မေးခွန်းမေး၍ လေ့လာနည်း
=================
မကျွမ်းကျင်ခင် ပါဠိဝါကျဖတ်ရာ၌
၁။ ပဓာနကြိယာကို အရင်ရှာ၊ အနက်ပေးပါ။
၂။ ၎င်းကြိယာကို ကတ္တားဟောကြိယာလား၊ ကံဟောကြိယာလား စိစစ်ပါ။
၃။ ကြိယာကို မေးခွန်းမေး၍ ကတ္တား၊ ကံ၊ ကရိုဏ်း စသောကာရကတို့ကို ရှာပါ။
၄။ ၎င်းကာရကတို့၏ ဝိဘတ်၊ လိင်၊ ဝုစ်တူပုဒ်များကို ရှာပါ။ သတိထားပါ။
၅။ အပဓာနကိတ်ကြိယာများကို ရှာ။ အနက်ပေးပါ။
၆။ ၎င်းတို့ကို ကတ္တားဟောလား။ ကံဟောလားစစ်ပါ။
၇။ ၎င်းကိတ်ကြိယာကို မေးခွန်းမေး၍ ကတ္တား၊ ကံ၊ ကရိုဏ်း စသောကာရကတို့ကို ရှာပါ။
(အပဓာနကိတ်ကြိယာပါမှသာလျှင် ၅၊ ၆၊ ၇ တို့ကို လိုအပ်မည်)
အရေးတကြီးလေ့ကျင့်ရန်
၁။ ကိတ်ကြိယာက ကတ္တားကိုဟောလျှင် ကတ္တားကိုလိုလျှင် ကတ္တားသည် ပထမာဝိဘတ်ရှိရမည်၊ ကတ္တားနှင့်ကြိယာ ဝိဘတ်၊ လိင်၊ ဝုစ် အနည်းအများ တူညီရမည်။ အာချာတ်ကြိယာဆိုလျှင် ဝုစ်သာတူမည်။
ကံသည် ဒုတိယာဝိဘတ်ဖြင့် ရှိရမည်။
အကျဉ်းမှတ်ရန်
ကတ္တား-ပထမာ + ကံ-ဒုတိယာ+ ကိတ်ကြိယာ-ကတ္တားဟော။
၂။ ကိတ်ကြိယာက ကံကိုဟောလျှင် ကံကိုလိုလျှင် ကံမှာ ပထရမာဝိဘတ်ရှိ ရမည်။ ကံနှင့် ကိတ်ကြိယာ ဝိဘတ်၊ လိင်၊ ဝုစ်တူညီရမည်။ အာချာတ်ကြိယာဆိုလျှင် ဝုစ်သာတူမည်။
ကတ္တားမှာ တတိယာ/ ဆဋ္ဌီ တစ်ခုခုရှိရမည်။ တတိယာများသည်။
အကျဉ်းမှတ်ရန်
ကတ္တား-တတိယာ/ဆဋ္ဌီ+ ကံ-ပထမာ+ ကိတ်ကြိယာ-ကံဟော။
၃။ (က) အကမ္မကခေါ် ကံမရှိကိတ်ကြိယာက ကတ္တားကိုမလို ဘောခေါ်ပြုလုပ်ခြင်းမျှကို ဟောညွှန်းလျှင် ကတ္တားတတိယာ။ တခါတရံ ပကတိကတ္တား၊ ဝိကတိ (၂) ခုလုံး တတိယာ။ ဘောဟောကိတ်ကြိယာကား အမြံ နပုံလိင် ဧကဝုစ်ရှိရမည်။ အာချာတ်ဘောဟောကြိယာကား အသုံးမရှိ။ ဝိဂ္ဂဟပြုရာတွင်သာ သုံးကြသည်။
အကျဉ်းမှတ်ရန်
(ပကတိ)ကတ္တား-တတိယာ+ (ဝိကတိကတ္တား-တတိယာ)+ အကမ္မက ကိတ်ကြိယာ ဘောဟော၊ (နပုံလိင်)။
၃။ (ခ) သကမ္မကခေါ် ကံရှိ ကိတ်ကြိယာက ကတ္တားကံကိုမလို ဘောဟောခေါ် ကြိယာမျှကိုသာ ဟောလျှင် လိုလျှင် ကတ္တားသည် တတိယာဝိဘတ်။ ကံသည် ဒုတိယာ/ဆဋ္ဌီ တစ်ခုခုရှိရမည်။ ဘောဟောကိတ်ကြိယာကား နပုံလိင် ဧကဝုစ်ဖြစ်ရမည်။
(ဘောဟောများ၌ ကတ္တား၊ ကံတို့သည် ဘောဟောကြိယာနှင့် ဝိဘတ်၊ လိင်၊ ဝုစ် တူဖွယ်မလို)
အကျဉ်းမှတ်ရန်
ကတ္တား-တတိယာ+ ကံ-ဒုတိယာ/ဆဋ္ဌီ + သကမ္မက ကိတ်ကြိယာ-ဘောဟော။
ဥပမာ-
၃။ အထ ခေါ သမ္ဗဟုလာနံ ဘိက္ခူနံ ရတ္တိယာ ပစ္စူသသမယံ ပစ္စုဋ္ဌိတာနံ မဏ္ဍလမာဠေ သန္နိသိန္နာနံ သန္နိပတိတာနံ အယံ သင်္ခိယဓမ္မော ဥဒပါဒိ။
(သီလက္ခန္ဓ၊ ၂)
၁။ ဒီဝါကျမှာ အဓိကကြိယာသည် ဥဒပါဒိ၊အာချာတ်ကြိယာ၊အနက်က ဖြစ်ပေါ်ခဲ့ပြီ။
၂။ ဥပုဗ္ဗ+ ပဒဓာတ်+ အဇ္ဇတနီ ဤဝိဘတ်။ ကတ္တားဟော။
၃။ * ရဟန်းများစွာဖြစ်ခဲ့သလား?
ညဉ့်၏ မိုးသောက်ယံက ဖြစ်ခဲ့သလား?
ထိုင်ရာ ဇရပ် တန်ဆောင်းဝန်းကဖြစ်ခဲ့သလား?
စည်းဝေးထိုင်နေတဲ့ ရဟန်းတွေကဖြစ်ခဲ့တာလား?
ဘာဖြစ်တာလဲ? ဘယ်သူဖြစ်တာလဲ? မေးလိုက်ရင် ဤစကားပြောခြင်းသဘောသည်၊ စကားအသွားအလာသည် ဖြစ်ခဲ့ဟူသော အဓိပ္ပါယ်သာ ကောင်းသည်။
ထိုပုဒ်သည် ပထမာ၊ ဧကဝုစ်ဝိဘတ်ရှိပြီး ဥဒပါဒိကြိယာနှင့် ဝုစ်လည်းတူညီသည်။ ထို့ကြောင့် ၎င်း၏ ကတ္တားသည် အယံ သင်္ခိယဓမ္မော သာတည်း
ဥဒပါဒိသည် အကမ္မကကြိယာဖြစ်၍ ကံမလို။
* ဘယ်သူတွေရဲ့ စကားပြောခြင်းသဘော၊ စကားအသွားအလာလဲ?
မေးရင် များစွာသောရဟန်းတို့၏ စကားပြောခြင်းသဘော သာတည်း။
ထိုအရ ဘိက္ခူနံပုဒ်တို့သည် အယံ သင်္ခိယဓမ္မော၏ ဆဋ္ဌီတည်း။
တနည်း
ဘယ်သူတို့အား ထိုစကားပြောခြင်းသဘောဖြစ်ခဲ့သနည်း? မေးရင်
ထိုများစွာသောရဟန်းတို့အား ဤစကားပြောခြင်းသဘောဖြစ်ခဲ့ ဟု အနက်ရသည်။
ထိုအရ ဘိက္ခူနံသည် ဥဒပါဒိ၏ စတုတ္ထီအနေဖြင့်စပ်သည်။
အင်္ဂလိပ်၌ to somebodyနှင့်တူသည်။
၄။ ဘိက္ခူနံနှင့်ဝိဘတ်၊ လိင်၊ ဝုစ် တူသော ပုဒ်များကို ရှာလိုက်လျှင်
သမ္ဗဟုလာနံ၊ ပစ္စုဋ္ဌိတာနံ၊ သန္နိသိန္နာနံ၊ သန္နိပတိတာနံ တို့ကိုတွေ့ရသည်။
* ထိုပုဒ်တို့တွင် သမ္ဗဟုလာနံကို ရည်ရွယ်၍
ဘယ်လိုရဟန်းတွေလဲ။ ရဟန်းတွေက ဘယ်လောက်များလဲ? မေးရင် များစွာကုန်သော ရဟန်းတို့ဟုရသည်။ ထိုအရ သမ္ဗဟုလာနံသည် ဘိက္ခူနံကို နာမဝိသေသနအနေနဲ့ စပ်သည် အထူးပြုသည်။ ထို့ကြောင့်ဝိဘတ်တူသည်။
၅။ ဤဝါကျ၌ ပစ္စုဋ္ဌိတာနံ၊ သန္နိသိန္နာနံ၊ သန္နိပတိတာနံ တို့ကား အပဓာန ကိတ်ပုဒ်။ ကြိယာပုဒ်တို့တည်း။
၆။ ၎င်းတို့သည် အားလုံး ကတ္တားဟော၊ ကတ္တုရုပ်ချည်းသာတည်း။
ပစ္စုဋ္ဌိတာနံကား ပတိပုဗ္ဗ+ ဥပုဗ္ဗ+ဌာဓာတ်+ တပစ္စည်း၊ ကတ္တုသာဓနကိတ်ပုဒ်။
သန္နိသိန္နာနံကား သံပုဗ္ဗ+ နိပုဗ္ဗ+ သိဓာတ်+ တပစ္စည်း၊ ကတ္တုသာဓနကိတ်ပုဒ်။
သန္နိပတိတာနံကား သံပုဗ္ဗ+ နိပုဗ္ဗ+ ပတဓာတ်+တပစ္စည်း၊ ကတ္တုသာဓနကိတ်ပုဒ်။
၇။ * ပစ္စုဋ္ဌိတာနံအရ အိပ်ရမှ ထကြတာ ဘယ်သူတွေလဲ? ကတ္တားကိုမေးရင်
ဘိက္ခူနံကို ရသည်။
* ဘယ်အချိန်ထတာလဲ? မေးရင် မိုးသောက်အခါ၊ ဘွေလီဘွေလင်း။ ထိုအရ ပစ္စူသသမယေသည် ပစ္စုဋ္ဌိတာနံနှင့် အဓိပ္ပါယ်ရှိသည်။ သတ္တမီပုဒ်။
* ဘာရဲ့ မိုးသောက်အခါလဲ? ဘာရဲ့ ဘွေလီဘွေလင်းလဲ? မေးရင် ညရဲ့ မိုးသောက်အခါဟု ရသည်။ ထိုအရ ရတ္တိယာကား ပစ္စူသသမယေ၏ ဆဋ္ဌီပုဒ်။
သန္နိသိန္နာနံ သန္နိပတိတာနံ တို့အရ ထိုင်ကြစုဝေးကြတာ
* ဘယ်သူတွေလဲ? ကတ္တားမေးရင် ဘိက္ခူနံ ရဟန်းတွေကိုရတယ်။
* ဘယ်မှာ ထိုင်ကြစုဝေးကြတာလဲ ? နေရာမေးရင် မဏ္ဍလမာဠေ ထိုင်ရာတန်ဆောင်းဝန်းရတယ်။ သူက သတ္တမီအနေနဲ့စပ်တယ်။
အားလုံးကိုခြုံပြီး ရသလို ဘာသာပြန်ကြည့်ရအောင်
၁။ ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် ညမိုးသောက်အချိန် / မနက်မိုးလင်းစအချိန်၌ အိပ်ရာမှထပြီး ထိုင်ရာဇရပ်တန်ဆောင်းဝန်းမှာ ထိုင်ကြစုဝေးနေကြကုန်စဉ် ဤစကားပြောခြင်းသဘော၊ စကားအသွားအလာပေါ်ပေါက်လာခဲ့သည်။
(ဤ၌ ဘိက္ခူနံကို ဆဋ္ဌီအနာဒရဝန္တ သို့လက္ခဏဝန္တကတ္တား၊ ပစ္စုဋ္ဌိတာနံ၊ သန္နိသိန္နာနံ၊ သန္နိပတိတာနံ တို့ကို အနာဒရ သို့ လက္ခဏကြံသည်)
၂။ ထိုအခါ၌ ညမိုးသောက်အချိန် / မနက်မိုးလင်းစအချိန်၌ အိပ်ရာမှထပြီး ထိုင်ရာဇရပ်တန်ဆောင်းဝန်းမှာ ထိုင်ကြစုဝေးနေကြကုန်သော ထိုများစွာသောရဟန်းတို့အား ဤစကားပြောခြင်းသဘော၊ စကားအသွားအလာပေါ်ပေါက်လာခဲ့သည်။
(ဤ၌ ဘိက္ခူနံကို စတုတ္ထီကြံသည်။ ဥဒပါဒိ၌စပ်သည်)
၃။ ထိုအခါ၌ ညမိုးသောက်အချိန် / မနက်မိုးလင်းစအချိန်၌ အိပ်ရာမှထပြီး ထိုင်ရာဇရပ်တန်ဆောင်းဝန်းမှာ ထိုင်ကြစုဝေးနေကြကုန်သော ထိုများစွာသောရဟန်းတို့၏ ဤစကားပြောခြင်းသဘော၊ စကားအသွားအလာပေါ်ပေါက်လာခဲ့သည်။
(ဤ၌ ဘိက္ခူနံကို ဆဋ္ဌီကြံသည်။ အယံ သင်္ခိယဓမ္မော၌ စပ်သည်)
အချုပ်ပြောရရင်
သတင်းသမား။ သုတေသနသမားတို့ကဲ့သို့ "ဘ (၆) လုံးကို အမြဲသုံးပါဟု အကြံပြုရပါသည်။
"ဘ" (၆) လုံး
========
ဘယ်သူ
ဘာဖြစ်
ဘယ်နေရာ
ဘယ်အချိန်
ဘာကြောင့်
ဘယ်လို
တနည်း
အင်္ဂလိပ်က Wh မေးခွန်းစကားလုံးများရဲ့ အဓိပ္ပါယ်အတိုင်းမှတ်နိုင်သေးသည်။
၁။ who ဘယ်သူက
၂။ whomဘယ်သူ့ကို
၃။ what ဘာဖြစ်၊ ဘာလုပ်
၄။ where ဘယ်နေရာမှာ
၅။ when ဘယ်အချိန်မှာ
၆။ why ဘာကြောင့်
၇။ whose ဘယ်သူ၏
၈။ which ဘယ်အရာ
၉။ how ဘယ်လို
တနည်း
နာမ်ဝိဘတ် (၇) မျိုးအတိုင်းလည်း မေးနိုင်ပါသည်။ ဤကဲ့သို့ မေးခွန်းများမေး၍ အနက်အဓိပ္ပါယ်ကြံဆကြပါလေ။
၁။ ဘယ်သူက။ ဘာက (ပထမာ)
၂။ ဘယ်သူ့ကို။ ဘာကို (ဒုတိယာ)
၃။ ဘယ်သူနှင့်၊ ဘာဖြင့် (တတိယာ)
၄။ ဘယ်သူ့အား။ ဘယ်သူ့အတွက် (စတုတ္ထီ)
၅။ ဘယ်သူမှ၊ ဘာမှ။ ဘယ်နေရာမှ (ပဉ္စမီ)
၆။ ဘယ်သူ၏။ ဘာ၏ (ဆဋ္ဌီ)
၇။ ဘယ်သူ၌။ ဘယ်၌၊ ဘယ်နေရာ၌ (သတ္တမီ)
===============
ပါဠိလေ့လာသူ ညီငယ်၊ ညီမငယ်အားလုံး
အောင်မြင်မှုများ ရရှိပြီး ပြည်တွင်းပြည်ပသာသနာပြုနိုင်ကြပါစေ။
ဤကောင်းမှုကြောင့်
ဤဘဝ ကိလေသာမကုန်သေးသော်
ဖြစ်လေရာဘဝတိုင်း
ဉာဏ်ပညာထက်မြတ်သော တိဟိတ်သူတော်စင်ပုဂ္ဂိုလ်ဖြစ်ရပါလို၏။
written by SRY
No comments:
Post a Comment