သဒ္ဒါသင်ကြားပို့ချချက်များ(၂)
သန္ဓိ (ပထမကဏ္ဍ)
သန္ဓိပိုင်းတွင် ကဏ္ဍငါးခုရှိသည့်အနက် ပထမကဏ္ဍမှ စတင်ဖော်ပြပါမည်။ ပို့ချက်ချက် (၁)သည် အခြေပြုမူလတန်း ဖြေဆိုမည့်သူများ, သဒ္ဒါ အခြေခံမရှိသူများအတွက် သိရုံသာ ဖော်ပြခဲ့ခြင်း ဖြစ်သော်လည်း ယခုမှစ၍ ဆွေးနွေးမည့် သုတ်များကို ပါဠိနှင့်အနက် ရရှိထားရန် လိုပါသည်။
သန္ဓိ - ပုဒ်နှစ်ပါးတို့၏ အကြားကို မမြင်မူ၍ ကောင်းစွာစပ်တတ်သောကြောင့် သန္ဓိမည်ပါသည်။ သန္ဓိပိုင်းတွင် အခန်း(၅)ခန်း၊ သုတ်ပေါင်း (၅၁)သုတ် ရှိပါသည်။ အနက်အဓိပ္ပါယ်ကို ပြတတ်သောကြောင့် သုတ်မည်ပါသည်။
ထိုသုတ်သည်-
(၁) သညာသုတ် - နာမည်ပေးသောသုတ်။
(၂) အဓိကာရသုတ် - ရှေ့သုတ်၊ နောက်သုတ်များသို့ လိုက်သောသုတ်။
(၃) ပရိဘာသာသုတ် - ညွှန်ပြသောသုတ်။
(၄) ဝိဓိသုတ် - ချေရမည်၊ ရဿပြုရမည်၊ ဒီဃပြုရမည် စသည် စီရင်သောသုတ် ဟူ၍ လေးမျိုးရှိပါသည်။
ဆောင်ပုဒ်-
၁။ သညာ အဓိကာ၊ ပရိဘာ တစ်ဖြာဝိဓိသုတ်၊
၂။ နာမည်မှည့်သော် သညာခေါ် လိုက်သော်အဓိကာ၊
၃။ တစ်နေရာ၌ ဆိုလိုက်ရုံဖြင့် လုံးစုံနှံ့စေ ဆိုအပ်ပေ ခေါ်လေပရိဘာ၊
၄။ စီရင်သည်ပင် ဝိဓိတွင် လေးအင်သုတ်အလာ၊
၅။ လောပါ-ဒေသ၊ အာဂမနှင့် ဒီဃရေဿ၊ ပတိသေဓ၊ ပစ္စယထည့် ဝိဘတ္တိ၊ ဝိဓိသုတ်ရှစ်ဖြာ။ (အခြေပြုသဒ္ဒါစာအုပ် စာမျက်နှာ-၂)
ယင်းသုတ်လေးမျိုးတို့တွင် ဝိဓိသုတ်(၈)မျိုးရှိပါသည်။ ပုံ(၁)ဖြင့် ဖော်ပြထားပါသည်။ သုတ်များ ပို့ချသောအခါ၌ နားလည်လာမည် ဖြစ်ပါသည်။ ယခု သန္ဓိပထမပိုင်း သုတ်များကို စတင်ဆွေးနွေးပါမည်။
၁။ "အတ္ထော အက္ခရသညာတော"
(အတ္ထော + အက္ခရသညာတော၊ ၂ပုဒ်)
အတ္ထော- အနက်ကို၊ အက္ခရသညာတော- အက္ခရာတို့ဖြင့်သာလျှင် ကောင်းစွာသိအပ်, မှတ်အပ်၏။
အထက်ပါ ပါဠိနှင့်အနက်ကို by heart ကြည့်ထားရန် လိုအပ်ပါသည်။ နောင်ပို့ချမည့်သုတ်များလည်း အလားတူဖြစ်ပါသည်။ အနက်ကို အက္ခရာတို့ဖြင့်သာ သိအပ်၏ဟု ညွှန်ပြထားသောကြောင့် ပရိဘာသာသုတ် ဖြစ်ပါသည်။
၂။ "အက္ခရာပါဒယော ဧကစတ္တာလီသံ"
(အက္ခရာ+အပိ+အာဒယော+ဧကစတ္တာလီသံ)
အက္ခရာအပိ- အက္ခရာတို့ မည်သည်လည်း၊ အာဒယော- အ အစရှိကုန်သော၊ ဧကစတ္တာလီသံ- လေးဆယ့်တစ်လုံးတည်း၊ အ အာ ဣ ဤ ဥ ဥု ဧ ဩ, က ခ ဂ ဃ င, စ ဆ ဇ စျ ည, ဋ ဌ ဍ ဎ ဏ, တ ထ ဒ ဓ န, ပ ဖ ဗ ဘ မ, ယ ရ လ ဝ သ ဟ ဠ အံ ဟူသည်တည်း။ (ပုံ- ၂)
အ အစရှိသော လေးဆယ့်တစ်လုံးသည် အက္ခရာမည်သည်ဟု အမည်ပေးသောကြောင့် သညာသုတ် ဖြစ်ပါသည်။ ဤ ၄၁ လုံးကို ဝဏ္ဏ ဟုလည်း ခေါ်နိုင်ပါသည်။
၃။ "တတ္ထော ဒန္တာ သရာ အဋ္ဌ"
(တတ္ထ+ ဩဒန္တာ+ သရာ+ အဋ္ဌ)
တတ္ထ- ထိုလေးဆယ့်တစ်လုံးသော အက္ခရာတို့တွင်၊ ဩဒန္တာ- ဩအဆုံးရှိကုန်သော၊ အဋ္ဌ- ရှစ်လုံးသော အက္ခရာတို့သည်၊ သရာ- သရတို့မည်၏။ အ အာ ဣ ဤ ဥ ဥု ဧ ဩ ဟူသည်တည်း။
သရရှစ်လုံးဟု အမည်ပေးသောကြောင့် သညာသုတ် ဖြစ်ပါသည်။
၄။ "လဟုမတ္တာ တယော ရဿာ"
(လဟုမတ္တာ+ တယော+ ရဿာ၊ သညာသုတ်)
တတ္ထ- ထိုရှစ်လုံးသော သရတို့တွင်၊ လဟုမတ္တာ- လျင်မြန်သော ရွတ်ရာကာလရှိကုန်သော၊ တယော- သုံးလုံးသော သရတို့သည်၊ ရဿ- ရဿတို့မည်၏။ အ ဣ ဥ ဟူသည်တည်း။
ရဿ သဒ္ဒါသည် အတိုဟူသော အနက်ကိုဟော၏။ ရွတ်ဆိုသည့်အခါ အချိန်နည်းနည်း တိုတိုဖြင့်ပြီး၏။ မျက်စိတစ်မှိတ်ခန့်သာ ကာလကြာ၏။ ထို မျက်စိတစ်မှိတ်ခန့်ကာလကို "၁မတြာ" ဟု ကျမ်းဂန်တို့၌ သုံးစွဲ၏။
၅။ "အေည ဒီဃာ"
(အညေ + ဒီဃာ၊ သညာသုတ်)
အညေ- ရဿမှတစ်ပါး ၅-လုံးသောသရတို့သည် ဒီဃာ- ဒီဃ တို့မည်၏။ အာ ဤ ဥု ဧ ဩ ဟူသည်တည်း။
ဒီဃ သဒ္ဒါသည် အရှည်ဟူသော အနက်ကိုဟော၏။ ရွတ်ဆိုသည့်အခါ မျက်စိနှစ်မှိတ်ခန့်ကာလ (၂မတြာ) ကြာမှပြီး၏။
၆။ "သေသာ ဗျဉ္ဇနာ"
(သေသာ+ ဗျဉ္ဇနာ၊ သညာသုတ်)
သေသာ- သရမှကြွင်းသော၊ ၃၃-လုံးသော အက္ခရာတို့သည်၊ ဗျဉ္ဇနာ- ဗျဉ်းတို့မည်၏။ က ခ ဂ ဃ င, စ ဆ ဇ စျ ည, ဋ ဌ ဍ ဎ ဏ, တ ထ ဒ ဓ န, ပ ဖ ဗ ဘ မ, ယ ရ လ ဝ သ ဟ ဠ အံ ဟူသည်တည်း။
ယခုထိ ဖော်ပြပြီးသော သုတ်များကို အနှစ်ချုပ်ကြည့်ပါက-
သုတ်၁။ အနက်ကို အက္ခရာတို့ဖြင့်သာ သိအပ်ကြောင်း၊
သုတ်၂။ အ အစ အံ အဆုံး ၄၁ လုံးတို့သည် အက္ခရာမည်ကြောင်း၊
သုတ် ၃။ ဩအဆုံးရှိသော အက္ခရာရှစ်လုံးတို့သည် သရမည်ကြောင်း၊
သုတ် ၄။ အ ဤ ဥ တို့သည် ရဿ သရ ဖြစ်ကြောင်း၊
သုတ် ၅။ ရဿမှတစ်ပါး ၅လုံးသော သရတို့သည် ဒီဃ သရ မည်ကြောင်း၊
သုတ် ၆။ သရမှကြွင်းသော အက္ခရာ ၃၃ လုံးတို့သည် ဗျည်းမည်ကြောင်း စသည်ဖြင့် သိရှိနိုင်ပါသည်။
Ref-
ကစ္စည်းသဒ္ဒါကြီး
အခြေပြုသဒ္ဒါ
သဒ္ဒါလက်ဆောင် စသည်တို့မှ ကိုးကားသည်ဖြစ်ရာ နောင်တွင် သီးခြား မဖော်ပြတော့ပါ။
နားမလည်သည်များ မေးမြန်းနိုင်ပါသည်။ ဦးသောင်းဒန် နှင့် ဦးရဲမင်းသူ ပူးပေါင်းပြုစုပါသည်။
No comments:
Post a Comment