Friday, October 18, 2019

ကိတ်ဝိဂြိုဟ်ပြုနည်း (အကျဉ်း) (၂)

ကိတ်ဝိဂြိုဟ်ပြုနည်း (အကျဉ်း) (၂)
================================
ပရမတ္ထကိတ်ပုဒ်များကို ဝိဂြိုဟ်ပြုနည်း
------------------------------------
ပရမတ္ထတရားဖြစ်သော ကိတ်ပုဒ်များကို ဝိဂြိုဟ်ပြုရာတွင် သာဓန (၃) မျိုးဖြင့်သာ ပြုရသည်။
၁။ ကတ္တုသာဓန
၂။ ကရဏသာဓန
၃။ ဘာဝသာဓန တို့ဖြစ်သည်။

၁။ ဘာကြောင့် ကတ္တုသာဓန?
အတ္တအယူဝါဒရှိသူတို့က အရာအားလုံးကို အတ္တကပြုလုပ်ဖန်တီးသည်ဟုဆို၏။ ထိုအတ္တကပြုလုပ်ဖန်တီးသည်ဟူသော အယူကို ပယ်ခြင်းအကျိုးငှာ၊ အတ္တက မပြုလုပ်၊ ဆိုင်ရာ ပရမတ္ထအရှိတရားက ပြုလုပ်သည်ဟု သိစေခြင်းအကျိုးငှာ ကတ္တုသာဓနဝိဂြိုဟ်ပြုရသည်။

ဥပမာ (၁)
ဖုသတီတိ ဖေဿာ။

ဖုသတိ-တွေ့ထိ၏။ ဣတိ-တသ္မာ-ထိုသို့တွေ့တတ်သောသတ္တိကြောင့်။ ဖေဿာ-ဖဿမည်၏။ ဖသော-တွေ့ထိတတ်ျသာ သဘောတရား။

ဖသောကား ကတ္တုသာဓနကိတ်ပုဒ်၊ ပုံလိင်၊ ပုရိသာဒိဂိုဏ်း၊ အကာရန္တ။

ဤဝိဂ္ဂဟအရ-
အတ္တက မတွေ့ထိတတ်၊ ဖဿကသာတွေ့ထိတတ်သည်ဟု ဆိုလိုသည်။

ဥပမာ (၂)
ဝိတက္ကေတီတိ ဝိတက္ကော။

ဝိတက္ကေတိ-ကြံစည်တတ်၏။ ဣတိ-တသ္မာ-ထိုသို့ကြံစည်တတ်သော သတ္တိကြောင့်။ ဝိတက္ကော-ဝိတက္ကမည်၏။ ဝိတက္ကော-ကြံစည်တတ်သော သဘောတရား။

ဝိတက္ကောကား ကတ္တုသာဓနကိတ်ပုဒ်၊ ပုံလိင်၊ ပုရိသာဒိဂိုဏ်း၊ အကာရန္တ။

ဤဝိဂ္ဂဟအရ-
အတ္တက မကြံစည်တတ်၊ ဝိတက်ကသာကြံစည်တတ်သည် ဟု ဆိုလိုသည်။

၂။ ဘာကြောင့် ကရဏသာဓန?
အတ္တအယူဝါဒရှိသူတို့က အတ္တဖြင့် သို့မဟုတ် အတ္တကြောင့် သတ္တဝါများက ပြုလုပ်ဖန်တီးရသည်ဟု အယူရှိ၏။ ထိုအတ္တဖြင့်/ကြောင့် သတ္တဝါများပြုလုပ်ဖန်တီးရသည်ဟူသော အယူကို ပယ်ခြင်းအကျိုးငှာ၊ အတ္တဖြင့်/ကြောင့် ပြုလုပ်သည် မဟုတ်၊ ဆိုင်ရာ ပရမတ္ထအရှိတရားကြောင့် ပြုလုပ်သည်ဟု သိစေခြင်းအကျိုးငှာ ကရဏသာဓနဝိဂ္ဂဟပြုရသည်။

