ ကျမ်းသုံးပုံ၀ယ်၊ အာရုံညွတ်ညွတ်၊ ပရမတ်ကို၊ အထွတ် ဘုန်းခိုင်၊ သိမြင်နိုင်က၊ ကျော်လှိုင်ပေါက်ပြ၊ ကြည့်လ ကလျှင်၊ ဘ၀သုံးမည်၊ လူနည်ပြည်၌၊ မည်သည့်ကုသိုလ်၊ နှိုင်းဆို မတန်၊ နိဗ္ဗာန်လက်လှမ်း၊ နန်းပွင့်ငြမ်းသည်။ ။ ရွှင်၀မ်းမြောက်တော်မူစေသော။

(ဆူးတွင်းဖြေ) အထွေအထွေ၊  ၊ မေးတိုင်းဖြေအံ့၊ ပရမေဘုန်းခေင်၊ ငါးမာန်အောင်၏၊ များမြောင် သံကျော်၊ နှုတ်နက်တော် ကို၊ ရေသော်အံ့ဘွယ်၊ မိုးထက်ကြယ်သို့၊ နိကာယ်ငါးအင်၊ အင်္ဂါကိုးတန်၊ ဓမ္မခန်ပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကျမ်း ကုန်အာင်ကို၊ များမြောင်စေ့ရေ၊ မတွေ့လေလည်း ကြံထွေအစွမ်း၊ သင်ရိုးကျမ်းဖြင့်၊ စူးစမ်းဆင်ခြင်၊ ဉာဏ်၀င်သော လျောက်၊ ပါဌ်ထောက်အာဂုံ၊ လာတုံမဖောက်၊ ဖြေရိုးကောက်အံ့၊ ထွက်မြောက်ဘဂဝါ၊ ရဟန္တာသာမန်၊ ဇောဟန်မပျက်၊ ခုနက်ချက်တည့်၊ အသက်ဆုံးစွန်၊ နိဗ္ဗာန်ခန္ဓာ၊ ငြိမ်းသောခါ၌၊ အနိစ္စာဒုက္ခ၊ အနတ္တသဘော၊ အာရုံဇောဟု၊ စစ်ကြော ကျမ်းဂန်၊ ပြရိုးညွှန်သည်။  ။ အမှန်မှတ်နေရာတမုံံ့။  (လက်ဝဲနော်ရထာအမတ်ကြီး စုဆောင်ခဲ့တဲ့ စာဆိုတော်များ ရတုပေါင်း ချုပ်မှ)။

နဝဒေး၊ နတ်ရှင်နောင်တို့ ရတုထက် ရှေးကျပြီး ရှေးအကျဆုံး ရတုစာရင်းမှာ ပါနိုင်တယ်။ ဒီအချိန်က အရှင်သီလဝံသ (မြန်မာ ၈၁၅-ဖွား)၊ အရှင်ရဋ္ဌသာရ (မြန်မာ ၈၃၀-ဖွား)တို့ မမွေးဖွားလောက်သေးဘူး။

အရှင်ကေလာသ
သြဂုတ် ၂၄၊ ၂၀၁၉။
----------------

သဒ္ဒနီတိကျမ်းသည် ( မြန်မာ ၄၅၄-၅၂၉) အလောင်းစည်သူမင်းလက်ထက်တွင် အရှင်အဂ္ဂဝံသ မထေရ်မြတ် စီမံရေးသားအပ်သည့်ကျမ်းဖြစ်သည်။ ပါဏိနီယ ဗျာကရုဏ်းကျမ်းကို မှီငြမ်းပြုကာ ရေးသားအပ်လေသော
ကြောင့် အလွန်လေးနက်ခိုင်မာသည့်ကျမ်း
ဖြစ်ပေသည်။

