ဆရာသိန်းဖေမြင့်ပြောတဲ့ စာရေးနည်း
……………………………………………………
လေထီးဦးအုန်းမောင်ရဲ့ နှစ်ပေါင်းငါးဆယ်
ကြာသောအခါ စာအုပ်ထဲမှာ ဆရာသိန်း
ဖေမြင့်ရဲ့ ‘စာရေးနည်း’ ဆိုတဲ့ စာစုလေးကို
ဖတ်ရတော့ စာရေးနေတဲ့ကိုယ့်ရဲ့လုပ်ဖော်
ကိုင်ဖက်တွေကိုလည်း မျှဝေချင်တာနဲ့
ရေးတင်ပေးလိုက်ပါတယ်။
လေထီးဦးအုန်းမောင်က ဆရာသိန်းဖေမြင့်
သင်ကြားတဲ့ သင်တန်းမှာ သူကိုယ်တိုင် မှတ်စုလိုက်ထားတဲ့ စာရေးနည်းလေးပါ။
‘ကိုသိန်းဖေ၏ စာရေးနည်းဟောပြောချက်’ မှာ-
၁။ စာရေးတာ ရှင်းရမည်။
ငါ ရေးတဲ့စာ လူအများ နားလည်ရမည်ဆို
သော ရည်ရွယ်ချက်ထားရမည်။ လူထုနား
လည်အောင် ရေးရမည်။ မြတ်စွာဘုရားသည်ပင် လူထုနာလည်သောစကားနှင့် တရားဟောခဲ့သည်။ ဘုရားလက်ထက်က သက္ကတဘာသာ(Sanscrit) မင်းပုဏ္ဏာ၊ သူဌေး၊
ပန်ဒစ် (Pandit) စသော အထက်တန်းစားများ သုံးသည့် ဘာသာစကားဖြစ်၍ သာမန်ရိုးရိုးလူတန်းစားက ပရာကရစ်ဘာသာစကားကို သုံးသည်။ မြတ်စွာဘုရားသည် လူထုနား
လည်အောင် လူထုဘာသာစကားဖြစ်သော
ပရာကစ်(Prakarit)ဘာသာစကားကို သုံးသည်။
၂။ အကြောင်းအရာနှင့် စကား
စာရေးသည့်အခါ အကြောင်းအရာအတွက်
စကားလုံးရှာရမည်။ စကားလုံးအတွက်
အကြောင်းအရာ မရှာရ။
(Word for content, not content for words)
ဥပမာ- ရှိပြီးသား မိန်းမတစ်ယောက်အပေါ်မှာ အကြောင်းပြု၍ အဝတ်တန်ဆာရှာပြီး ဆင်
ပေးရမည်။ ဒါမှ မိန်းမနှင့်တော်သည့် အဝတ်အစားအဆင်အသွေးကို ရှာနိုင်မည်။ အဝတ်အစားရှာပြီးမှ မိန်းမရှာလျှင် မိန်းမနှင့် အဝတ်အစား မလိုက်တာကို တွေ့ရမည်။
စာရေးရာမှာလည်း ရေးမည့်အကြောင်းအရာကို စီစဉ်ပြီးမှ စကားလုံးရှာရမည်။ ကိုယ်တော်မှန်း၊ တတ်မှန်း၊ ဗဟုသုတရှိမှန်း လူတွေသိစေချင်သည့်သဘောဖြင့် မဆိုင်ဘဲနှင့် စာထဲမှာ ထည့်မရေးရ။ တောအကြောင်းရေး နေရာက တောင်ကြီးကို ထည့်မရေးရ။
၃။ အစီအစဉ် ရှိရမည်။
စာရေးမည်ဟု ကလောင်တံကိုင်ပြီး စဉ်းစား
လိုက်သည့်အခါ ဖြစ်ကတတ်ဆန်း အစီအစဉ်မရှိ ပေါ်လာတတ်သည်။ ထန်းပင်အကြောင်းစဉ်းစားလိုက်သည့်အခါ ထန်းပင်နှင့် ပတ်