ဥပမာ (၁)
ဖုသတိ ဧတေနာတိ ဖေဿာ။

ဧတေန-ဤသဘောတရားဖြင့်/ကြောင့်။ ဖုသတိ-တွေ့ထိ၏။ ဣတိ-တသ္မာ-ထိုသို့တွေ့ထိကြောင်း ဖြစ်သောကြောင့်။ ဖသော-ဖဿမည်၏။ ဖေဿာ-တွေ့ထိကြောင်း ဖြစ်သော သဘောတရား။

ဖသောကား ကရဏသာဓနကိတ်ပုဒ်၊ ပုံလိင်၊ ပုရိသာဒိဂိုဏ်း၊ အကာရန္တ။

ဤဝိဂ္ဂဟအရ-
အတ္တဖြင့်/ကြောင့် တွေ့ထိသည် မဟုတ်၊ ပရမတ္ထအရှိတရား ဖဿဖြင့်/ကြောင့်သာ တွေ့ထိသည်ဟု ဆိုလိုသည်။

ဥပမာ (၂)
ဝိတက္ကေတိ ဧတေနာတိ ဝိတက္ကော။

ဧတေန-ဣသဘောတရားဖြင့်/ကြောင့်။ ဝိတက္ကေတိ-ကြံစည်၏။ ဣတိ-တသ္မာ-ထိုသို့ကြံစည်ကြောင်းဖြစ်သော သတ္တိကြောင့်။ ဝိတက္ကော-ဝိတက္ကမည်၏။ ဝိတက္ကော-ကြံစည်ကြောင်းဖြစ်သော သဘောတရား။

ဝိတက္ကောကား ကရဏသာဓနကိတ်ပုဒ်၊ ပုံလိင်၊ ပုရိသာဒိဂိုဏ်း၊ အကာရန္တ။

ဤဝိဂ္ဂဟအရ-
အတ္တဖြင့်/ကြောင့် ကြံစည်သည်မဟုတ်၊ ပရမတ္ထအရှိတရား ဝိတက်ဖြင့်/ကြောင့်သာ ကြံစည်သည်ဟု ဆိုလိုသည်။

၃။ ဘာကြောင့် ဘာဝသာဓန?
ပရမတ္ထတရားတို့သည် ၎င်းတို့၏ သဘောတရားကို ဆောင်ရွက်ပြုလုပ်ခြင်းမျှသာ ဖြစ်သည်။ ကတ္တ၊ ကရဏသာဓနတို့ဖြင့် ဝိဂ္ဂဟပြုပြရခြင်းသည် အတ္တအယူဝါဒကို ပယ်ရန်သာဖြစ်သည်။

ဥပမာ (၁)
ဖုသီယတေ ဖေဿာ။
(ကိတ်ဖဿကို အာချာတ်ဖြင့် ဝိဂ္ဂဟပြုသည်)

ဖုသီယတေ-တွေ့ထိခြင်း။ ဖေဿာ-တွေ့ထိခြင်း။

ဖုသိတဗ္ဗံ ဖေဿာ။
ဖုသနီယံ ဖေဿာ။
ဖုသနံ ဖေဿာ။
(ကိတ်ဖဿကို ကိတ်ပုဒ်ဖြင့် ဝိဂ္ဂဟပြုသည်။ အနက်ကား အတူပင်)

ကျန်သော စိတ်၊ စေတသိက်များ၊ ရုပ်များကိုလည်း နည်းယူကာ လေ့ကျင့်ကြပါလေ။
စာမေးပွဲများ၌ ၎င်းတို့ကို အစိတ်ဝိဂ္ဂဟမေးလာပါက (၃) နည်းလုံးဖြေသင့်ပါသည်။
============

ပါဠိလေ့လာသူညီငယ်၊ ညီမငယ်အားလုံး
အောင်မြင်မှုများ ရရှိပြီး ပြည်တွင်းပြည်ပသာသနာပြုနိုင်ကြပါစေ။

ဤကောင်းမှုကြောင့်
ဤဘဝ ကိလေသာမကုန်သေးသော်
ဖြစ်လေရာဘဝတိုင်း
ဉာဏ်ပညာထက်မြတ်သော တိဟိတ်သူတော်စင်ပုဂ္ဂိုလ်ဖြစ်ရပါလို၏။

No comments:

Post a Comment