Saturday, October 19, 2019

ဆဋ္ဌသင်္ဂါယနာတွင် အသုံးပြုခဲ့သည့် အခြေခံအုတ်မြစ်ကျမ်းစာနှင့် တည်းဖြတ်ခြင်းဆိုင်ရာမူဝါဒများကိုစီစစ်ခြင်း (အပိုင်း ၁)

ဆဋ္ဌသင်္ဂါယနာတွင် အသုံးပြုခဲ့သည့် အခြေခံအုတ်မြစ်ကျမ်းစာနှင့် တည်းဖြတ်ခြင်းဆိုင်ရာမူဝါဒများကိုစီစစ်ခြင်း (အပိုင်း ၁)

ဆဋ္ဌသံဂါယနာမူသည် ပိဋကတ်ဆိုင်ရာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများနှင့်ပတ်သက်၍ ပြီးပြည့်စုံသည့် မူဖြစ်သည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သည်သမိုင်းမှတ်တိုင်လည်း ဖြစ်သည်။ သို့ရာတွင် တည်းဖြတ်ခြင်းနှင့်ဆိုင်သည့် အချက်အလက်များကိုမူ လူသိနည်းဆဲဖြစ်သည်။ PTSမူတွင် ယင်းကဲ့သို့သော မူဝါဒများကို နိဒါန်းများတွင် ထည့်သွင်းဖေါ်ပြတတ်သော်လည်း ဆဋ္ဌမူပါဠိတော် နိဒါန်းများတွင် တည်းဖြတ်ခြင်းဆိုင်ရာအကြောင်းအရာထက် သံဂါယနာသမိုင်းကြောင်းများ၊ အစိုးရပိုင်းမှ ထောက်ပံ့မှုနှင့် သံဃာတော်များဘက်မှလုပ်ဆောင်မှုများကိုသာ ဖေါ်ပြတတ်၍ ယင်းကို ဒူရေနိဒါန်း (ခြုံငုံပတ်သက်) ဟုသာ ဆိုနိုင်သည်။ သန္တိကေနိဒါန်း(တိုက်ရိုက်ပတ်သက်)ဖြစ်သည့် ဆဋ္ဌမူတွင် မည်သည့်မူကို အခြေခံအုတ်မြစ်ကျမ်း (base text)အဖြစ် အသုံးပြုခဲ့သည်၊ တည်းဖြတ်ခြင်းဆိုင်ရာမူဝါဒ (editorial policy) ကို မည်ကဲ့သို့ချခဲ့သည်စသော အချက်များနှင့်ပတ်သက်၍ ထည့်သွင်းမှုပိုင်းအားနည်းသည်။ အကယ်၍ နှစ်ခုလုံးထည့်သွင်းနိုင်ခဲ့လျှင် သမိုင်းဆိုင်ရာအတွက်သာမက နောက်မူများတည်းဖြတ်ရာ၌ လမ်းညွှန်ချက် အဖြစ်ပါ ပို၍အကျိုးများဖွယ်ရှိသည်။
----------------

အခြေခံအုတ်မြစ်ကျမ်းစာ (base text)
ဆဋ္ဌသင်္ဂါယနာမူပြုလုပ်ရာတွင် အုတ်မြစ်အဖြစ်အသုံးပြုမည့် အခြေခံအုတ်မြစ်ကျမ်း (base text) (note:1) ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ သင်္ဂါယနာစာစောင်ပါ ပါဠိဝိသောဓနခေါင်းစဉ်အောက်ရှိ အကြောင်းအရာတစ်ချို့ကို ဖေါ်ပြလိုသည်။ ယင်းမှာ အောက်ပါကဲ့သို့ဖြစ်သည်။ (သင်္ဂါယနာစာစောင်၊ နှာ ၁၆၊ ၁၇)