သက်သော ထန်းရည်သောက်တာ၊ ထန်းရေ
သောက်ပြီး မူးနေသောသူ၊ အိမ်တစ်အိမ်တွင် ထန်းပလပ်ကို ကုလားထိုင် လုပ်ကိုင်တာ
စသဖြင့် အစီအစဉ်မရှိ ပေါ်လာတတ်သည်။
ပထမ ကိုယ့်စိတ်ထဲတွင် ပေါ်လာသမျှခေါင်း
စဉ်(မာတိကာ)အတိုကလေးတွေနှင့် အကုန်
ရေးထား၊ မှတ်ပြီး ပိုနေတာတွေ၊ မလိုတာတွေ၊ မသက်ဆိုင်တာတွေ ဖြုတ်ပစ်၊ ကျန်ရစ်ခဲ့တာ
တွေကို နံပတ်စဉ်ပြီး အစဉ်လိုက် ပြန်ရေး။
အစီအစဉ်ရှိရမည်။ ဟိုရောက်သည်ရောက် မရောက်ရ။ ဥပမာ-ခေါင်းမှ ခြေထောက်အထိ အစဉ်လိုက်တစ်ခုစီရေး၊ ခေါင်းမှ ခြေ၊ ခြေပြီး ဗိုက်၊ လက် စသည်တို့ဖြင့် ကမောက်ကမ
မရေးရ။
၄။ ထူးသော အကြောင်းကလေးများကို
ရေးတတ်ရမည်။
ရေးနေကျ၊ ဖြစ်နေကျ အကြောင်းကလေးများကို ပျင်းရိငြီးငွေ့ဖွယ်ကောင်းအောင် မရေးရ။ ထူးပြီး ခပ်ဆန်းဆန်းရေးရမည်။ ဖြစ်ကတတ်ဆန်းပေါ့ပေါ့ဆဆ မရေးရ။ သူများသိသည့်အကြောင်းပင် ဖြစ်လင့်ကစား ကိုယ်ကထူးပြီး ရေးတတ်ရမည်။
ဥပမာ-ကျီးအကြောင်းရေးသည့်အခါ ကျီး
သည် မည်းသည်၊ ကျီးအာသည် စသဖြင့် ရိုးရိုးကြီး မရေးရ။ ကျီးသည် သန့်ပြန့်သည်။ လူများလို ရေမချိုး မျက်နှာ မသစ်နိုင်သော်လည်း မျက်ချေးများကို လက်နှင့် ကုတ်ပြီး မျက်နှာ
သစ်ပုံကို ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးနိုင်ရ
မည်။
၅။ ဥပမာပေးခြင်း
ကိုယ်ပေးတဲ့ ဥပမာက အကြောင်းအရာကို အထောက်အပံ့ဖြစ်စေရမည်။ သနားစရာနေရာမှာ ပို၍သနားအောင်၊ မုန်းစရာနေရာမှာ ပို၍မုန်းအောင် ဥပမာပေးရမည်။ ဆီလျော်
အောင် ဥပမာပေးရမည်။ နားလည်ပြီးသား
ရှင်းပြီးသားကို ဥပမာ မပေးရ။
ဝမ်းနည်းစရာကို ပို၍ ဝမ်းနည်းသွားအောင် ဥပမာ ပေးတတ်ရမည်။ ဝမ်းနည်းစရာကို ရယ်စရာဖြစ်သွားအောင် ဥပမာ မပေးရ။ ဥပမာ-
ချစ်သူနှစ်ဦး ခွဲခွာခါနီးတွင် ဟင်္သာမောင်နှံခွဲခါနီးကဲ့သို့ သနားသွားအောင် ဥပမာပေးရမည်။ မျောက်နှစ်ကောင် ခွဲခွာခါနီးကဲ့သို့သော ရယ်စရာဥပမာမျိုးသွားမပေးရ။
မပေါ်လွင်သော ဥပမာ မပေးရ။ သင်္ဘောစီးရတာ စွတ်ဖားကြီးစီးရသလိုဘဲဆိုလျှင် စွတ်ဖား
မြင်ဖူး၊ မစီးဖူးသူတို့အတွက် ထိုဥပမာသည်
ပေါ်လွင်မှု မရှိချေ။
ရာမနှင့်သီတာ ဥပမာပေးကြပုံ၊ သီတာက လသာတာကို ချီးမွမ်းရာ ရာမက မိုးပေါ်က
လထက် ရေထဲမှာ ပေါ်နေတဲ့လက ပိုလှဟု
ပြော။ သီတာက ရေထဲကလထက် မောင်ဘုရား မျက်လုံးထဲမှာပေါ်နေတဲ့လက
ပိုလှတယ်ဟုပြောပုံ။
ရေချိုးကြသည့်အခါ သီတာက ရာမကို လိုက်ဖမ်းရန်ပြောရာ ရာမက ကြာထဲကကြာကိုရှာလို့ ဘယ်ရပါ့မလဲဟု ပြောပုံ၊ ဤနေရာ၌ ငါးခုံးမကို ဖမ်းလို့ ဘယ်ရနိုင်မလဲဟု ဥပမာပေး
လိုက်လျှင် အရုပ်ဆိုးသွားမည်။
၆။ စကား ရွေးတတ်ရမည်။
စကားရွေးတဲ့အခါ အကြောင်းနှင့် ဆီလျှော်ရ
မည်။ ကောင်းကင်ညိုသည်ဟု ရေးသည်
ထက် ညိုမှောင်နေသည်။ ညို့မှိုင်းနေသည်ဟုရေးက ပို၍ကောင်းသည်။ ကောင်းသော
မျက်နှာဟု ပြောသည်ထက် လှပသော
မျက်နှာဟု ရေးက ပိုကောင်း၏။
၇။ ဝါကျ တို-ရှည်
သူ့နေရာနှင့်သူ ဝါကျအတိုအရှည် ရေးတတ်ရမည်။ တိုသင့်သည့်နေရာတွင် တို၍ ရှည်သင့်သည့်နေရာတွင် ရှည်ရမည်။ ဦးဖိုးကျား၊
သိပံ္ပမောင်ဝတို့သည် ဝါကျတိုသမားများ
ဖြစ်သည်။
ဒိုင်ယာရီရေးလျှင် တိုတိုတုတ်တုတ်ရေးက ပို၍ကောင်းသည်။
ဥပမာ ရုပ်ရှင်ကဲ့သို့ ထိုးခန်းကြိတ်ခန်းရိုက်
လျှင် မြန်မြန်ရိုက်မှ ကြမ်းသည့်အမှုအရာ
ပေါ်မည်။ လွမ်းခန်းဆွေး ခန်းများတွင်မှု
မြန်မြန်မရိုက်ရ။ ခပ်ဖြည်းဖြည်း မျက်နှာ
ကလေးကို ဆွဲရိုက်ခြင်း၊ လမ်းလျှောက်ပုံ
ကလေးကို ဆွဲရိုက်ခြင်း၊ မျက်ရည်စက်ကလေးများ တဖြည်းဖြည်းကျခြင်း၊ ရုပ်ရှင်တွင်
မျက်ရည်ကျသည်ကို ရိုက်သည့်အခါ
ခပ်မြန်မြန်ကျသည်ကို မရိုက်။ တစ်လုံးချင်း တဖြည်းဖြည်းကျသည်ကို ရိုက်သည်။
ဤဥပမာကဲ့သို့ပင် နေရာနှင့်လိုက်၍
တိုရရှည်ရမည်။
ဤကား ကိုသိန်းဖေ(မြင့်)၏ စာရေးနည်း
ဟောပြောချက်ကို ကျွန်တော်(လေထီး
ဦးအုန်းမောင်)၏ မှတ်စုထဲမှ
ကောက်နုတ်ဖော်ပြလိုက်ခြင်းဖြစ်သည်။ ။
#သိန်းဖေမြင့်
#ponaka
No comments:
Post a Comment