"အခြေခံပါဠိဘာသာဖြင့်ဖြေဆိုနည်း"(၁၂)
*နိယမ-အနိယမဝါကျရေးနည်း--
နိယမ အနိယမဝါကျရေးရာ၌
ယ-ပါသောဝါကျကို
အနိယမ (မသတ်မှတ်ရသေးသော)
ဝါကျဟုမှတ်ပြီး တ-စသည်ပါသော ဝါကျကို
နိယမ (သတ်မှတ်ထားပြီးသော) ဝါကျဟုမှတ်ပါ။
ဝါကျတစ်ခုတွင်
အနိယမဝါကျပါလျင်
နိယမဝါကျလည်း
ပါရမည် ဖြစ်သည်။မပါက ထည့်အနက်ပေးရမည်။
ယေဘုယျအားဖြင့် အနိယမသည် ရှေ့ကနေပြီး
အချို့နောက်ကလည်း ရှိနေတတ်သည်။
နိယမဖြစ်စေ၊အနိယမဖြစ်စေ
စွဲရာအနက်ကို ထည့်ပေးရသည် မှတ်ပါ။
အောက်ပါ ပုံစံကို ကြည့်ပါ
(က)ယော ပုရိသော အာဂစ္ဆတိ၊တံ ပေသေဟိ။
(ခ)ယော အာဂစ္ဆတိ၊တံ ပုရိသံ ပေသေဟိ။
(က)ယော ပုရိသော၊အကြင်ယောက်င်္ကျားသည်၊
အာဂစ္ဆတိ၊လာ၏။တံ ပုရိသံ၊ထိုယောက်င်္ကျားကို၊
ပေသေဟိ၊စေလွှတ်လိုက်လော့။
(ခ)ယော၊အကြင်ယောက်င်္ကျားသည်၊အာဂစ္ဆတိ၊လာ၏။
တံ ပုရိသံ၊ထိုယောက်င်္ကျားကို၊ပေသေဟိ၊စေလွှတ်လိုက်
လော့။
မှတ်ချက်-
အနက်ပေးသော အခါ အစွဲမျှော်၍ အနက်ပေး
ထားသည်ကို သတိပြုပါ။
ယ-အကြင်၊
ယ သဒ္ဒါသည်
မသတ်မှတ်ရသေးသော အနက်ကို ထွန်းပြသည်။
အနက်ပေးသော အခါ "အကြင်"ပြန်ဆိုရသည်။
တ-ထို၊
တ သဒ္ဒါသည် မျက်ကွယ်ရှိအရာကို ထွန်းပြသည်
အနက်ပြန်ဆိုသောအခါ"ထို"ဟုပြန်ဆိုရသည်။
ဧတ-ဤ၊
ဧတ သဒ္ဒါသည်
အနီးရှိအရာကို ထွန်းပြသည်။
အနက်ပေးသောအခါ"ဤ"ဟုပြန်ဆိုရသည်၊
ဣမ-ဤ၊
ဣမ သဒ္ဒါသည်
ထိုထက်အလွန်နီးသော အရာကိုထွန်းပြသည်။
အမု-ထို။
အမုသဒ္ဒါသည်
အလွန်ဝေးသော နေရာကို ထွန်းပြသည်။
ယော နှင့် ယာဒိသော ယတ္ထကော
သော နှင့် တာဒိသော
ဣမ နှင့် ဤဒိသော ဧတ္ထကော အနက်တူဖြစ်၍
ပါဠိလို ဖွင့်ဆိုရာ၌ ပရိယာယ်ပြောင်း၍ဖွင့်ဆိုနိုင်၏။
န သဒ္ဒါ၊မာသဒ္ဒါ အသုံးပြုနည်း--
န သဒ္ဒါသည် ပဋိက္ခေပ (ပယ်မြစ်ခြင်း) အနက်ဟောသည်။
အနက်ပြန်ဆိုသည့် အခါ
မစား၊မသွား၊မလုပ်၊မပြော၊မနေ၊စသည်ပြန်ဆိုပါ။
ယင်း န သဒ္ဒါကို ဝါကျ၏ အစမှာသော်၎င်း
ကြိယာ၏ ရှေ့မှာသော်၎င်း ထားပါ။အဆင်ပြေသည်သာ။
*အောက်ပါပုံစံကို လေ့လာကြည့်ပါ။
နာဟံ ဂစ္ဆာမိ။
အဟံ နဂစ္ဆာမိ။
မာ- သဒ္ဒါသည် ပဋိသေဓ တားမြစ်ခြင်း၊တားဆီးပြစ်ပယ်
ခြင်း၊အနက်ကိုဟောသည်။
အနက်ပြန်ဆိုသည့် အခါ
မလုပ်နှင့်၊မစားနှင့်၊မသွားနှင့်၊မပြောနှင့် စသည်အနက်ပြန်ဆိုပါ။
ဝါကျ၌ အာလုပ်၊နိပါတ် များပါလျင် ကြိယာ၏ရှေ့၌ထားပါ
တစ်ချို့လည်း မထားပဲ နေနိုင်သည်။
အဓိက အားဖြင့် ဝါကျအနေထားကိုကြည့်၍
မာသဒ္ဒါကို ထားကြည့်ပါလေ။
မာ သဒ္ဒါကို အသုံးပြုသောအခါ
ဟိယျတ္တနီ အဇ္ဇတ္တနီ ပဉ္စမီ ဝိဘတ်များကို အသုံးပြုပါ။
အောက်ပါ ဝါကျကို ကြည့်ပါ။
မာ တွံ ဂါမံ ဂစ္ဆာဟိ။
ဂါမံ သာမဏေရ မာဂစ္ဆ။
မာ ဂမာ။
မာ ဝစာ။
မာ ဂမီ။
မာ ဝစီ စသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment