ဣတိဝုတ္တကပါဠိတော် သုခပတ္ထနာသုတ်မှ ကောက်နှုတ်ဝေမျှ ဓမ္မဒါန 🙏
သီလံ ရက္ခေယျ မေဓာဝီ,
ပတ္ထယာနော တယော သုခေ၊
ပသံသံ ဝိတ္တလာဘဉ္စ,
ပေစ္စ သဂ္ဂေ ပမောဒနံ။
ချီးမွမ်းခြင်းကို လည်းကောင်း၊ စည်းစိမ်ဥစ္စာရခြင်းကို လည်းကောင်း၊ တမလွန်ဘဝဝယ် နတ်ပြည်၌ ဝမ်းမြောက်ဝမ်းသာ လားရောက်ရခြင်းကိုလည်းကောင်း ဤချမ်းသာခြင်း၏ အကြောင်းသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။
အကရောန္တောပိ စေ ပါပံ, ကရောန္တမုပသေဝတိ၊
သင်္ကိယော ဟောတိ ပါပသ္မိံ,
အဝဏ္ဏော စဿ ရူဟတိ။
မကောင်းမှုကို (မိမိ)မပြုသော်လည်း မကောင်းမှုပြုသူကို မှီဝဲဆည်းကပ်မူ “ဤသူသည် မကောင်းမှုကို ပြုမူလည်းပြုအပ်ပြီ၊ ပြုမူလည်းပြုလတ္တံ့” ဤသို့ မကောင်းမှု၌ ယုံမှားခံရ၏၊ မကောင်းသတင်း ကျော်စောခြင်းသည်လည်း (စွပ်စွဲကဲ့ရဲ့ခြင်းသည်လည်း) မကောင်းမှုပြုသူကို မှီဝဲသော ထိုသူ့အပေါ်သို့ ရောက်၏။
ယာဒိသံ ကုရုတေ မိတ္တံ,
ယာဒိသံ စူပသေဝတိ၊
သ ဝေ တာဒိသကော ဟောတိ, သဟဝါသော ဟိ တာဒိသော။
အကြင်သူသည် အကြင် ကောင်း မကောင်း သဘောရှိသောသူကို အဆွေခင်ပွန်းပြု၍ မှီဝဲဆည်းကပ်၏၊ ထိုသူသည် ထိုကောင်း မကောင်းရှိသူသာ ဖြစ်၏၊ မှန်၏၊ အတူတကွ ပေါင်းဖော်နေထိုင်သူသည် ထိုအတူတကွ နေထိုင်သူနှင့် တူသော သဘောရှိသည်သာ ဖြစ်၏။
(အကြင့်ကြောင့် အတူတကွ ပေါင်းဖော်နေထိုင်သူသည် ထိုအတူတကွ နေထိုင်သူနှင့် တူသော သဘောရှိသည်သာ ဖြစ်၏။ ထို့ကြောင့် မကောင်းသော ယုတ်မာသောသူကို မှီဝဲခြင်းကို မပြုအပ်ပေ။)
သေဝမာနော သေဝမာနံ,
သမ္ဖုဋ္ဌော သမ္ဖုသံ ပရံ၊
သရော ဒိဒ္ဓေါ ကလာပံဝ, အလိတ္တမုပလိမ္ပတိ၊
ဥပလေပဘယာ ဓီရော,
နေဝ ပါပသခါ သိယာ။
အဆိပ်ဖြင့် လိမ်းကျံအပ်သော မြှားကျည်တောက်၌တည်သော အဆိပ်လူးမြားသည် အဆိပ် မလိမ်းကျံသေးသော မိမိသည်တွေ့ထိအပ်သော မြှားအပေါင်းရှိသော မြှားကျည်တောက်ကို မိမိအဆိပ်ဖြင့် လိမ်းကျံကူးစက်သကဲ့သို့ မှီဝဲဆည်းကပ်ခံရသူ သူယုတ်မာသည် မိမိသို့ မှီဝဲဆည်း ကပ်လာသူ သူတော်ကောင်းကို မိမိ၏ ယုတ်မာမှုဖြင့် လိမ်းကျံ ကူးစက်၏၊အတူတကွ ပေါင်းသင်းဆက်ဆံ လက်ခံသူ သူယုတ်မာသည် မိမိသို့ ပေါင်းသင်းဆက်ဆံလာသူ သူတော်ကောင်းကို မိမိယုတ်မာမှုဖြင့် လိမ်းကျံ ကူးစက်၏၊ ပညာရှိသည် ဤသို့ ယုတ်မာမှုဖြင့် လိမ်းကျံ ကူးစက်ခြင်းမှ ကြောက်သောကြောင့် ယုတ်မာသော အဆွေခင်ပွန်း ရှိသူမဖြစ်ရာ။
ပူတိမစ္ဆံ ကုသဂ္ဂေန,
ယော နရော ဥပနယှတိ၊
ကုသာပိ ပူတိ ဝါယန္တိ,
ဧဝံ ဗာလူပသေဝနာ။
အကြင်သူသည် ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်၏၊ ထိုသူ၏ သမန်းမြက်တို့သည် မပုပ်ကုန်သော်လည်း ပုပ်သောငါးနှင့်စပ်သဖြင့် ပုပ်သောအနံ့ရှိသည်ဖြစ်၍ လှိုင်ကုန်သကဲ့သို့ သူမိုက်ကိုမှီဝဲခြင်းသည် ဤအတူ အပုပ်နံ့လှိုင်ကုန်၏၊(ဤသို့သဘောရှိသော ဥပမာနှင့် ပြည့်စုံခြင်းရှိ၏။)
တဂရဉ္စ ပလာသေန, ယော နရော ဥပနယှတိ၊
ပတ္တာပိ သုရဘိ ဝါယန္တိ, ဧဝံ ဓီရူပသေဝနာ။
အကြင်သူသည် ပေါက်ရွက်ဖြင့် တောင်ဇလပ်ပန်းကို ထုပ်၏၊ ထိုသူ၏ ပေါက်ရွက်တို့သည် အနံ့မရှိကုန်သော်လည်း မွှေးသော ကောင်းသော တောင်ဇလပ်ပန်းနှင့်စပ်သဖြင့် အမွှေးနံ့ လှိုင်ကုန်သကဲ့သို့ ပညာရှိကို မှီဝဲသူတို့သည် ဤအတူ အမွှေးနံ့ လှိုင်ကုန်၏။ (ဤသို့သဘောရှိသော ဥပမာနှင့် ပြည့်စုံခြင်းရှိ၏။)
တသ္မာ ပတ္တပုဋေဿဝ ,
ဉတွာ သမ္ပာကမတ္တနော၊
အသေႏၲ နုပေသေဝယ်,
သန္တေ သေဝေယျ ပဏ္ဍိတော၊
အသန္တော နိရယံ နေန္တိ,
သန္တော ပါပေန္တိ သုဂ္ဂတိံ။
အကြင့်ကြောင့် သူယုတ်မာကိုမှီဝဲဆည်းကပ်ခြင်း သူတော်ကောင်းကိုမှီဝဲဆည်းကပ်ခြင်း၏ ဤသို့သဘောရှိကုန်သော အကျိုး အပြစ်ရှိကုန်သည် ဖြစ်ကုန်၏။ ထို့ကြောင့် ဖက်ရွက်ထုပ်ကဲ့သို့ မိမိကောင်းကျိုး မကောင်းကျိုးကို သိ၍ ပညာရှိသည် သူယုတ်မာတို့ကို မမှီဝဲရာ၊ သူတော်ကောင်းတို့ကိုသာ မှီဝဲရာ၏၊သူယုတ်မာတို့သည် ငရဲသို့ ဆောင်တတ်ကုန်၏၊သူတော်ကောင်းတို့သည် နတ်ပြည်သို့ ရောက်စေတတ်ကုန်၏။
အရှင်ခေမိန္ဒ ၂၀၁၅။
No comments:
Post a Comment