.
"ဝိသံဝါသွေး ပိစိကွေး"
လေသည် တသုန်သုန် တိုက်ခတ်နေပါ၏။ ရေသည် တသွင်သွင် စီဆင်းနေပါ၏။ ထို့အတူ ခေတ်ကြီးသည်လည်း တသိမ့်သိမ့် ပြောင်းလဲနေပါ၏။ တသုန်သုန် တိုက်ခတ် နေသော လေ၊ တသွင်သွင် စီးနေသော ရေ၊ တသိမ့်သိမ့် ပြောင်းလဲနေသော ခေတ်ကြီး တို့၌ ယင်းတို့နှင့်မတူ တမူထူးခြား ကွဲပြား စွာဖြင့် မားမားမတ်မတ်ကြီး တည်ရှိနေသော ပုဂ္ဂိုလ်အချို့ကား ရှိနေသေးပါ၏။
ယင်းပုဂ္ဂိုလ်မျိုးကို "ဒေသဇယီ၊ ခေတ္တဇယီ၊ ကာလဇယီ"ပုဂ္ဂိုလ်တို့ဟူ၍ ပညာရှိတို့ မိန့်ဆိုတော်မူကြကုန်၏။ ယင်းဒေသဇယီ၊ ခေတ္တဇယီ၊ ကာလဇယီပုဂ္ဂိုလ်တို့တွင် ပါဝင် တော်မူကြကုန်သော စာချအကျော် ဆရာတော် နှစ်ပါးတို့၏ အကြောင်းကို ဤနေရာ၌ လေသမတ္တ-အမြွက်မျှ ပူဇော်လိုပါ၏။
ယင်းဆရာတော်နှစ်ပါးကား "မစိုးရိမ်အာ၊ ဝိသံဝါ"ဟု မော်ကွန်းတင်ခဲ့ရသော မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဂဏဝါစက အာဂမနယူပဒေသကျောင်း ဆရာတော် ဦးဝိစိတ္တာဘိဝံနှင့် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဂဏဝါစက သံတော်ဆင့်ကျောင်းမှ ဆရာတော် ဦးဝါသဝါဘိဝံသတို့ပင် ဖြစ်၏။
ကျောက်မျက်ကျွမ်းကျင် ပညာရှင်တို့သည် အရည်အသွေး အလွန်ကောင်းမွန်သော စိန်နှင့်မြ နှစ်လုံးကို တွေ့မြင်ရာဝယ် စိန်၏ တန်ဖိုးကို အနဂ္ဃဟု သိသည်နှင့် တပြိုင်နက် မြ၏ တန်ဖိုးကိုလည်း မဟဂ္ဃဟု ဆုံးဖြတ်နိုင်ဘိသကဲ့သို့....ပရိယတ္တိဝန်ဆောင် အရှင်မြတ်တို့သည်လည်း တပည့်တော် အကျဉ်းသင်္ခေပအားဖြင့် ထုတ်ဖော်ပူဇော်မည့် ခေတ်ပြိုင် စာချအကျော် ဆရာတော်တစ်ပါး၏ ဂုဏ်ရည်သတ္တိကို သိသည်နှင့် တပြိုင်နက် ကျန်သော စာချအကျော် ဆရာတော်၏ ဂုဏ်ရည်သတ္တိကိုလည်း အဝုတ္တသိဒ္ဓိနည်းဖြင့် သိနိုင်ပါ၏။ ထို့ကြောင့် ဤ၌ကား စိန်နှင့် တူသော ဆရာတော် ဦးဝါသဝါဘိဝံသ၏ ဂုဏ်ရည်ကိုသာ အနည်းငယ်မျှ (မြင်းထိန်း ငတာလေးက) ဖော်ပြပေအံ့။ ဝိသံဝါ၏ ဂုဏ်ရည်ကို ထောက်ဆ၍သာ မြနှင့်တူသော မစိုးရိမ်အာ.၏ ဂုဏ်ရည်ကို ကြည်ညိုတော်မူ နိုင်ကြပါစေ။ လူတစ်ယောက်သည် တောင်နှစ် လုံးကို ထမ်းဆောင်ဖို့ရာ မလွယ်ကူပါတကား။
ဆရာတော်တစ်ပါး၏ ဂုဏ်ရည်သည်ပင် ပင်လယ်တမျှ ကျယ်၀န်းလှရကား ငသုန်ဆိုသော ယုန်ကလေး၏ ကူးခပ်မှု သည်လည်း ကမ်းစပ်မှာပင် တဝဲလည်လည် ရှိနေပါမည်။ ကမ်းစပ်မှာ ဝဲလည်လည်ဘဝသို့ မရောက်မီ ကြားနာမှတ်သားဖူးသော အဖြစ်အပျက် တစ်ခုကို ကြားဖြတ်၍ တင်ဆက်ပါဦးအံ့။
ပါဠိအဘိဓာန် နိသျသစ်ကို စီရင်တော်မူခဲ့သော သပြေကန်ဆရာတော်. မဟာစည်ဆရာတော်.ဒေါက်တာအရှင်သီလာနန္ဒာဘိဝံသ.တောင်မြို့ ဆရာတော်. သနွံသနော့ ပန်းသုံးပွင့်ဟု သမုတ်ကြသော စနစ်တကျပညာရှိ ဒဂုန်ဦးထွန်းမြင့်. ဗရုတ်သုက္ခပညာရှိ မန်းတက္ကသိုလ် ဦးဆန်းထွန်း. စာရေးဆရာ ပါရဂူတို့၏လည်း ဆရာဖြစ်တော်မူသော ဣနြေ္ဒလည်း အလွန်ကြီးမားတော်မူသော ဘဝတစ်သက်တာဝယ် သာရေးကို မဆိုထားဘိ. နာရေးကိုပင် နှစ်ခါထက် ပိုမကြွဘူးသော အဘယာရာမ ဆရာတော်လောင်းလျာ ဦးအဂ္ဂဓမ္မာဘိဝံသသည် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်၌ စာချဆရာ တော်ဘဝဖြင့် သီတင်းသုံးတော်မူစဉ်က ဖြစ်၏။ တစ်နေ့သောအခါ မန္တလေးမြို့၌ လယ်တီဆတော်ကြီး တရားဟောတော်မူ၏။ အဘယာရာမ ဆရာတော်လောင်းလျာလည်း ကြွသွားတော်မူ၍ တရားနာ၏။ လယ်တီဆတော်ကြီး၏ တရားပွဲမပြီးမီ အဘယာရာမ ဆရာတော်လောင်းလျာသည် မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ ပြန်ကြွလာ၏။ တရားပွဲမပြီးပဲ ပြန်ကြွလာသော အဘယာရာမ ဆရာတော်လောင်းလျာကို သီတင်းသုံးဖော် စာချဘုန်းကြီးတစ်ပါးက "ဘယ့်နှယ့်လဲ ဦးအဂ္ဂ၊ တရားပွဲမှ မပြီးသေးဘဲနဲ့ ဘာဖြစ်လို့ ပြန်ကြွလာရတာလဲ? လယ်တီဆတော့်တရား မကောင်းလို့လား"ဟု မေး၏။ အဘယာရာမ ဆရာတော်လောင်းလျာက "ဪ၊ လယ်တီ . လယ်တီ...တော်သလောက်လည်း ကျော်ပါပေ တယ်။ ကျော်သလောက်လည်း တော်ပါပေ တယ်။ လယ်တီဆတော့်တရားကို နောက်ထပ် ၁၅.