“ဝုိင်အမ်ဘီအေအသင်းကြီး၏ လျှောက်ထားချက်အရ မန္တလေးမြို့မှ ဆရာတော်ကြီးအပေါင်းတို့သည် ပဉ္စမသံဂါယနာ ကျောက်စာတော်မူများကို လက်ခံစာအုပ်များနှင့် အထပ်ထပ်တိုက်ဆိုင်တော်မူကြပြန်ကုန်၏။ သီဟိုဠ်မူ ယိုးဒယားမူများနှင့်လည်း တဖန်တိုက်ဆိုင် တည်းဖြတ်တော်မူကြပြန်၏။  ထို့ပြင် ရှေးနိသျမူများနှင့်လည်းကောင်း၊ အဋ္ဌကထာ ဋီကာအဖွင့်များနှင့် လည်းကောင်း တိုက်ဆိုင်တော်မူကြပြန်ကုန်၏။ ထို့အပြင် ပုဒ်ပါဌ်အက္ခရာကျနမှန်ကန်ရေးအတွက် ရူပသိဒ္ဓိ၊ သဒ္ဒနီတိ၊ မောဂ္ဂလာန်၊ အဘိဓာန်ဋီကာ၊ ဓာတွတ္ထသင်္ဂဟ၊ အမရကောသ၊ အက္ခရဝိသောဓနီစသော ကျမ်းတို့နှင့် ညှိနှိုင်းတည်းဖြတ်တော်မူကြပြန်၏။ ထိုသို့တည်းဖြတ်ပြီးစာမူများကို ဗုဒ္ဓဘာသာကလျာဏ ယု၀အသင်းကြီးသို့ ပုံနှိပ်ရန်အပ်နှင်းချီးမြှင့်တော် မူသည်ဟု သိရပေကြောင်း”

"ဗုဒ္ဓဘာသာကလျာဏယု၀ အသင်းကြီး၏လျှောက်ထားချက်အရ ဆရာတော်ဘုရားကြီးများ တည်းဖြတ်တော်မူပြီးသောကျမ်းများမှာ ၁။ ဝိနည်းငါးကျမ်း၊ ၂။ သုတ္တန်ပိဋကမှ သုတ်သီလက္ခန်၊ သုတ်ပါထေယျ။ ၃။ အဘိဓမ္မာပိဋကမှ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်နှင့် ကထာ၀တ္ထုပါဠိတော်များ ဖြစ်ပေသည်။
အဆိုပါ သုဓ်သင်ပြီး ပါဠိ ပိဋကတော်များကို ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီးမှ နိုင်ငံတော် ဗုဒ္ဓသာသနာ့အဖွဲ့သို့ လွှဲအပ်ပါရန် မေတ္တာရပ်ခံခဲ့သည့်အတိုင်း ရက်ရောစွာနှင့် လွှဲအပ်ခဲ့ကြလေသည်။  နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့မှ မသုဓ်သင်ရသေးဘဲကျန်ရှိနေသော ပိဋကကျမ်းစာများကို ဆက်လက် သုဓ်သင်တော်မူကြရန် နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့၏ကိုယ်စား သာသနာရေး၀န်ကြီး ဦး၀င်းက မန္တလေးမြို့ရှိ ဆရာတော်ဘုရားကြီးများအား လျှောက်ထားတောင်းပန်ခဲ့လေသည်။ မန္တလေးမြို့ရှိ ဆရာတော်ဘုရားကြီးများကလည်း လျှောက်ထားချက်ကိုလက်ခံတော်မူကြ၍ ကျန်ရှိနေသောပိဋကတ်တော် များကို ဆက်လက်၍ တည်းဖြတ်သုဓ်သင်တော်မူကြပြန်ကုန်၏"။ (သင်္ဂါယနာစာစောင်၊ နှာ ၁၆၊ ၁၇)
----------------------

အထက်ပါအချက်များကိုထောက်ဆ၍ ဝုိင်အမ်ဘီအေ အသင်းကြီး၏လျှောက်ထားချက်အရ မန္တလေးမြို့မှ ဆရာတော်ကြီးများက ပဉ္စမသင်္ဂါယနာ ကျောက်စာတော်မူကို လက်ခံစာအုပ်များနှင့်တိုက်ဆိုင်သည်ဟု ဆိုသည်။ ဤနေရာ၌ “လက်ခံစာအုပ်” ဟူသည် ကျောက်စာနှင့်တိုင်ဆိုင်ရန်အတွက် ဝုိင်အမ်ဘီအေ အဖွဲ့ကြီးက အကြမ်းဖျဉ်းရိုက်နှိပ်ထားသော မူများကို ဆိုလိုပုံရပြီး ယင်းတို့ကို ကြိုတင်ပေးအပ်ထပ်ပုံလည်းရသည်။ ထို့ပြင် သီဟိုဠ်မူ၊ ယိုးဒယားမူများ၊ ရှေးနိသျမူများ၊ အဋ္ဌကထာ၊ ဋီကာများနှင့် တိုက်ဆိုင်ကြသည်။ ထို့နောက် ပုဒ်၊ ပါဌ်၊ အက္ခရာမှန်ကန်စေရန် သဒ္ဒါကျမ်းများ၊ အဘိဓာန်ကျမ်းများနှင့် တိုက်ဆိုင်ကြသည်ဟုဆိုသည်။ ဤနေရာ၌ စိတ်၀င်စားစရာကောင်းသည့်အချက်မှာ အခြေခံကျမ်းစာမူသည် ကျောက်စာတော်မူကို ကူးထားခြင်း သက်သက်မျှသာမဟုတ်ဘဲ အခြားသီဟိုဠ်မူ၊ ယိုးဒယားမူများ၊ ရှေးနိသျများ၊ သဒ္ဒါကျမ်း၊ အဘိဓာန်ကျမ်း များနှင့်ပင် တိုက်ဆိုင်ညှိနှိုင်းထားခြင်းဟူသော အချက်ဖြစ်သည်။ ဤအဆင့်သည် အခြေခံအဆင့် (ပထမအဆင့်) မျှသာ ဖြစ်သော်လည်း သီဟိုဠ်မူ၊ ယိုးဒယားမူများနှင့် ညှိနှိုင်းထားခြင်းဟူသောအချက်က ထူးခြားသည်။ ဤသီဟိုဠ်မူ၊ ယိုးဒယားမူ အထူးသဖြင့် သီဟိုဠ်မူဟူသည် မည်သည့်မူကိုရည်ညွှန်းသနည်းဟူသော အချက်ကလည်း စိတ်၀င်စားစရာကောင်းသည်။ အမှန်အားဖြင့် လက်ရှိသီဟိုဠ်ဗုဒ္ဓဇယန္တိမူမှာ ဆဋ္ဌမူပြီးမှ ပြုလုပ်ထားခြင်းဖြစ်ပြီး ဆဋ္ဌမူတွင်အသုံးပြုရန် တည်းဖြတ်ထားသည့် သီဟိုဠ်ကိုယ်စားပြုမူ သို့မဟုတ် ဗုဒ္ဓဇယန္တိရှေ့ပြေးမူမှာလည်း ပုံနှိပ်မူအဖြစ် မရောက်ရှိသေးသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သီဟိုဠ်မူကိုအသုံးပြုခဲ့သည်ဟူသောအချက်ကို အတည်ယူလျှင် ယင်းသည် ပေမူဖြစ်နိုင်ချေ ပိုရှိသည်။ ယင်းအချက်ကိုအထောက်အကူပြုနိုင်သောအချက်မှာ ဘိုးတော်ဘုရားလက်ထက်တွင် သီဟိုဠ်မှရဟန်း၊ သာမဏေများ အမရပူရသို့လာရောက်နေထိုင်ခြင်းဟူသော သာသနာရေးဆက်နွှယ်မှုများရှိ၍ ယင်းတို့နှင့်အတူ ပိဋကတ်များလည်း ပါလာကောင်းပါလာနိုင်သည်။ မည်သို့ဆိုစေ။ ဤနေရာ၌ ယတိပြတ်ယူရန်ခက်ခဲပြီး သမိုင်းအမှန်ကိုသိသူများ၊ တိကျသောမှတ်တမ်းများကိုသာ အတည်ယူလိုသည်။
--------------------

ပထမအကြိမ်အဖြစ် တည်းဖြတ်ပြီး၍ ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီးသို့ လွှဲပေးခဲ့သောကျမ်းများမှာ ဝိနည်း၅ကျမ်း၊ သုတ္တန်ပိဋကမှာ သုတ်သီလက္ခန်နှင့် သုတ်ပါထေယျ၊ အဘိဓမ္မာပိဋကမှ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်နှင့် ကထာ၀တ္ထုပါဠိတော်တို့ဖြစ်ကြသည်ဟု ဆိုသည်။ ယင်းတို့ကို ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်းကြီးက နိုင်ငံတော် ဗုဒ္ဓသာသနာ့အဖွဲ့သို့ လွှဲအပ်ခဲ့သည်။ ထို့နောက် သာသနာရေး၀န်ကြီး ဦး၀င်းက ယင်းနိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့ကိုယ်စား မန္တလေးမြို့ရှိဆရာတော်များအား ကျန်ရှိနေသေးသောကျမ်းများကို ဆက်လက်သုတ်သင်ပေးရန် လျှောက်ထားမေတ္တာရပ်ခံချက်အရ ဆက်လက်သုတ်သင်ကြသည်ဟု ဖေါ်ပြသည်။ ဤအချက်များအရ ပိဋကတ်ပုံနှိပ်ရေးလုပ်ငန်းကို အစောပိုင်းတွင် ဝုိင်အမ်ဘီအေက လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့က လွှဲပြောင်းယူခဲ့သည်ကို တွေ့ရသည်။ မည်သို့ဆိုစေ၊ အခြေခံအုတ်မြစ်ကျမ်းစာမှာ အခြားသီဟိုဠ်မူ၊ ယိုးဒယားမူတို့နှင့်တိုက်ဆိုင်သည်ဆိုသောအချက်၌ ယတိပြတ်ပြောရန်ခက်ခဲသော်လည်း သဒ္ဒါကျမ်းစသည်တို့နှင့်ညှိနှိုင်းထားသော ကျောက်စာတော်မူ ဖြစ်သည်မှာသေချာပါသည်။
--------------------------

ညှိနှိုင်းတိုက်ဆိုင်သည့်မှုများ
၁။ အချို့မြန်မာမူ၊ ၂။ သီဟိုဠ်မူ၊ ၂း၁။ အချို့သီဟိုမူ၊ ၃။ ထိုင်းမူ၊ ၄။ ကမ္ဗောဒီးယားမူ၊ ၅။ PTSမူ
၁။ က = ကတ္ထစိ မရမ္မပေါတ္ထကေ ဒိဿမာနပါဌော။
၂။ သီ = သီဟဠပေါတ္ထကေ ဒိဿမာနပါဌော။
၂း၁။ က-သီ = ကတ္ထစိ သီဟဠပေါတ္ထကေ ဒိဿမာနပါဌော။
၃။ သျာ = သျာမပေါတ္ထကေ ဒိဿမာနပါဌော။
၄။ ကံ = ကမ္ဗောဇပေါတ္ထကေ ဒိဿမာနပါဌော။
၅။ ဣ = ဣင်္ဂလိသပေါတ္ထကေ ဒိဿမာနပါဌော။
အထက်ပါအချက်များ၌ နံပါတ်၃၊ ၄၊ ၅အချက်များနှင့်ပတ်သက်၍ အနည်းငယ်ဖေါ်ပြရလျှင်

၃။ သျာမရဋ္ဌမူမှာ ချူလာလောင်ကွန်ဘုရင်လက်ထက် ထိုင်းနိုင်ငံရှိ ပိဋကတ္တယဆေက၊ ပိဋကတ္တယ ကောဝိဒ ဆရာတော်ကြီးများက တည်းဖြတ်သုတ်သင်ပြီး ပုံနှိပ်ထုတ်ဝေခဲ့သည့်မူဖြစ်သည်။ ယင်းကိုပင် ထိုင်းနိုင်ငံကိုယ်စားပြုမူအဖြစ် ဆဋ္ဌမူတွင် အသုံးပြုကိုးကားခဲ့သည်။

၄။ ကမ္ဗောဒီးယားမူမှာ ယင်းနိုင်ငံသာသနာပိုင်ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ကြီးကြပ်သုတ်သင် ပြင်ဆင် တည်းဖြတ်ပြီး ထုတ်ဝေဆဲဖြစ်သည့် ပါဠိတော်မူဖြစ်သည်။ ယင်းကိုပင် ကမ္ဗောဒီးယားနိုင်ငံ ကိုယ်စားပြုမူအဖြစ် ဆဋ္ဌမူတွင် အသုံးပြုကိုးကားခဲ့သည်။

၅။ လန်ဒန်မူမှာ လန်ဒန်ပါဠိစာပေအသင်းကြီးက ပြုလုပ်ခဲ့သောမူဖြစ်သည်။ ဆဋ္ဌမူပုံနှိပ်မူတွင် ဣ၊ စီဒီမူတွင် pī (PTS) ဟုဖေါ်ပြသည်။
---------------------

၁။ မြန်မာမူနှင့်ပတ်သက်၍ ဖေါ်ပြရလျှင်
၁။ အခြေခံအုတ်မြစ်ကျမ်းစာ (base text)အဖြစ် အခြားမူများ၊ သဒ္ဒါကျမ်းစသည်များနှင့် ညှိနှိုင်းတိုက်ဆိုင်ထားသော ပဉ္စမူကျောက်စာကို အသုံးပြုသည်။
၂။ မြန်မာရဟန်းတော်ပေါင်း (၁၁၂၉)ပါးပါ၀င်းသည့် ပါဠိဝိသောဓကအဖွဲ့ပေါင်း (၁၁၆)ဖွဲ့ ဖွဲ့၍ ယင်းအဖွဲ့က အထက်ပါမူကို အခြားသောသီဟိုဠ်မူ၊ ယိုးဒယားမူ၊ ကမ္ဗောဒီးယားမူ၊ လန်ဒန်မူစသည်မူများ၊ အဋ္ဌကထာစသည်ကျမ်းများနှင့် တည်းဖြတ်သုတ်သင်သည်။
၃။ ယင်းသည် မြန်မာကိုယ်စားပြုမြန်မာမူဖြစ်သည်။ ဆဋ္ဌမူတွင် က = မြန်မာအချို့မူများတွင်ဟူရာ၌ ယင်းကျမ်း၏ဒုတိယဦးစားပေးပုဒ်ကိုရည်ညွှန်းသည်။ (ယင်းဦးစားပေးပုဒ်သည် ပဉ္စမူဖြစ်နေတတ်သည်။)

၂။ သီဟိုဠ်မူနှင့်ပတ်သက်၍ ဖေါ်ပြရလျှင်
၁။ မြန်မာပြည်မှပို့ပေးသော ကျောက်စာတော်မူကို အခြေခံ၍
၂။ သီဟိုဠ်ရဟန်းတော် ၁၈၅ပါးပါ၀င်သည့် ဝိသောဓကအဖွဲ့ပေါင်း (၃၇)ဖွဲ့က ပိဋကတ်တော်ကို ၃၇ပိုင်းပိုင်း၍ သုတ်သင်သည့်မူကို ဂိုဏ်း၃ဂိုဏ်းမှ ဂဏပါမောက္ခ ပိဋကတ္တယေဆေကဆရာတော်ကြီးများပါ၀င်သည့် ဥတ္တရီတရမဏ္ဍလသံဃအဖွဲ့ချုပ်ကြီးက အပြီးသတ်တည်းဖြတ်သည်။
၃။ ယင်းမူသည် သီဟိုဠ်ကိုယ်စားပြုမူဖြစ်သည်။ က-သီ အချို့သီဟိုဠ်မူဟူရာ၌ ယင်းကျမ်း၏ဒုတိယဦးစားပေး ပုဒ်ကိုရည်ညွှန်းသည်။ ဤနေရာ၌ ယခုအသုံးပြုနေသည့် ဗုဒ္ဓဇယန္တိမူ မပေါ်သေးကြောင်း သတိချပ်ရန်ဖြစ်သည်။ ဆဋ္ဌမူနောက်ပိုင်းပေါ်လာသည့်ဗုဒ္ဓဇယန္တိမူမှာ ဤအချိန်ကဆဋ္ဌမူအတွက် တည်းဖြတ်ပေးခဲ့ရသည့် မူကိုအခြေခံခဲ့ပုံရသည်။ သို့ဖြစ်၍ အချို့ပုဒ်များတွင် သီဟိုဠ်ပေမူများနှင့် ဆန့်ကျင်လျက် ဆဋ္ဌမူနှင့်တူနေတတ်သည်။ ဆဋ္ဌမူကလည်း ပဉ္စမူ၊ မြန်မာပေမူများနှင့် ဆန့်ကျင်နေတတ်ပြီး ဗုဒ္ဓဇယန္တိမူနှင့်တူနေတတ်သည်။ သို့ရာတွင် သီဟိုဠ်ပေမူများ၏ ကျောရိုးဖြစ်သည့် ကျမ်းစာကိုအပြည့်ဖေါ်ခြင်း (ပေယျာလ)နှင့် -ဝျ (အရှေ့တောင်အာရှ၊ ဗျ)၊ နဟာန (အရှေ့တောင်အာရှ၊ နှာန)၊ သိဂါလ (အရှေ့တောင်အာရှ၊ သိင်္ဂါလ) စသောပုဒ်များတွင် သီဟိုဠ်ဟန်ကိုထိန်းထားသည်။ ဤသို့တူညီမှုနှင့် ပတ်သက်၍ “အချို့နေရာများတွင် သီဟိုဠ်ဆရာတော်များနှင့် မြန်မာဆရာတော်များ တော်တော်ကလေး အငြင်းပွါးကြရတယ်။ တခါတလေ မြန်မာဆရာတော်တွေက လျှော့ပေးရပါတယ်။ တခါတလေ သီဟိုဠ် ဆရာတော်များက လျှော့ပေးပါတယ်” (သဘာပတိညောင်ရမ်းဆရာတော်မိန့်ခွန်း၊ သံဂါယနာစာစောင်၊ ၁၃၁၅ခု၊ တပို့တွဲလ နှာ ၃) ဟူသောမှတ်တမ်းများအရ နှစ်ဘက်ညှိယူခဲ့ကြပုံပေါ်သည်။ သို့ဖြစ်၍ ဤကဲ့သို့ ဗုဒ္ဓဇယန္တိမူနှင့် ဆဋ္ဌမူသည် နေရာအတော်များများတွင် တူနေသောအနေအထား ဖြစ်နေပုံရသည်။ အခြားမူများနှင့် ပတ်သက်၍ PTS မူသည် သီဟိုဠ်ပေမူများနောက်ကိုလိုက်ထားပြီး သျာမရဋ္ဌနှင့် ခမာမူသည် အချို့နေရာများတွင် ဆဋ္ဌမူနှင့်တူညီသော်လည်း ပေယျာလနှင့် အချို့သောပုဒ်များ စသည်တို့တွင် များသောအားဖြင့်တူညီနေသည့်အချက်က တစ်အုပ်စုတည်းဟု ယူဆနိုင်သည့်အနေအထားဖြစ်သည်။
------------------------

အချုပ်အားဖြင့် ဆဋ္ဌမူနှင့်တိုက်ဆိုင်ညှိနှိုင်းရန်ရွေးထားသောမူများတွင် သျာမပေါတ္ထကေ စသည်တို့၌ သျာမရဋ္ဌ၊ ခမာ၊ PTSမူများသည် ပေမူများမဟုတ်ဘဲ ပုံနှိပ်မူများသာဖြစ်သည်။ သီဟိုဠ်မူမှာလည်း မြန်မာနိုင်ငံကပေးအပ်ခဲ့သော ကျောက်စာတော်မူကိုအခြေခံ၍ သီဟိုဠ်ကျမ်းများနှင့်ညှိနှိုင်းလျက် တည်းဖြတ်ပြင်ဆင်ခဲ့သောမူ (ပုံနှိပ်မူ) ဖြစ်သည်။ ဤမူတွင် ပုံနှိပ်မူများကဲ့သို့ မူကွဲများကိုပါ စနစ်တကျထုတ်ပြထားသည့်အတွက် ဆဋ္ဌမူက ညွှန်းရာတွင် က-သီ (အချို့သီဟိုဠ်မူ)ဟူသော အသုံးများကိုတွေ့ရခြင်းဖြစ်နိုင်သည်။ ဆဋ္ဌမူတွင်လည်း မြန်မာကိုယ်စားပြုအဖြစ် ပြုလုပ်ထားသည့်အခြေခံ မူနှင့် သီဟိုဠ်ဆရာတော်များပါ၀င်လာသည့် နောက်ဆုံးတည်းဖြတ်ရသည့်အခြေအနေတွင် နှစ်ဘက်ညှိနှိုင်းရသည့်အတွက် ရံဖန်ရံခါ ပဉ္စမူနှင့် မြန်မာပေမူများကိုဆန့်ကျင်၍ ကတ္ထစိ၊ မြန်မာပေမူအချို့ဟု ညွှန်းလာရသော အနေအထားဖြစ်ပေါ်ခဲ့ပုံရသည်။ အဓိကအားဖြင့် ဆဋ္ဌမူတွင်ညွှန်းသော သီဟဠပေါတ္ထကေ၊ …မရမ္မပေါတ္ထကေစသည်တို့တွင် ကမ္ဗောဒီးယားမူစသည်တို့ကဲ့သို့ ပုံနှိပ်မူသက်သက်မဟုတ်ဘဲ ပဉ္စမူအခြေခံအုတ်မြစ်ကျမ်းစာ (base text) ကို ဆိုင်ရာကျမ်းများနှင့်တည်းဖြတ်သုတ်သင်သည့်မူကို အသုံးပြုခဲ့သည့်အတွက် တိုက်ရိုက်အားဖြင့် ပုံနှိပ်မူကို ဆိုလိုပြီး သွယ်ဝုိက်သောအားဖြင့် ပေမူများလည်း ပါ၀င်နိုင်ပါသည်။ ဆိုလိုသည်မှာ ပေမူများကို ဆဋ္ဌမူကျမ်းများအောက်ခြေ (footnote)၌ တိုက်ရိုက်ကိုးကားခြင်းမရှိသော်လည်း ကြည့်စာအဖြစ် အသုံးပြုခဲ့သည်ဟူသောအချက်မှာ ဆဋ္ဌသင်္ဂါယနာမူများတည်းဖြတ်ချိန်တွင်အသုံးပြုရန်အတွက် အနယ်နယ်အရပ်ရပ်မှ ဆရာတော်ကြီးများက အပ်နှံထားသော ကမ္ဘအေးပိဋကတ်တိုက်ရှိ ပေမူများစွာက သက်သေခံနေပါသည်။
-----------------------------------

Rf: သင်္ဂါယနာစာစောင်၊
သံဂါယနာ (၁၆၊ ၄၊ ၁၉၅၃၊ အမှတ်၁)
ဆဋ္ဌသံဂါယနာလုပ်ငန်းစဉ် ဥပဒေသကထာ
ဆဋ္ဌသင်္ဂါယနာမှတ်တမ်း (ဒေါက်တာမြတ်မြတ်ထွန်း)
----------------------

1. အခြေခံအုတ်မြစ်ကျမ်း (base text) ဟူသည် ကျမ်းတစ်ကျမ်းကိုတည်းဖြတ်ရာတွင် ကနဦးအဆင့်၌ ပေမူတစ်ခု သို့မဟုတ် ပုံနှိပ်မူတစ်ခုကို အခြေခံကျမ်း (အကြမ်းထည်) အဖြစ်ထားရှိသောကျမ်းကို ဆိုလိုသည်။ ယင်းသို့အခြေခံကျမ်းအဖြစ်ရှိပြီးမှ အခြားမူများနှင့်တိုက်ဆိုင်ညှိနှိုင်း၍ ပုဒ်များ၊ ဝါကျများ၊ စာပိုဒ်များ၊ အဖြတ်အတောက်သင်္ကေတများ စသည်တို့ကို တည်းဖြတ်ပြင်ဆင်ရသည်။
ven condannakitti

No comments:

Post a Comment