ဗုဒ္ဓရှင်တော်မြတ်သည် အနက်အဓိပ္ပါယ်အလုံးစုံပြည့်စုံသည့် မွန်မြတ်သော တရားဒေသနာ
တော်မြတ်ကို ဟောကြားပြသရာတွင် မာဂဓဘာသာဖြင့်သာ ဟောကြားပြသခဲ့ပေသည်။
ထိုမာဂဓဘာသာ၏ ထူးခြားသော ဝိသေသမှာ အလွန်သိမ့်မွေ့ခြင်း အလွန်နက်နဲခြင်း ဂုဏ်ထူးဝိသေသရှိပေ၏။
ထိုဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသော မာဂဓဘာသာဖြင့်ဟောကြားတော်မူအပ်သော ဗုဒ္ဓ၏
အဆုံးအမတရားဒေသနာတော်များကို
သင်ကြားတက်သိလိုသော အမျိုးကောင်းသားသည် မာဂဓဗျာကရုဏ်းကျမ်းကို အမှီပြု၍ သာလေ့လာနိုင်ကြပေသည်။ ဗျာကရုဏ်း
ကျမ်းကို လေ့လာကျွမ်းကျင်မှသာ ခရီး
ရောက်ပေါက်မြောက်နိုင်ပေသည်။

မာဂဓဘာသာသည်လည်း ပုဒ်ဓာတ် ပစ္စည်းတို့ဖြင့် ဖန်တည်းတည်ဆောက်ယူရသော
ရုပ်ပြောင်း ဘာသာစကားဖြစ်သည်။ ထိုပုဒ်
ဓာတ်ပစ္စည်းတို့၏ စီရင် ဖန်တည်းဟန်ကို သိနားလည်မှသာ ဗျာကရုဏ်းကျွမ်းကျင် သဒ္ဒါပညာရှင်ဖြစ်နိုင်ပေ၏။

သဒ္ဒနီတိ သဒ္ဒါကျမ်း၏ ဖြစ်ပေါ်ပေါ်ပေါက်လာပုံကို သိရှိရန် ရှေးဦးစွာ သက္ကဋ သဒ္ဒါကျမ်းတို့ ပေါ်ပေါက်လာမှုကို ရှေးဦးစွာလေ့လာသင့်
သည်။

ဣန္ဒရသေ့ အစရှိသော ရသေ့အရှင်မြတ်တို့သည် သက္ကဋဘာသာဖြင့်ရေးသားအပ်
သော လောကီကျမ်းတို့ကို ဆိုလိုသောအနက်မှန်ရစေရန်အကျိုးငှါ ဣန္ဒဗျာကရုဏ်းကျမ်း
စသော များစွာသော သဒ္ဒါကျမ်းတို့ကို ရေးသားတည်ထွင်စီရင်ခဲ့ကြ၏။

ပါဏိနီယ ဗျာကရုဏ်းကျမ်း၏ဆိုင်ရာ သုတ်တို့တွင်လည်း သဒ္ဒါကျမ်းများရေးသားစီရင်ခဲ့
သော ရသေ့အရှင်မြတ်များ၏ အမည်များကို
ဖော်ပြထားသေး၏။ထို့ရသေ့များမှာ
၁ သာကလိရသေ့
၂ သာကဋာယနေရသ့
၃ ဂါလဝရသေ့
၄ ဂါဂ် ရေသ့
၅ ကဿပရသေ့
၆  ဖောဋာယနရသေ့
၇ စက္ကဝမ္မကရသေ့
၈ ဘယရဒွါဇရသေ့
၉အာပိသလိရသေ့
၁၀ သေနကရသေ့ ဟူ၍ ရသေ့ဆယ်ပါးကို
ဖော်ပြထားသည်။
ထို ရသေ့တို့စီရင်အပ်သော သဒ္ဒါကျမ်းများ
တွင် ဣန္ဒရသေ့စီရင်အပ်သောသဒ္ဒါကျမ်းက အစောဆုံးရှေးအကျဆုံးဖြစ်ကြောင်းကို ရှေးကျသောဝေဒကျမ်းတို့၌ ယင်း၏အမည်ကို
ဖော်ပြထားမှုဖြင့်သိနိုင်ပေသည်။

ထိုရသေ့များတွင်လည်း သာကဋာယနသဒ္ဒါ
ကျမ်း  အာပိသလသဒ္ဒါကျမ်း သာကလသဒ္ဒါကျမ်းတို့သည် ပါဏိနီယ သဒ္ဒါကျမ်းထက် ပို၍စောစွာပေါ်ပေါက်ခဲ့သည်။

ပါဏိနီယသဒ္ဒါကျမ်း (အဋ္ဌဇ္ဈာယီသဒ္ဒါကျမ်း)

ပါဏိနီယသဒ္ဒါကျမ်းသည်ကား မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသည်မှနောက် နှစ်နှစ်ရာ
ပြည့်တွင် ဣန္ဒုမြစ်နှင့် ကလမ္ဗုမြစ်နှစ်ဆင်း၏ ပေါင်းစုံရာဒေသရှိ ဂေါနဒ္ဒဒေသ၌ မွေးဖွားခဲ့
သော ပါဏိနီဆရာမြတ်စီရင်အပ်ခဲ့ကြောင်း  ဆရာအစဉ်အဆက် မှတ်သားမှုပြုခဲ့ကြသည်။

ဝတ္တိကသဒ္ဒါကျမ်း
(ပါဏိနီယသုတ္တပရိသိဋ္ဌသဒ္ဒါကျမ်း)
ဤကျမ်းကိုကား ပါဏိနီယသဒ္ဒါကျမ်း၏
နောက်ကာလ ဝရရုစိ အမည်ရှိသောရသေ့
သည် ပါဏိနီယ သဒ္ဒါကျမ်းတွင်ဆိုအပ်သည့် အသိခက်သော အနက်အဓိပ္ပါယ်များကို ဖွင့်ဆိုဖော်ပြခြင်း ဝေဘန်သုံးသပ်ခြင်း ပါဏိနီယသဒ္ဒါကျမ်းတွင်ဆုံးဖြတ်ရန်ကျန်နေသေးသည့် အဆုံးအဖြတ်ကိုထည့်သွင်းခြင်း လိုအပ်နေ
သောနေရာများ၌ ဖြည့်စွက်ခြင်းများဖြင့် ကျမ်းသစ်တစ်ဆူကိုစီရင်ခဲ့ပေသည်။

တဋ္ဋိကဘာသကျမ်း (မဟာဿကျမ်း)
ပတဉ္ဇလိဘာဿကျမ်း
သာသနာနှစ်ငါးရာရောက်သောအခါ ပတဉ္ဇလိအမည်ရှိသောရသေ့သည် မူရင်းပါဏိနီယ
သဒ္ဒါကျမ်းနှင့် ယင်း၏အခြံအရံဖြစ်သော ဝတ္တိက သဒ္ဒါကျမ်း၏ အဖွင့်ကျမ်းဖြစ်သော မဟာဘဿကျမ်းကို စီရင်ခဲ့သည်။

ယင်းပတဉ္ဇလိရသေ့ဟူသည်မှာလည်း
အတွေးအခေါ်ဒဿနခြောက်ပါးတွင် အပါ
အဝင်ဖြစ်သော ယောဂဒဿနကျမ်းနှင့် စရကသံဟိတာမည်သော ဆေးကျမ်းကို စီရင်ရေးသားခဲ့သော ရသေ့ပင်ဖြစ်ကြောင်း ပြောရိုးရှိ
ပေသည်။

တိမုနိဗျာကရဏကျမ်း
ပါဏိနီယ ရသေ့စီမံအပ်သော အဋ္ဌဇ္ဈာယီသဒ္ဒါကျမ်း၊ ဝရရုစိဆရာစီမံအပ်သော ဝါတ္တိက
ကျမ်း၊ ပတဉ္စလိဆရာစီမံအပ်သော မဟာဘဿကျမ်း၊ ဤ သဒ္ဒါကျမ်းသုံးကျမ်းကိုပင် ရသေ့သုံးပါးစီရင်အပ်လေသောကြောင့် တိမုနိဗျာကရုဏ်းကျမ်းဟု ခေါ်ဝေါ်သမှုပြုကြသည်။
ထိုဆရာမြတ်သုံးပါးနှင့်ပတ်သက်၍လည်း
ဋီကာနှင့်ဒီပနီတို့တွင်မူ ပါဏိနီရသေ့၊ ပါတင်္ဂီရသေ့၊ ပါသုကီရသေ့များဖြစ်ကြသည်ဟု မတူ
ခြားနားစွာ ဖော်ပြထားသည်။

အဖွင့်ကျမ်းများ
၁ ။ မဟာဘဿသဒ္ဒါကျမ်းကို ကိုယ်ထည်
ပြု၍  ဂါထာသတ်သတ်ဖြင့်သာ ရေးသားစီရင်အပ်သောကျမ်းတစ်ဆူလည်းရှိပေသည်။ ထိုကျမ်းကိုမူ ဘတ္တုဟရိဆရာစီရင်အပ်ပေသည်။ ထိုကျမ်းအမည်သည်ကား ဝါကျပဒီယ အမည်တွင့်ခဲ့လေ၏။

၂။ ဝါကျပဒီယ ကျမ်းမှအခြားသော ကာသိကာ အမည်ရှိသောသဒ္ဒါကျမ်းကိုကား မဟာ
ပညာရှိ ဝါမနဆရာနှင့် ဇယာဒိစ္စဆရာတို့က သုတ်၏အဖွင့်ကျမ်းအနေဖြင့်စီမံအပ်ခဲ့ကြ၏။

၃။ ပကြိယာကောမုဒီ
ဤကျမ်းကိုမူ သိရိရာမစန္ဒ ဆရာသည်
စီမံရေးသားအပ်၏

၄။ မဟာသိဒ္ဓန္တကောမုဒိ
ဤကျမ်းသည်ကား ဘဋ္ဋောဇီဒိက္ခိတ
ဆရာ စီရင်ရေးသားအပ်၏။

ပါဏိနီယသဒ္ဒါကျမ်းနည်းတူ အခြားသော
သက္ကဋ ဘာသာ သဒ္ဒါကျမ်းများလည်းရှိပေ
သေး၏။
စန္ဒဂေါမိဆရာစီရင်အပ်သည့် စန္ဒဗျာကရဏကျမ်း၊ သဗ္ဗဝမ္မဒုဂ္ဂသီဟဆရာမြတ်ရေးသား
အပ်သော ကလာပ်ကျမ်း၊ နောင်သောအခါ
ထိုကလာပ်ကျမ်းကိုပင် ကာတန္တ သဒ္ဒါကျမ်းဟု ခေါ်ကြလေသည်။ (ကစ္စည်းသဒ္ဒါကျမ်း၏ မှီးရာ ကျမ်း)

၅။ မုဒ္ဓဗောဓသဒ္ဒါကျမ်း
ဖျင်းအ နုံထိုင်းသော လူ့ဗာလတို့သည်ပင် ဤကျမ်းကိုသင်ယူက တက်မြောက်နိုင်ပေ၏ဟု ခိုင်မာသော ပဋိညာဉ် အာမခံမှုပြုလေသည့် ဤသဒ္ဒါကျမ်းကိုကား ဝေါပဒေဝဆရာ ရေးသားခဲ့၏။

၆။ သာရသွတဗျာကရုဏ်းကျမ်း
ဤကျမ်းကိုမူ အနုဘူတိဿရူပ ဆရာစီရင်
ရေးသားခဲ့ပေ၏။

ယင်းသက္ကဋသဒ္ဒါကျမ်းတို့၏ ရည်သန်အား
ထုတ်မှုတွင်လည်း ပုဒ် ဗျဉ်းတို့ဖြင့် ရေးသားဖွဲ့စည်းအပ်သော အသုံးပြုဘာသာဗေဒတစ်ခု၏မှန်ကန်သော အရေးအသား မှားယွင်း
သော အရေးအသားတို့ကို ခွဲခြားနားလည်၍
မမှန်ကန်သော ပုဒ်အက္ခရာတို့ကို ရှောင်ကြဉ်ကာ မှန်ကန်သော ပုဒ်အက္ခရာတို့ဖြင့်သာ ရေးသား ပြောဆိုနိုင်ရေးနှင့် ဆိုလိုချက်အဓိပ္ပါယ်သို့ ရောက်ရှိနိုင်စေရေးသာဖြစ်သည်။
ပတဉ္ဇလီ ဗျာကရုဏ်းကျမ်းတွင်လည်း သဒ္ဒါ
ကျမ်းတို့စီရင်မှု၏အခြားသော ရည်သန်အားထုပ်ရကြောင်းကိုဖော်ပြထားပေသေး၏။

မာဂဓဗျာကရုဏ်းကျမ်းများ
ရှေးရှေးသော သက္ကဋသဒ္ဒါကျမါးတို့သည် ဝေဒစာပေတက်ကျွမ်းနားလည်ရေးနှင့် သက္ကဋဘာသာဖြင့်ရေးသားသော လောကီကျမ်းများကို နားလည်စေနိုင်ရေးကိုသာ ရည်သန်ခဲ့ကြ
သည်ဖြစ်၍ မာဂဓဘာသာအတွက် အကျိုး
မများလှပေ။ ထို့ကြောင့် မာဂဓဘာသာဖြင့်
ဟောကြားခဲ့သော ဗုဒ္ဓ၏အဆုံးအမမြတ်ဒေသနာတို့ကို အမှားအယွင်းမရှိ တက်မြောက်နားလည်စေရန်အကျိုးငှါ သဘာဝနိရုတ္တိဖြစ်သော မာဂဓဘာသာ၏ အရင်းမူလမှစ၍ ကျွမ်းကျင်လိမ္မာသော ရှေးဆရာမြတ်တို့သည် ဗုဒ္ဓ၏
ဒေသနာတော်တို့အား လျှော်ညီစွာ နားလည်တတ်ကျွမ်းသည့်အလျှောက် ဗုဒ္ဓအဆုံးအမ
ဒေသနာတို့အတွက်ကျေးဇူးများသော မာဂဓသဒ္ဒါကျမ်းများကို စီရင်ခဲ့ကြလေသည်။

ထိုမာဂဓသဒ္ဒါကျမ်းတို့၏ ပေါ်ပေါက်ရာကာလသည်ကား ဗုဒ္ဓခေတ်မှစတင်ခဲ့လေသည်ဟု
မှတ်တမ်းတင်ထားကြလေသည်။

၁။ အရှင်မဟာကစ္စည်းထေရ်နှင့်
မာဂဓသဒ္ဒါကျမ်း

ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကာလ ဧတဒဂ်ဘွဲ့ရ အရှင်မဟာကစ္စည်းထေရ်သည် နိရုတ္တိပိဋက သဒ္ဒါကျမ်းကို ရေးသားခဲ့ပေသည်။

၂။ စူဠနိရုတ္တိသဒ္ဒါကျမ်းကိုကား ယမကမဟာထေရ်ရေးသားစီရင်ခဲ့ကြောင်း မှတ်တမ်းထားခဲ့ပေသည်။

၃။ နရဝရဝစနောပကာရာနိ စတ္တာလီသက္ခရာနိ ဟူသောသုဒ်ကို အစဆုံးတည်၍ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမဒေသနာသည် အက္ခရာ လေးဆယ့်တစ်လုံးတွင် စုံးရုံးပေါင်းစု ရေးသားဖော်
ပြမှုပြု၏ စကားချီကာ မာဂဓသဒ္ဒါကျမ်းကို ရေးသားခဲ့သည်။ ထိုသဒ္ဒါကျမ်းကိုမူ ဗောဓိသတ္တမဟာထေရ်ရေးသားခဲ့၏။

၄။ အာစရိယသဗ္ဗဂုဏကရမဟာထေရ်သည်လည်း သိဒ္ဓက္ကမာဒယော ဝဏ္ဏက္ခရာ တိတာလီသ သုတ်ကို အမွန်အစ တည်သုတ်ပြု၍ မာဂဓသဒ္ဒါကျမ်းကို ရေးသားတည်ထွင်ခဲ့၏။

ဤအထပ်ပါ သဒ္ဒါကျမ်းလေးစောင်တို့သည် ထိုစဉ်ကာလဝယ် နေလအသွင်တင့်ထွန်း
ကျော်ကြား အသုံးများခဲ့သော်လည်း ယခုအခါ အမည်မျှသာ ကြွင်းကျံရစ်လေတော့သတည်း။

ယခုခေတ်ထိ တည်ရှိ မာဂဓသဒ္ဒါကျမ်းများ
မိမိကျမ်းကိုယ်တိုင်ပင် တည်သုတ်၊
အဖွင့်ဝုတ္တိ၊ ပြရုပ်ဥဒါဟရုဏ် အပြည့်အစုံဖြင့် ရေးသားစီရင်အပ်သော သဒ္ဒါကျမ်းတို့သည်
ကစ္စည်းကျမ်း၊ မောဂ္ဂလ္လာန်ကျမ်း၊ သဒ္ဒနီတိကျမ်း၊ သဒ္ဒသင်္ဂဟကျမ်း၊ တို့သည် ယနေ့ထက်တိုင် ပရိယတ္တိသာသာနာအတွက် ကျေးဇူးများစွာ ထွန်းလင်းတည်ရှိခဲ့ကြလေသည်။
ထိုကျမ်းတို့တွင်

၁။ ကစ္စာယနဗျာကရုဏ်းကျမ်းကို ဗုဒ္ဓလက်
ထက် ဧတဒဂ်ဘွဲ့ခံ အရှင်မဟာကစ္စာယန (ကစ္စည်းထေရ်မြတ်) စီရင်အပ်၏ဟု နျာသ
ကျမ်းပြုဆရာ၊ ရူပသိဒ္ဓိကျမ်းဆရာ ၊ သုတ္တနိဒ္ဒေသကျမ်းဆရာ၊ကစ္စာယနဝဏ္ဏနာကျမ်းဆရာ၊ အပါဒါန်အဋ္ဌကထာ နှင့် အခြားသော သဒ္ဒါ
ကျမ်းဆရာတို့ အသိအမှတ်ပြုကြပေသည်။

သုတေသီအရှင်မြတ်တို့၏ လေ့လာသုံး
သပ်ချက်တွင်မူ
ဤကစ္စည်းကျမ်းသည် ဧတဒဂ်ဘွဲ့ရ အရှင်မဟာကစ္စည်းထေရ် ပြုစုခဲ့သည်မဟုတ်၊
စောဠတိုင်း သို့မဟုတ် သီဟိုဠ်ကျွန်းမှ အမည်တူသော အခြား အရှင်မဟာကစ္စည်းထေရ်ရေးသားခဲ့သည်ဟု ဖော်ပြကြသည်။

ဆရာအချို့၏အလိုအားဖြင့်မူ
ပဋိသမ္ဘိဒါပတ္တ ဧတဒဂ်ဘွဲ့ရ အရှင်မဟာ
ကစ္စည်းထေရ်သည် ကစ္စည်းကျမ်း၏ သုတ်ကိုသာ စီရင်ခဲ့၏
အဖွင့်ဝုတ္တိကိုမူ သံဃနန္ဒိမထေရ်စီရင်၍
ပြယုဂ် ဥဒါဟရုဏ်ကိုကား ဗြဟ္မဒတ္တမထေရ်စီရင်သည်ဟု ဖော်ပြကြလေသည်။

နျာသဗျာကရုဏ်းကျမ်း
ကစ္စည်းကျမ်း၏အဖွင့်များစွာတို့တွင် နျာသ
ကျမ်းသည် အစောဆုံးအဖွင့်သံဝဏ္ဏနာကျမ်း
ဖြစ်သည်။ ထိုကျမ်းကို သီဟိုဠ်ကျွန်း အနုရာဓပုရမြို့ မဟာဝိဟာကျောင်း၌ သီတင်းသံ ဝဇိရဗုဒ္ဓိမထေရ်စီရင်ခဲ့၏။