မိနစ်လောက်များ ဆက်ပြီးတော့ နာရရင် သောတာပန် ဖြစ်မှာစိုးလို့ ပြန်ကြွလာရတာ ဦးဝါသဝရေ။ ဦးဝါသဝ သိတဲ့အတိုင်းပဲ၊ တပည့်တော်က ဆုကြီးပန်လေ။"ဟု ပြန် ဖြေသောဟူ၏။ မေးသော ဆရာတော်ကား `ဝိသံဝါ´ပင်တည်း။ ရင်းနှီးကျွမ်းဝင်ဖို့ရာ အလွန်ခက်လှစွာသော အဘယာရာမနှင့် လုပ်ဖော်ကိုင်ဖက် သမ္ဘတ္တမိတ္တ ဖြစ်သည်ဟူသော အချက်တစ်ခုတည်းမျှဖြင့်ပင် ဆရာတော် ဦးဝါသဝ၏ ဂုဏ်ရည်ကို ပညာရှိတို့သည် သိတန်ရာ၏။ မှန်၏၊ ပဏာတစ်ကွက် အသားစက်ကို ဖျပ်ခနဲ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ကျောက်မျက်အကြောင်းကို နားလည်ကြသော ရတနာပညာရှင်တို့သည် စိန်၏ တန်ဖိုးကို သိနိုင်ကြသည် မဟုတ်တုံလော။ လေသည် တသုန်သုန် တိုက်ခတ်နေပါ၏။ လေနုအေးသည် တသုန်သုန် တိုက်ခတ်နေပါ၏။ ထိုတိုက်ခတ်နေသော လေနုအေး၌ `မစိုးရိမ်အာ ဝိသံဝါ´တို့၏ သတင်းသည်လည်း ထက်အောက်တခွင် အထူးပင် သင်းပျံ့ကြိုင်လှိုင်နေသည်တမုံ့။ အောက်အကြေရန်ကုန်မြေမှ ဆရာတော် ဦးဝါသဝအား သာသနာပြုဖို့ရာ လာရောက် ပင့်ဆောင်ကြချေပြီ။ အချိန်က ၁၃၂၀ ခုနှစ်။ ရေသည် တသွင်သွင် စီးနေ၏။ စမ်းရေအေးသည် တသွင်သွင် စီးဆင်းနေ ပါ၏။ ထိုစီးဆင်းလာသော မန္တလေးမှ `ဝိသံဝါ´ တည်းဟူသော စမ်းရေအေးသည် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားကြီး၏ ခြေတော်ရင်း ဣစ္ဆာသယကုန်းတော်ပေါ်၌ "ဣစ္ဆာကုန်းတော် ကျောင်းတိုက်ပေါ်၊ အစကောင်းတည် ကျောင်းတိုက်တည်"ဟူသည်နှင့်အညီ ဝိသုဒ္ဓါရုံတိုက်သစ်တည်း ဟူသော ဓမ္မရမ္မ ရေအိုင်ကြီးသည် ကောဇာသက္ကရာဇ် ၁၃၂၀ ခုနှစ်၌ ဖြစ်ထွန်းခဲ့ပေတော့၏။ ယင်းဓမ္မရမ္မရေအိုင်တော်ကြီးမှ အလွန်သင်းပျံ့ မွှေးကြိုင်လှသော ဓမ္မသုတဂဝေသီတို့ အလွန်နှစ်ခြိုက်ရသော သဗ္ဗမင်္ဂလာကျမ်း အစရှိသော ကြာဖြူပန်းတို့သည်လည်းကောင်း၊ ဓမ္မာစရိယ နည်းပြကျမ်းပြု. ဝါကျသံသယဝိသောဓနီ (ရှဲဒိုး)ကျမ်းပြု ဆရာတော် ဦးသီလာစာရာဘိဝံသ (ဝါ) လေးဘွဲ့ရ ဓမ္မာစရိယ ဆရာကြီး ဦးသာဌေးမြင့်. ပိဋကတ် နှစ်ပုံခွဲအောင် ဘုန်းကြီး ဦးကိတ္တိ (ဝါ) စွယ်စုံဆရာ ဦးကျော်စိုး အစရှိသော ကြာညိုပန်းတို့သည်လည်းကောင်း၊ တိပိဋက ဆရာတော် ဦးသုမင်္ဂလာလင်္ကာရ. တိပိဋက ယောဆရာတော် အစရှိသော ကြာနီပန်းတို့သည်လည်းကောင်း ပွင့်လန်းသင်းထုံ ဖူးတုံမဝ ဖြစ်ခဲ့ရပါတော့၏။
ခေတ်သည် တသိမ့်သိမ့် ပြောင်းလဲ၍ နေပါ၏။ ခေတ်ဆိုးကြီးသည် တသိမ့်သိမ့် ပြောင်းလဲ၍ နေပါ၏။ ယင်းပြောင်းလဲ၍နေသော ခေတ်ဆိုးကြီး၌ အင်တာနက်၊ ဖေ့ဘုတ်ဟူသော ကဏ္ဍဆိုးကြီးတစ်ခုလည်း ပါဝင်ပါ၏။ အမှောင်ဟူသည်ရှိက အလင်းဟူသည်လည်း ရှိချေ၏။ အမည်းဟူသည်ရှိက အဖြူဟူသည်လည်း ရှိချေ၏။ အဆိုးဟူသည်ရှိက အကောင်းဟူသည်လည်း ရှိချေ၏ဟူသော လောကဒွန္ဒ နိယာမသဘာဝအရ ယင်းဖေ့ဘုတ်ဟူသော ကဏ္ဍဆိုးကြီး၌ ``ပါဠိသဒ္ဒါ နည်းပညာ၊ ဘာသာရေးပန်းခင်း´´အစရှိသော အဖြူရောင်ဂရုများလည်း ထွက်ပေါ်လာပါ တော့၏။ ထိုအဖြူရောင်ဂရုတို့တွင် ပါဠိသဒ္ဒါ နည်းပညာဂရုကို စာသင်ငယ်များသာ ဖြစ် တော်မူကြကုန်သော မော်ကျွန်းအရှင်တေဇိန္ဒ အရှင်ကုမာရ (ထုံးကြီး)တို့ ဦးဆောင်၍ အရိပ်စစ်၊ သဲကုန်းဦးဇင်းငယ် ဤသုံးပါးတို့ တိုင်ပင်ပြီး ထူထောင်တော်မူကြကုန်၏။ ဤဂရုကြီး အောင်မြင်ရေးအတွက် ဂရုကြီး၏ ခေတ်ဦးပိုင်းကာလတွင် ၁။ ဓမ္မရတိဆရာ တော်ကြီး ၂။ ဦးအဂ္ဂါစာရ ၃။ ကွိစိကွစ ၄။ ဘုန်းနန္ဒ ၅။ သျှင်သန္တ ၆။ ဦးမေဓာနန္ဒ အစရှိသော အရှင်မြတ်တို့သည် အားသွန်ခွန်စိုက် ကြိုးစား၍ ရေလောင်းတော်မူခဲ့ကြ ကုန်၏။ အထူးအားဖြင့် ဆတော်ကြီး"ဝိသံဝါ"၏ ပိစိကွေးတပည့်ကလေး ဖြစ်တော်မူသော ဓမ္မရတိဆရာတော်သည် ကျန်းမာရေး အလွန်ချို့တဲ့သည့်ကြားမှပင် ဤဂရုကြီးအောင်မြင်ရေးအတွက် တိတ်တဆိတ် ကြိုးစား၍ ဆောင်ရွက်တော်မူခဲ့ပါ၏။ ပါဠိတစ်ခေတ် ခေါင်းမော့ရေး၊ ဝိဂ္ဂဟနှင့်တကွ သဒ္ဒါဉာဏ်ရင့်သန်စေရေး အစရှိသော စေတနာများကား ဆရာတော်၏ ရင်၌ ဖွေးဖွေးလှုပ်နေသည် ဆရာတော်၏ စာများ၌ အထင်းသားဖူးတွေ့ကြည်ညိုနိုင်ပါ၏။ ဆရာတော်သည် အင်မတန် ပညာတော်လင့်ကစား