ကေစိဆရာတို့၏ အယူအဆအားဖြင့်မူ နျာသကျမ်းသည် ဝိမလဗုဒ္ဓိဆရာစီရင်ရေးသားခဲ့
သည်ဟုဆိုကြသည်။ ယင်းနျာသကျမ်းကိုပင် မုခမတ္တဒီပနီဟုခေါ်သည်။
အရှင်ဝဇိရဗုဒ္ဓိမထေရ်သည် ဤနျာသကျမ်းနှင့်အတူ ဝိနည်းပိဋကတ်၏ အဖွင့်အဋ္ဌကထာ
ကျမ်းများ၏ အဦးအစဆုံးအဖွင့်ဋီကာဖြစ်သည့် ဝဇိရဗုဒ္ဓိဋီကာကျမ်းကိုရေးသားခဲ့သည်။

မုခမတ္တသာရကျမ်း
တမ္ဗဒီပတိုင်းဟုခေါ်သော ပုဂံပြည်၌ ဂုဏသာဂရ အမည်ရသောမထေရ်သည် နျာသကျမ်း (မုခမတ္တဒီပနီ)ကျမ်းကို အလုံးစုံအကျဉ်းချုပ်၍ ဂါထာသက်သက်ဖြင့်ရေးသားခဲ့လေသည်။
ယင်းကျမ်းအမည်သည်ကား မုခမတ္တသာရ
အမည်တွင်၏။ထိုကျမ်းသည်ကား အလွန်
ကောင်းမွန်လွန်းလှသော်လည်း စာအုပ်အဖြစ်သို့ ပုံနှိပ်ထုပ်ဝေဖူးခြင်းမရှဇိခဲ့ပေ။

သံပျင်ဋီကာ
မြန်မာနှစ် ၅၃၆ တွင် နရပတိဇယသူရမင်း
လက်ထက် မင်းချီးမြှောက်ခံ အမတ်တစ်ဦး
သည် နျာသကျမ်း၏ အဖွင့်ဋီကာဖြစ်သော သံပျင်ဋီကာကို ရေးသားခဲ့၏

နိရုတ္တိသာရမဉ္ဇူသာကျမ်း
ဤကျမ်းကို မြန်မာနှစ် ၁၀၁၀ခုတွင် အင်းဝ
ရွှေပြည်နေ ဒါဌာနာဂရာဇဂုရု ဘွဲ့ဖြင့်ထင်ရှားသော သဒ္ဓမ္မသိရီမထေရ်သည် နျာသ
ကျမ်း၏ အဖွင့်ဋီကာဖြစ်သော နိရုတ္တိသာရမဉ္ဇူသာဋီကာကျမ်းကိုရေးသားခဲ့သည်။

သုတ္တနိဒ္ဒေသ
သာသနာနှစ် ၁၉၀၉ ခုတွင် ပုဂံရဟန်းတော် ဆပ္ပဒမထေရ်သည် သီဟိုဠ်ကျွန်းမှ ပြန်လည်
ကြွလာခဲ့ပြီး ခြောက်ဆက်မြောက် ပရက္ကမဗာဟုမင်းလက်ထက်တွင် ကစ္စယနကျမ်း၏
အဖွင့်ဖြစ်သော သုတ္တနိဒ္ဒေသကျမ်းကို ရေးသားစီရင်ခဲ့ပေ၏။

ပဒရူပသိဒ္ဓိကျမ်း

နျာသကျမ်းပေါက်ပေါက်ပြီးရာအခါမှနောက်
ဗုဒ္ဓပ္ပိယာစရိယသည်  ကစ္စည်းကျမ်းတစ်ခုလုံးကို ခြုံငုံ၍ ပိဋကတ်တော်လာ ပြယုဂ်ပုံစံများကို ထုတ်နုတ်ခါ ပဒရူပသိဒ္ဓိကျမ်းကို စီရင်ခဲ့
လေ၏။

မင်းဇော်ဦး accမှ

No comments:

Post a Comment