မာန်မာနလည်း အလွန်နည်း၏။ ဓမ္မရတိဆရာတော်၏ ကြိုးစားမှုသာ မရှိခဲ့လျှင် ဤဂရုကြီးသည် အချိန်တိုတိုအတွင်းဤမျှ အောင်မြင်ခဲ့မည်ကား မဟုတ်ချေ။ တစ်နည်းအားဖြင့် ဆိုရသော် ပိဋကတ်အိုး ဗြန်းဗြန်းကွဲတော်မူသော "ဝိသံဝါ"၏ သွေးကြောင့်ပင်လျှင် ဤပါဠိဂရုကြီးသည် အချိန်တိုတိုအတွင်း ဤမျှလောက် တသုန်သုန်၊ တသွင်သွင်၊ တသိမ့်သိမ့် အောင်မြင်နေခြင်းပင် ဖြစ်ပါတော့၏။
လေသည် တသုန်သုန် တိုက်ခတ်နေပါ၏။ ရေသည် တသွင်သွင် စီးနေပါ၏။ ခေတ်ကြီးသည်လည်း တသိမ့်သိမ့် ပြောင်းလဲ၍ နေပါ၏။ တသုန်သုန် တိုက်ခတ်နေသော လေ၊ တသွင်သွင် စီးနေသော ရေ၊ တသိမ့်သိမ့် ပြောင်းလဲနေသော ခေတ်ကြီးတို့၏ အပေါ်၌ ဒေသဇယီ၊ ခေတ္တဇယီ၊ ကာလဇယီ ဖြစ်တော်မူကြကုန်သော ပုဂ္ဂိုလ်မြတ်ကြီးတို့သည်ကား တငြိမ့်ငြိမ့်ဖြင့် တည်ရှိတော်မူကြကုန်သည် သာတကား။ ယင်းပုဂ္ဂိုလ်သူမွန်တို့ကို နှောင်းလူဖြစ်ကုန်သော အကျွန်တို့သည်ကား ကြည်ညိုမဝ တသသ.. .
=============================
ဤစာစုဖြင့် ကျန်းမာရေး အတော်ပင် မကောင်းရှာဟု သိရသော ဓမ္မရတိ ဆရာ တော်ကြီးအား ပူဇော်ပါသည်ဘုရား။ ဆရာတော် ကျန်းမာရေး လျင်မြန်စွာ ပြန်ကောင်းလာပါစေဟုလည်း ဆုတောင်းပါသည်ဘုရား။
==============================
``ဝန်ခံချက်´´
တပည့်တော်သည် ၁။ ဗဟန်းဝိသုဒ္ဓါရုံကျောင်း တိုက်၌ တစ်ညမျှပင် မအိပ်ခဲ့ဘူးသလို တစ်နပ်မျှသော ဆွမ်းကိုလည်း မစားခဲ့ပါဘုရား ၂။ ဓမ္မရတိဆရာတော်ကို မမြင်ဘူးပါဘုရား။ ယုတ်စွအဆုံး ဆရာတော်၏ ဘွဲ့အမည်ရင်းမျှ ကိုပင် မသိပါဘုရား။ ထို့ကြောင့် ဤစာစုသည် အာဂမနသုဒ္ဓိ စာစုသာ ဖြစ်ပါသည်ဘုရား။
..............................................................
``အမှာ´´
ဆရာဆန်းနှင့် ဆရာပါကား အဘယာရာမ
ဆတော်ကြီးထံတော်၌ ခေတ္တမျှသာတည်း။
Sunday, October 6, 2019
"ဝိသံဝါသွေး ပိစိကွေး"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment